မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေးကြီး မီးလောင်မ

moesatrainMay 27, 20101min390

မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲ ဝန်းကျင်အချိန် ခန့်တွင်
စတုတ္ထထပ်မှ စတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါဖြစ်စဉ်ကို မေလ ၂၅ ရက်နေ့ နံနက် ၄
နာရီခွဲဝန်းကျင်၌ မီးညွန့်အား ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း
စုံစမ်းသိရှိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရန်ကုန်မြို့နှင့် ပဲခူးတိုင်းတို့မှ မီးသတ်ယာဉ် အစီး ၇ဝ ဝန်းကျင်နှင့် မီးသတ်အင်အား ၁၅၀ဝ ကျော်တို့ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

” ဒီမီးလောင်ကျွမ်းမှုကို ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ တော်တော်လေး ခက်ခက်ခဲခဲ မီးထိန်းခဲ့ရပါတယ်။ မေလ ၂၄ ရက်နေ့ မွန်းလဲ ၁ နာရီလောက်မှာ
စတုတ္ထထပ်ပဲ လောင်စဉ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီလို့ ယူဆခဲ့တယ်။ ဒါပေမယ့်
မီးက ဆက်လောင်ပြီး အပေါ်ထပ်ကို ကူးသွားပါတယ်။ အပေါ်ထပ်မှာက
စားသောက်ဆိုင်တွေ၊ အထည်ဂိုဒေါင်၊ ဆေးဂိုဒေါင်တွေနဲ့ ဂက်စ်အိုးတွေ၊
ဆိုဖာခုံတွေဆီကို မီးကကူးသွားတော့ ၆ နာရီ ၁၅ မိနစ် ဝန်းကျင်အချိန်မှာ
မီးကတော်တော်လေး မီးညွန့်ပြန်အရှိန်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ စတုတ္ထထပ်မှာ
မီးငြိမ်းနေတဲ့ မီးသတ်တပ်ဖွဲ့ တွေတောင် စိုးရိမ်ရလို့အောက်ကို
အားလုံးပြေးဆင်းခဲ့ရပါတယ်။ စတုတ္ထထပ်မှာတုန်းက ဆိုင်ခန်းတွေက တစ်ခန်းကို (၅)
ပေပတ်လည်ပဲရှိရမယ့် ဟာကို သူတို့တွေက လူသွားလမ်းတွေ အထိပါ
တိုးချဲ့ထားတာတွေ့ရတယ်။ ဆိုင်ခန်းတစ်ခန်းနဲ့ တစ်ခန်းမှာ အလူမီနီယံ
တံခါးတွေနဲ့ ကာထားတော့ ကျွန်တော်တို့ မီးသတ်တဲ့အခါမှာ ရေက
တစ်ဖက်ဆိုင်တွေကို ထိုးမဖောက်ခဲ့ဘူး။ လူသွားလမ်းတွေမှာလည်း
အထုပ်အထုပ်ကြီးတွေ၊ ပစ္စည်းတွေကို ထားရှိတော့ ဝင်ထွက်ဖို့ တော်တော်လေး
ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ည ၁၁ နာရီခွဲလောက်မှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ
စတုတ္ထထပ်ရဲ့တချို့ အခန်းတွေကို ဝင်ခွင့်ရလို့ တော်တော်လေး
အခြေအနေကောင်းခဲ့တယ်။ နံနက် ၄ နာရီခွဲ ဝန်းကျင်မှာ
မီးညွန့်ကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်”ဟု မီးသပ်တပ်ဖွဲ့ဝင်တစ်ဦးက
ပြောကြားခဲ့သည်။

မင်္ဂလာဈေးမီးလောင်မှုမှာ မီးညွန့်အား ထိန်းသိမ်းနိုင်ရန်အတွက် အချိန် နာရီ ၂ဝ ဝန်းကျင် ကြာမြင့်ခဲ့သည့်အတွက် အဆိုပါကြာမြင့်ခဲ့ သည့်အချိန်မှာ မြန်မာတစ်နိုင်ငံလုံးတွင်
မီးလောင်ကျွမ်းမှု ဖြစ်စဉ်များအနက် အချိန်အကြာဆုံး
မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရှိရသည်။

Mingalar Market Burning

Mingalar Market Burning

အဆိုပါ မီးလောင်မှုမှာ မင်္ဂလာဈေး စတုတ္ထထပ်ဆိုင်အမှတ်မှ ဝါယာရှော့ခ်ဖြစ်ပြီး စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

