အလုပ်သွားခါနီးမှ ဆိုင်ကယ်ကို ကမန်းကတန်းထုတ်ပြီး ထွက်လိုက်တာ ဆိုင်ကယ်က ဘီးပေါက်နေတယ်၊ ဘီးဖာနေရင် အလုပ်နောက်ကျတော့မယ်၊ ဘတ်စ်ကားစီးပြီးပဲသွားတော့မယ်ဆိုပြီး လမ်းထိပ်ဘက်ထွက်ပြီး ဘတ်စ်ကားစီးလိုက်တယ်၊ ကားပေါ်ရောက်ပြီးမကြာခင်မှာပဲ လူတစ်ယောက် ကားပေါ်တက်လာတယ်၊ ဂျာကင်အထူကြီးဝတ်ထားတယ်၊ Nike သိုးမွေးဦးထုတ်ကိုဆောင်းထားတာကိုတွေ့တော့ အဲ့ဒီလူကို ကျမသတိထားပြီးကြည့်မိတယ်၊ လူကလည်း ခပ်၀၀ပါပဲ၊ ဆိုက်ဂိုက်ကတော့ အပြည့်ပေါ့၊ ကျမနဲ့ တစ်ယောက်ကျော်မှာ ၀င်ထိုင်တယ်၊ ခဏနေတော့ ဟိုဘက်မှာ အမျိုးသမီးနှစ်ယောက် တက်လာပါတယ်၊ အသက် ၅၀ အရွယ်လောက်ပေါ့၊ အဲ့ဒီအန်တီတို့က နယ်ကလာပုံပါပဲ၊ ရတနာပုံဈေးဆင်းမယ်လို့ လက်မှတ်ဖြတ်ပါတယ်၊ ခဏနေတော့ အဲ့ဒီအန်တီနှစ်ယောက် ထိုင်တဲ့ဘေးက တစ်ယောက်ဆင်းသွားပါတယ်၊ ဆင်းသွားတဲ့နေရာမှာ သူ့ကိုယ်လုံး မဆန့်တာကို ဇွတ်အတင်းတိုးထိုင်ပါတယ်၊ ကျမနဲ့ မျက်နှာချင်းဆိုင်ပေါ့၊ ကျမလည်း အဲ့ဒီလူကို ကြည့်ပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်နေတာနဲ့ သူ့ကို သေချာကြည့်မိတယ်၊ သူ့ပုံစံက ခပ်တည်တည်ပါပဲ၊ အဲ့ဒီ အန်တီနှစ်ယောက်ကို သူက နှုတ်တောင်ဆက်လိုက်သေးတယ်၊ ပြီးတော့ သူ့လက်ထဲက ဖိုင်တွဲနဲ့ သူ့လက်ကို ကွယ်ထားတယ်၊ ကျမလည်း သေချာပြူးပြဲကြည့်တာပေါ့၊ အဲ့ဒီအချိန်မှာ ဘေးက အန်တီရဲ့အိတ်ကို သူ့ဖိုင်တွဲနဲ့ ကွယ်ပြီး နှိုက်လိုက်တယ်၊ ဘေးက အန်တီက မသိဘူး၊ အဲ့ဒီအချိန် ကားကလဲ ကျမဆင်းရမယ့် ရတနာပုံဈေးမှတ်တိုင်ရောက်နေပြီလေ အဲ့ဒီအန်တီနှစ်ယောက်က အရင်ဆင်းသွားတယ်၊ ကျမက ပြောဖို့လိုက်တော့ ဟိုလူက ကျမနဲ့ အန်တီနှစ်ယောက်ကြားကို အတင်းတိုးဝင်ပြီး သူ့ဓါးကိုလည်း ထုတ်ပြတယ်၊ ဘာပဲဖြစ်ဖြစ် ကျမပြောမယ်လုပ်နေတုန်းရှိသေး၊ အဲ့ဒီလူက အန်တီနှစ်ယောက်နောက်ကို လိုက်သလိုလုပ်ပြီး အောက်ကိုဆင်းတယ်၊ ကျမလည်း ကားအောက်ဆင်းလိုက်ရင်ပဲ ကားကထွက်သွားတယ်၊ အဲ့ဒီအချိန်မှာ အဲ့ဒီလူက ကားပေါ်ကို ခုန်တက်သွားတယ်၊ အန်တီနှစ်ယောက်လည်း သူ့ တို့ပိုက်ဆံ ပါသွားမှန်းသိတော့ ချက်ချင်း ကားကို ရပ်ခိုင်းတယ်၊ ဘေးနားက လူတွေကလည်း ကားကိုရပ်ဖို့ ၀ိုင်းအော်ကြတယ်၊ ဒါပေမယ့် ကားသမားက လုံးဝရပ်မပေးပါဘူး၊ ကားနံပါတ်မှတ်ဖို့ကို ကျမကလည်းမေ့သွားတယ်၊ ဖြစ်သွားတဲ့ အဖြစ်အပျက်ကမြန်လွန်းသလို ကိုယ်တိုင်လည်း ခါးပိုက်နှိုက်ကို တခါမှ မမြင်ဘူးလို့ အခုလို တွေ့လိုက်ရတော့ အံ့သြတာရော၊ ဟုတ်လားမဟုတ်လား ဝေခွဲနေတာရော၊ သူက ဓါးထုတ်ပြတဲ့အချိန် အန်တီကြီးတွေနှစ်ယောက်က ကျမတို့ ပိုက်ဆံ သုံးသိန်းပါသွားပီ ခါးပိုက်နှိုက်လို့အော်တဲ့အချိန်မှာ ကျမ ဘာမှမလုပ်မပေးနိုင်ခဲ့တဲ့အတွက် နောင်တရလို့မဆုံး၊ ခါးပိုက်နှိုက်လို့ ပြောဖို့ပြင်ဆင်ထားတာတွေဟာ သူဓါးထုတ်ပြတာကို ကြောက်မိတဲ့စိတ်ကြောင့် ပြည်သူထဲက ပြည်သူတယောက်ဖြစ်ပြီး အချောင်သမားကို ဖမ်းမပေးနိုင်လေခြင်းဆိုပြီး တွေးလိုက်တိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတော့တယ်၊ အဲ့လိုပျော့ညံ့မှု့တွေကြောင့် ကျမနောင်တခဏခဏ ရနေတဲ့သူဖြစ်ရပါတော့တယ်………..

About yaungchikha

has written 16 post in this Website..