ဘယ်ချိန် ကံအကျိုးပေးသလဲ

မေး။ ။ ဘုန်းဘုန်း တပည့်တော်မ စာရေးလိုက်ပါတယ်ဘုရား။ မနက်မိုးလင်းတော့ တရားနာပါတယ်ဘုရား။ အရှင်ဆန္ဒာဓိကရဲ့တရားတော်ကိုနာပါတယ်ဘုရား။ အခု တပည့်တော်မလည်း ဘုန်းဘုန်းနဲ့တွေ့ပြီးတဲ့ အချိန်ကစပြီး စိတ်တွေမမွန်းကျပ်တော့ဘူးဘုရား။ ဘုန်းဘုန်းကိုကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်မလည်း ကိုယ့်ဘဝရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကြိုးစားနေပါတယ်ဘုရား။

ဘုန်းဘုန်ုးကိုမသိတာလေး မေးပါဦးမယ်ဘုရား။ လူတစ်ယောက်ပေါ့။ သူက နွားတို့ဆိတ်တို့ သတ်တဲ့စနေဒိုင်ပေါ့။ သူသေသွားတော့ သူဟာ လူဝင်စားဖြစ်တယ်တဲ့။ ကောင်းကောင်းမွန်မွန်ပဲ သူဌေးသားဖြစ်နေတယ်တဲ့။ ဟိုဘဝက အကုသိုလ်လုပ်ခဲ့ပေမဲ့ နောင်ဘဝမှာကောင်း စားနေတယ်။ နောက်လူတစ်ယောက်က ဘုရားတရားကိုင်းရှိုင်းတယ်။ ကောင်းမှု့ကုသိုလ်တွေပဲ အမြဲလုပ်တယ်။ ဒါပေမဲ့ သူသေတော့ ခွေးဝင်စားဖြစ်တယ်တဲ့။ လူအများ အိမ်ကနှင်ထုတ်ခံရတဲ့ ခွေးဖြစ်သွားတယ်တဲ့။ တပည့်တော်ဆိုလိုတာကတော့ အဲဒီလူနှစ်ယောက် ရဲ့နောက်ဆုံးအချိန်ကွာခြားချက်ကဘာလဲဘုရား။ တပည့်တော်မရှင်းပါဘူးဘုရား။ ဖြေရှင်းပြပါဘုရား။ ရိုသေစွာဖြင့် ဘုန်းဘုန်းရဲ့တပည့်မ ခင်သန္တာ၊ ရန်ကုန်

ဖြေ။ ။ အဲဒီလိုအကျိုးပေး ကွာခြားချက်မှုများကို ကံ(၄)ပါးနဲ့ ယှဉ်ကြည့်ရင် သိပါလိမ့်မယ်။ ကံ(၄)ပါးကား (၁) မျက်မှောက်ဘဝတွင် အကျိုးပေးသာကံ၊ (၂) ဒုတိယဘဝမှ အကျိုးပေးသောကံ၊ (၃) တတိယဘဝမှစပြီး နောက်ဆုံးနိဗ္ဗာန်ရသည့် ဘဝတိုင်အောင် အခွင့်သာတိုင်း အကျိုးပေးသောကံ၊ (၄) အကျိုးပေးရမည့်ကာလ၌ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားသော ကံဆိုပြီး ကံလေးမျိုးရှိပါတယ်။ အဲဒီတော့ မိမိလုပ်တဲ့ ကောင်းမှုမကောင်းမှုဟာ ဘယ်အချိန်ဘယ်ဘဝမှာ အကျိုးပေးမယ်ဆိုတာ သေချာပြောလို့မရပါဘူး။ မရေတွက်နိုင်တဲ့ ဘဝပေါင်းများစွာက မိမိပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံတွေကလည်း မိမိမှာ ရှိနေတယ်လေ။

