အဲဒီမနက်က….

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဝေလီဝေလင်းအချိန်.. မိုးဖွဲလေးတွေကလည်း ကားလမ်းမကြီးပေါ်မှာ တဖျောက်ဖျောက်ရွာနေလေရဲ့.. လမ်းမီးတိုင်မရှိပေမဲ့ မကြာခင်မှာ အာရုံဦးအလင်းရောင်ကို မြင်တော့မှာမို့… နို့ပုံးတင်လာတဲ့ စက်ဘီးကို ခပ်မြန်မြန်လေးနင်းလိုက်မိတယ်… လေတိုက်တိုင်း လန်သွားတက်တဲ့ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းရင်း… နင်းအလာ…

ကျွီ….. !    ဒုန်း….. အား…..

 

ကတ္တရာလမ်းမကို…. ကားဘီးတာရာ ပွတ်တိုက်သံနှင့်အတူ… ကျွန်တော် ခန္ဒာကိုယ်မြောက်တက်သွားတယ်…. ပြီးတော့ပြန်ကျလာတယ်… ခေါင်းထဲမှာပူကနဲ… သွေးရူးသွေးတန်းနဲ့ ပြန်ထမယ်အလုပ်… အရုပ်ကြိုးပျက် ပြန်လဲကျသွားတယ်.. ပြီးတော့ ကျွန်တော် မျက်လုံးတွေပြာလာပြီး.. အမှောင်.. …. မှောင်သွားလိုက်တာ.. ကျွန်တော် ဘာမှမသိတော့ပါဘူး……

 

အခန်း(၂)


၂၀၀၃ ခုနှစ် နွေရာသီကာလ…

လက်ပံပွင့်တွေ ကြွေကြတတ်တဲ့… အညာနွေ နေ့ခင်းအချိန်မှာ အရှေ့ဘက်ဘုန်းကြီးကျောင်းဆီသို့ ဥိးတည်နေတဲ့ ရွာလမ်းမကြီးရဲ့ အလည်တည့်တည့်မှနေ….. အလောတကြီးပြေးလာတဲ့ ၁၃နှစ်သား ကောင်လေးတစ်ယောက်… ဘောင်းဘီကို စွပ်ကြယ်လေးနဲ့ သူ့ရဲ့ မျက်နှာမှာလဲ… ချွေးတလိတ်လိတ်… တကိုယ်လုံး လည်း ဖုံတွေပေလို့… သူ့ရဲ့ညာဘက်လက်ထဲမှာတော့ ငွေစက္ကူ တစ်ထောင်တန် သုံးရွက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလေရဲ့…သူ့ရဲ့ မျက်နှာပေါ်မှာတော့ ၀မ်းသာတဲ့ အပြုံးတွေနဲ့ မမောမပန်း ရွာဦးက ဘုန်းကြီးကျောင်းဆီကို ဦးတည်ပြေးနေလေရဲ့….. အညာလေပူတချက်အဝှေ့မှာ တမာရွက်ခြောက်တွေ လေထဲမှာ ၀ဲသွားပါတော့တယ်….

“ အဘွား….   အဘွား….. ဟောဟဲ

အဘွား သားပြန်လာပြီဗျ…’’

နေ့ဆွမ်းစားပြီးချိန်မို့ ရွာဦးကျောင်းက သံဃာတော်တွေက.. ရွာဦးစေတီလေးမှာ တရားထိုင်သူထိုင်.. ပုတီးစိတ်သူစိတ်နဲ့ အနားယူနေတဲ့ အချိန်ဖြစ်တာကြောင့် ကျောင်းမှာတော့ ကျောင်းသားလေး နှစ်ယောက်နဲ့ အသက် ၈၀ ကျော် ဒကာမကြီးတယောက်သာ ရှိပေမဲ့ ဆွမ်းစားဆောင်မှာ သိမ်းဆည်းဆေးကြောနေတဲ့ ဘွားမြကြင်က….