နံနက် ၉ နာရီခွဲအချိန် ဝန်းကျင်ခန့် တွင် မင်္ဂလာဈေးစတုတ္ထထပ် ခေါင်မိုးပေါ်တွင် ပိတ်မိခဲ့သော လူ ၁၁ ဦးအား သက်ဆိုင်ရာမီးသတ် တပ်ဖွဲ့မှ အသက်ကယ်လှေခါးဖြင့်
ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှုမှာ ညနေ သုံး နာရီခွဲဝန်းကျင်အထိ ဆက်လက်လောင်ကျွမ်းလျက် ရှိကြောင်းသိရှိရသည်။

လောင်ကျွမ်းလျက်ရှိသော စတုတ္ထထပ်၌ ဆေးပစ္စည်း အရောင်းဆိုင်အများစု ပါဝင်ပြီး အလှကုန် ပစ္စည်းအရောင်းဆိုင်နှင့် စာရေးကိရိ ယာ အရောင်းဆိုင်များ ရှိကြောင်း သိရသည်။

ဆေးပစ္စည်းများကို လောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် မီးခိုငွေ့များကြောင့် မီးငြှိမ်းသတ်နေစဉ် အတွင်း မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူအချို့ သတိလစ်မေ့မျောခြင်း အချို့ရှိခဲ့သော်လည်း လူအသေအပျောက်
မရှိခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာဈေးသွေးလှူရှင်များ အဖွဲ့မှ အဖွဲ့သားတစ်ဦးက ”အခု လောင်ကျွမ်းနေတဲ့ စတုတ္ထထပ်က ဆေးပစ္စည်း အဓိကရောင်းချရာ အထပ် ဖြစ်ပါတယ်။ မင်္ဂလာဈေးက တစ်နိုင်ငံလုံးရဲ့ ဆေးပစ္စည်း
ရောင်းဝယ်ရာ ဗဟိုဖြစ်ပါတယ်။ မြန်မာ တစ်နိုင်ငံလုံး ဆေးဈေးကွက်ရဲ့ရာခိုင်
နှုန်း ၇ဝ လောက်က ဒီဈေးကနေ ဖြန့်ချိနေတာ ဖြစ်ပါတယ်။ ဒီဈေးမှာ
ရောင်းချနေတဲ့ တချို့ကင်ဆာဆေးတွေ၊ အိတ်ချ်အိုင်ဗီ နဲ့သက်ဆိုင်တဲ့ဆေးဝါးတွေ
စတဲ့ တန်ဖိုးကြီးဆေးဝါးတွေ ပါဝင်ပါတယ်။ တချို့ ကင်ဆာဆေး ထိုးဆေးတွေဆိုရင်
ဆေးတစ်လုံးထဲနဲ့ သိန်းဂဏန်းအထိ တန်ဖိုးရှိတဲ့ ဆေးတွေပါဝင်ပါတယ်” ဟု
ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းနေသည့် စတုတ္ထထပ်၌ ဆေးပစ္စည်း၊ အလှကုန် ပစ္စည်းနှင့် စာရေးကိရိယာပစ္စည်း အဓိကရောင်းချပြီး တတိယထပ်၌ စားသောက်ကုန်ကို အဓိကရောင်းချသည်။ ဒုတိယထပ်၌ ထီး၊ ဖိနပ်၊
လူသုံးကုန်ပစ္စည်းနှင့် ပထမထပ်နှင့် မြေညီထပ်၌ အထည်အလိပ် ပစ္စည်းများကို
အဓိကရောင်းချကြောင်း သိရှိရသည်။