နောက်ပြီး ကံအပြား(၄)ပါးဆိုတာလည်း ရှိပါသေးတယ်။ ကံအပြား(၄)ပါးကတော့ (၁) ပဋိသန္ဓေတည်ရုံ ပဋိသန္ဓေတည်ပြီး ဖြစ်ရမည့်ဘဝမှာ ဆက်လက်ဖြစ်အောင် ဖြစ်စေတတ်သောပဝတ္တိကံ။ (၂) ဖြစ်လာတဲ့ဘဝမှာ နောက်ကနေ ကောင်းကျိုးမကောင်းကျိုးကို ထောက်ပံ့ပေးသောကံ။ (၃) ကပ်၍နှိပ်စက်တတ်သောကံ။ ဥပမာ-လူအဖြစ်ကိုရပါသော်လည်း အမျိုးယုတ်ခြင်း၊ အင်္ဂါမစုံခြင်းစသောကံ။ (၄) ကပ်၍ဖြစ်တတ်သောကံ။ ဥပမာ-သက်တမ်းမကုန်ဘဲ ရောဂါနဲ့ဖြစ်စေ တစ်ခုခုသောအကြောင်းကြောင့်ဖြစ်စေ သေရခြင်းစသည်ကံဆိုပြီး ကံအပြားလေးမျိုးလည်း ရှိပါတယ်။ အဲဒီတော့ မိမိရဲ့ ကောင်းကံမကောင်းကံဟာ ဘယ်လိုချိန်မှာ ဘယ်လိုတွေ အကျိုးပေးမယ်ဆိုတာ ပြောလို့မရပေ။

ဒါပြင် ကောင်းကံမကောင်းကံ အကျိုးပေးကွဲပြားခြားနားရတဲ့ ကံအပြား(၄)ပါး ရှိပါသေးတယ်။ အဲဒါတွေကတော့ (၁) အမိသတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကိုသတ်ခြင်း၊ မြတ်စွာဘုရား ကို သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း၊ သံဃာတော်အချင်းချင်း ကွဲပြားအောင်လုပ်ခြင်းဆိုတဲ့ ဂရုကံကိုလုပ်ခြင်း။ (၂) သေခါနီးကာလ၌ကပ်ပြီး ပြုလုပ်အပ်သော ကောင်းကံမကောင်းကံနှင့် သေခါနီး အာရုံထဲ၌ မိမိလုပ်ခဲ့သော ကောင်းကံမကောင်းကံတို့ စိတ်ထဲပေါ်လာခြင်း။ (၃) နေ့စဉ်မပြတ် လေ့ကျင့်ပြုလုပ်လေ့ရှိသော တစ်ကြိမ်တစ်ခါပင် ပြုလုပ်မိသော်လည်း စိတ်ထဲမှာ အမြဲစွဲနေသော ကောင်းကံမကောင်းကံ။ (၄) ရှေးရှေးဘဝက ပြုခဲ့ဖူးသောကံဆိုပြီး ကံလေးပါးရှိပါသေးတယ်။

ဒါကြောင့် မိမိတို့လုပ်ခဲ့တဲ့ ကောင်းကံမကောင်းများဟာ မရေတွက်နိုင်တဲ့ ဘဝပေါင်းများစွာက ပြုလုပ်ခဲ့သော ကံများရှိသလို ယခုမျက်မှောက်နေ့စဉ် ပြုလုပ်နေတဲ့ ကံများစွာလည်း ရှိနေသည်မို့ ကံတရားဟာ ဒီဘဝမှာ ကောင်းတာဖြစ်ပေမဲ့ နောက်ဘဝမှာ ကောင်းတာဆက်ဖြစ်မယ်လို့ မပြောနိုင်ပါဘူး။ အရင်ဘဝတွေကလုပ်ခဲ့တဲ့ ကံများစွာကလည်း အကျိုးပေးဖို့ ကျန်နေတာဖြစ်တဲ့အတွက် ခုချိန်ကံကောင်းနေပေမဲ့ တော်ကြာ ကံဆိုးချင် ဆိုးပါတယ်။

အရိယာမဖြစ်သေးတဲ့ ပုထုဇဉ်များဟာ ဘဝပေါင်းများစွာက ပြုလုပ်ခဲ့တဲ့ ကောင်းကံ မကောင်းကံတို့ ရောနှောနေသေးလို့ ယခုဘဝတွင် ကောင်းတာလုပ်သော်လည်း နောက်ဘဝ တွင် ကောင်းတဲ့ဘုံမှာဖြစ်ပြီး ကောင်းကျိုးများကို ခံစားရမည်ဟု သေချာမပြောနိုင်သလို ယခုဘဝတွင် မကောင်းတာများလုပ်လို့ နောက်ဘဝမှာ မကောင်းသောဘုံမှာဖြစ်ပြီး မကောင်းကျိုးများကို ခံစားရမည်ဟုလည်း သေချာမပြောနိုင်ပေ။ ယခုဘဝတွင် ကောင်းမှုလုပ်တာများသော်လည်း တချို့သူများဟာ သေခါနီးကာလတွင် မကောင်းမှုအနည်းငယ်လေး အာရုံထဲပေါ်လာတက်ပြီး မကောင်းတဲ့ဘုံမှာ မကောင်းကျိုးကို ခံစားရတတ်သလို တချို့ကျတော့ မကောင်းမှုလုပ်တာများသော်လည်း သေခါနီးတွင် မိမိလုပ်ခဲ့တဲ့ကောင်းမှုအနည်းငယ်ကို အာရုံထဲပေါ်လာပြီး ကောင်းတဲ့ဘုံမှာ ကောင်းကျိုးများကို ခံစားရတာလည်း ရှိတတ်ပါတယ်။