“ ဟဲ့ ဘယ်သူတုန်း… မိုးကောင်းလားဟေ့ ’’

လို့ ဘွားမြကျင် အသံပြုလိုက်တယ်ဆိုရင်ပဲ……

အမောတကြီး ပြေးဝင်လာတဲ့ မိုးကောင်းက

“ အဘွားရယ် လိုက်ရှာလိုက်ရတာ… ရော့ ဒီမှာ ငွေသုံးထောင်

သားအလုပ်ရပြီဗျ…. အဘွားကို လုပ်ကျွေးခွင့်ရပြီဗျ… ’’

သူ့မြေးပေးသော ပိုက်ဆံကို မယူသေးဘဲ…. ဘွားကြင်က

“ မိုးကောင်း ဒီလောက် ပိုက်ဆံ အများကြီးရအောင် နင်က ဘာအလုပ်လုပ်မှာမို့လဲ

ငါ့ကို မလိမ်နဲ့နော်…. မှန်မှန်ပြောစမ်း  ’’

ဒီတော့မှ အဘွားဘေးနား ဒူးတုပ်ထိုင်လိုက်ပြီး…

“ အဘွားရယ် သားကိုယုံပါ… သားမဟုတ်တာ ဘာမှ မလုပ်ပါဘူး အခုဟာက ကိုထွန်းမင်းတို့က ရန်ကုန်မှာ လက်ဖက်ရည်ဆိုင် ဖွင့်မယ်.. အဲဒိမှာ ကျွန်တော်က စားပွဲထိုးလုပ်ရမှာ.. စရိတ်ငြိမ်း တစ်လကို သုံးထောင်ပေးမယ်တဲ့ အဘွားရဲ့… ရော့ယူပါ ဒါသားရဲ့ ပထမဦးဆုံးလုပ်ခ… ’’   ဟု အတင်းထိုးပေးပြီး ပြေးဆင်းသွားသော သူ့မြေးရဲ့အနောက်ကိုကြည့်ရင်း…

“ သြော် ငါ့မြေးလေး ကံက ဆိုးပါလားနော် ဒီအရွယ်ဆိုတာ စာသင်စာကျက်ရမယ့် အရွယ်.. အခုတော့ ကိုယ့်ရပ်၊ ကိုယ့်နေရာ မဟုတ်တဲ့ ရန်ကုန်အထိ အလုပ်သွားလုပ်ရမှာ.. ၀န်နဲ့ အားနဲ့ မမျှလိုက်တာ မြေးလေးရယ် ’’

ဘွားကြင်မျက်ဝန်းထဲမှာ မျက်ရည်တွေက.. ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော.. ပိုက်ဆံပေါ်ကို ထပ်ပြီး စီးဆင်းနေပါတယ်… အနောက်ဘက်က ခြေသံကြားတော့မှ.. မျက်ရည်ကို ငုံ့သုတ်ပြီး .. လှမ်းကြည့်လိုက်တော့ ကျောင်းထိုင်ဆရာတော်…

“ ဒကာမကြီး ဘာလို့ငိုနေတာလဲ .. စောစောက ဘုန်းကြီး မိုးကောင်းအသံလည်း ကြားလိုက်ပါတယ်  ’’

“ တင်ပါ့ ဘုန်းဘုန်း ’’ ဟုဆိုပြီး ဘွားကြင်က ဆရာတော်ကို ရှင်းပြလျှောက်တင်လိုက်ပါတယ်.. ဒီတော့မှ ဆရာတော်က

“ သြော်.. ဒကာမကြီးရယ် ဒါဟာကောင်းသတင်းပဲ ဒကာမကြီးလဲ အသက်ကြီးပြီလေ ဒီကလေး ဒီရွာမှာနေရင်လည်း စာမတတ် ပေမတတ်နဲ့ အနှိမ်ခံရမဲ့ အတူ မြို့မှာဆိုတော့ သူ့အတွက် အမြင်ကြယ်တာပေါ့… နောက်ပြီး တစိမ်းတွေနဲ့မှ မဟုတ်တာ တရွာတည်းသားချင်းတွေ အလုပ်အတူတူ လုပ်ရမှာဆိုတော့ ကောင်းပါတယ်…. ဒီကလေးကို ရွာထိတ်က ဇရပ်မှာ စတွေ့ကတည်းက ကိုယ့်မြေးအရင်းလို ပြုစုစောင့်ရှောက်လာတာ ကဲ.. အခု ၁၃ နှစ်တောင် ရှိပြီ.. ဒကာမကြီး ကျန်းမာရေးနဲ့ နောင်ဘ၀အတွက် လုပ်ဖို့ ကျန်သေးတယ် ဘုန်းကြီးပြောတာ နားလည်လား….’’