မင်္ဂလာဈေး ဒုတိယထပ်မှ စာရေးကိရိယာဆိုင်မှ တာဝန်ရှိသူတစ်ဦးက ”နံနက် ၈း၄ဝ လောက်မှာ ကျွန်မတို့ အထပ်ကိုလာပြီး မီးလောင်တဲ့အကြောင်း အသံချဲ့စက်နဲ့ လာအော်တယ်။
မီးလောင်ကြောင်း ကျွန်မတို့အချိန်မီ သိပေမယ့် ဘာပစ္စည်း မှ
သယ်ချိန်မရလိုက်ဘူး။ ပစ္စည်းတွေ အကုန်လုံးကို သော့ခတ်ပြီး
အကုန်လုံးထားခဲ့ရတယ်။ ကျွန်မလို ဆိုင်အများစုလည်း ပစ္စည်းအတော်များများကို
သယ်ချိန်မရလိုက်ဘူး။ မြေညီထပ်မှာရှိတဲ့ အထည်အလိပ် ပစ္စည်းတွေလောက်ပဲ
သယ်ချိန်ရလိုက်တယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ မင်္ဂလာဈေးကို ၁၉၉ရ ခုနှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့ပြီး မီးလောင်ကျွမ်းလျက်ရှိသည့် စတုတ္ထထပ်၌ အခန်းပေါင်း ၇၉ဝ ကျော်နှင့် မင်္ဂလာဈေးတစ်ခုလုံး၌ ဆိုင်ခန်းစုစု
ပေါင်း ၄၀၀ဝ ဝန်းကျင်ရှိကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ ရတနာပုံဈေး၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်ဈေးကြီး နှင့် ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်းဈေးနှင့် မင်္ဂလာဈေးကြီးတို့မှာ ဈေး
ပိတ်ချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဈေးလုံခြုံရေး
စနစ်မှာ ယခုထက် ပိုမိုစနစ်တကျရှိစေရန် လိုအပ်လာကြောင်း ကျွမ်းကျင်သူများက
ပြောကြားခဲ့သည်။

၂၀၁ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလကုန် အထိ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှုဖြစ်စဉ် (၁၅၈) ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ် စာရင်းများအရ
ရန်ကုန်တိုင်းတွင် မီးလောင်မှု အများဆုံးဖြစ်ခဲ့ပြီး ဒုတိယ အများဆုံးမှာ
မန္တလေးတိုင်း၊ တတိ ယအများဆုံးမှာ ပဲခူးတိုင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ”အခုအချိန်မှာ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းအရာတွေအများစုက
လျှပ်စစ်ဝါယာ ရှော့ကြောင့်ရယ်၊ ပေါ့ဆမီးကြောင့်ရယ် ဖြစ်ပါတယ်။
လျှပ်စစ်မီးဆိုတာကလည်း တကယ်တန်းပြောရရင် လူတွေရဲ့ပေါ့ဆမှုကြောင့် ဖြစ်ရတဲ့
မီးပါပဲ။ လျှပ်စစ်မီးကြောင့် မီးလောင်မှုဖြစ်တဲ့နေရာမှာ အရည်အသွေးညံ့တဲ့
လျှပ်စစ်ပစ္စည်းများ သုံးစွဲကြလို့ ဖြစ်ကြပါတယ်။ လျှပ်စစ်ပစ္စည်းဆိုတာ
သူ့သက်တမ်းရှိသလောက်ပဲ ခံနိုင်ရည်ရှိတာမျိုး ဖြစ်ပါတယ်။ ဟောင်းနွမ်းပြီး
ပျက်စီးမှုရှိ ရင် လဲသင့်ပါတယ်။ ဒါတွေကို လူတွေက ပေါ့ပေါ့လေးထားပြီး
သုံးစွဲနေကြလို့ မီးလောင်မှုဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မေလ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မင်္ဂလာဈေး အပေါ်ဆုံးထပ်မှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို မီးသတ်များမှ ငြှိမ်းသတ်နေစဉ်
အဆောက်အဦး အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့သော်လည်း လူသေဆုံးမှု
မဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ နံနက် ၈နာရီ ၁၅ ဝန်းကျင်၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂နာရီခွဲအချိန်ထိ မီးငြိမ်းသွားခြင်း မရှိသေးကြောင်း သိရှိရသည်။

မီးလောင်မှုကို ငြှိမ်းသတ်နေစဉ် အဆောက်အဦးအချို့ အက်ကွဲမှုများဖြစ်ခြင်း၊ ပြိုကျမှုများဖြစ်ခြင်းနှင့် ပတ်သက်၍ ”အတွင်းထဲက မီးတွေက
တော်တော်လေးပြင်းပါတယ်။ အဲဒါကြောင့် မီးအရှိန်တွေနဲ့ မှန်တွေကွဲတယ်။
အုတ်နံရံတွေ ပြိုကျခဲ့တယ်။ ဒါပေမယ့် ပြိုကျတဲ့နေရာမှာ လူတွေ လုံးဝမရှိလို့
ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ လုံးဝမဖြစ်ခဲ့ပါဘူး”ဟု တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်။