ယခုဘဝတွင် ကောင်းမှုများသော်လည်း အရင်အရင်ဘဝပေါင်းများစွာက မကောင်းမှုများရှိနေသေးပါက အရင်ဘဝပြုလုပ်ခဲ့တဲ့ ဝဋ်ကြွေးများကို ဆပ်ရန်ကျန်သေးသည့်အတွက် မကောင်းသောဘုံမှာ မကောင်းကျိုးကို ခံစားရပါတယ်။ ဒါကြောင့် အရိယာမဖြစ်သေးတဲ့ ပုထုဇဉ်တို့ရဲ့ဘဝဟာ လားရာဂတိမသေချာပေ။

အရေးကြီးသည်မှာ မိမိတို့ သေခါနီးအချိန်တွင် အဓိကကျနေတာကြောင့် မိမိတို့စိတ်ထဲတွင် ကောင်းမှု ကုသိုလ်များ အမြဲစွဲနေအောင် နေ့စဉ်မပြတ်ပြုလုပ်နေဖို့ အရေးကြီးပါတယ်။ အဲဒီလို မိမိတို့က နေ့စဉ်မပြတ်ကောင်းမှုများ ပြုလုပ်လေ့ကျင့်ပေးနေမယ်ဆိုရင် ဒီစိတ်လေးကိုပဲ သေခါနီးမှာလည်း စွဲနေမိမှာသေချာတာမို့ ကောင်းတဲ့ဘုံမှာဖြစ်ပြီး ကောင်းကျိုးများ ခံစားရပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ဟာ ကောင်းမှုများနေ့စဉ်မပြတ် ပြုလုပ်နေဖို့သာ အဓိကကျပါတယ်။ မိမိခွန်းအား၊ ဉာဏ်အား၊ ငွေအားများနဲ့ စိတ်ပါလက်ပါပြုလုပ်ခဲ့တဲ့ကောင်းမှုကို အဓိကထားပြီး စိတ်ထဲမှာ အမြဲအောက်မေ့နေပေးပါ။ အဲဒီလို မိမိစိတ်တွင် ကောင်းမှုများပြည့်နေမယ်ဆိုရင် အရင်ဘဝတွေက မကောင်းမှုများခဲ့ရင်လည်း ယခုမျက်မှောက်ဘဝတွင် မိမိမှာ ကောင်းမှုများနေလို့ မကောင်းမှုများဟာ ကောင်းမှုများသာ ဆက်တိုက်အကျိုးပေးနေသည့်အတွက် အကျိုးပေးခွင့် မရဘဲ ပျောက်ပျက်သွားနိုင်ပါတယ်။

ဒါကြောင့် မိမိတို့ဟာ ယခုလို လူ့ဘဝမှာကောင်းမှုမကောင်းမှုကို ခွဲခြားတက်တဲ့ အသိဉာဏ်ရှိနေချိန်တွင် ကောင်းမှုများ နေ့စဉ်မပြတ်ပြုလုပ်ရန် အခါကောင်းရောက်နေချိန်မို့ မကောင်းမှုများတက်နိုင်သမျှရှောင်ကြဉ်ပြီး ကောင်းမှုများနဲ့ မွေ့လျော်နိုင်အောင် ကြိုးစားနိုင်ကြပါစေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

4 comments

  • ssa

    December 23, 2011 at 12:44 pm

    တပည့်တော်ဝင်ရောက်နာယူမှတ်သားသွားပါတယ်ဘုရား..

  • kotun winlatt

    December 23, 2011 at 1:06 pm

    တင်ပါ့ဘုရားးးး
    မှတ်သားသွားပါတယ်..ဘုရားးး။

  • Shwe Tike Soe

    December 23, 2011 at 2:04 pm

    သာဓု သာဓု သာဓု ပါဘုရား နာယူမှတ်သားသွားပါတယ်.. နောက်လဲ ဆက်လက် ညွှန်ပြပေးတော်မူပါအုံးဘုရား

  • tt lay

    December 23, 2011 at 2:56 pm

    ဖတ်ရှု နာယူ မှတ်သားသွားပါတယ်ဘုရား။

Leave a Reply