ဒီတော့မှ စီးကျလာတဲ့ မျက်ရည်ကို သုတ်ရင်း လက်အုပ်လေးချီပြီး..

“ တင်ပါ့ ဘုရား တပည့်တော် နားလည်ပါပြီ ’’

“ အေး ကောင်းတယ် သံသရာဆိုတာလည်နေမှာပဲ အဲဒိလှည့်နေတဲ့ သံသရာထဲက ရုန်းထွက်ဖို့ ထွက်ပေါက်ကတော့ နိဗာန်တစ်ခုဘဲ ရှိတယ်… မမေ့ မလျော့နဲ့ ရတနာသုံးပါးကို ဆည်းကပ်ကွဲ့…’’

“ တင်ပါ့ ဘုရား…. ’’

ဒေါ်ဘွားကြင် အဝေးကြီးကို ကြည့်နေမိတယ်… လက်ပံပွင့်တွေ တမာပင်က ကြွေကြနေတဲ့ တမာရွက်ခြောက်တွေ… အညာဒေသရဲ့ အငွေ့… ဘယ်နေရာကြည့်ကြည့် စိမ်းစိမ်း စိုစို မမြင်ရ.. ဘွားကြင်ရဲ့ မျက်နှာကို ဝေ့ပြီး တိုက်ခက်လာတဲ့ လေပူနဲ့ အတူ.. ကျစ်ကျစ်ပါအောင် စုတ်ကိုင်ထားတဲ့ ငွေစက္ကူ သုံးထောင်ဆီကို မျက်ရည်တွေ ခုန်ဆင်းသွားပြန်တယ်…..

 

အခန်း(၃)

 

ရန်ကုန်မြို့ နံနက်ခင်း….

ဝေလီဝေလင်း ဆိုတာနဲ့ ဆိုင်ရှင်မိန်းမကြီးရဲ့ အော်ငေါက်သံနဲ့အတူ ကျွန်တော်တို့ စားပွဲထိုးလေး သုံးယောက် အိပ်ယာထ.. မျက်နှာသစ်.. ရေနွေးအိုးတည်သူကတည်.. စားပွဲခုံခင်းသူကခင်း… ပန်းကန်ဆေးသူကဆေးနဲ့… လက်ဖက်ရည်ဆိုင် မဖွင့်မှီ နေ့တိုင်းပြုလုပ်နေရတဲ့ အလုပ်တွေပါ.. ရောက်ခါစတော့ ခက်ခဲပေမယ့် တစ်နှစ်ပြည့်တော့မယ့် ကျွန်တော့်အတွက်တော့ အဆင်ပြေပြေရှိလာပါပြီ…

ဆိုင်ရှင်က တလကို တစ်ရက်နားခွင့်ပေးထားပါတယ်…

တခါတလေ ပိုက်ဆံအတွက်မှားတာတို့… ပန်းကန်ကျကွဲတာတို့ဆိုရင် လစာထဲကသူတို့က ဖြတ်သေးတယ်…

ကျွေးတဲ့ ထမင်းကြတော့ ဘဲဥနဲ့ချဉ်ဟင်း… တခါတလေ ငါးလေးဘာလေးတော့ စားရပါတယ်… မနက် ၄ နာရီမှ နေ့လည် ၂ နာရီ… ပြီးရင်အလှည့်ကြ ၂ နာရီစီ နားပြီးရင် ညနေ ၆ နာရီဆိုတာနဲ့ ပြန်စ၀င်… ည ၁၁ နာရီအထိပေါ့… မနားတမ်းလုပ်ရတယ်.. ဒီကြားထဲ ဆိုင်ရှင်မိန်းမရဲ့ အော်ငေါက်သံ… ဆဲဆိုသံတွေဟာ ဆိုင်သိမ်းလို့… အိပ်ခါနီးမှ ငိုခဲ့ရတာ ခေါင်းအုံးလေးကတော့ သိနေလေရဲ့….

ကျွန်တော် အိပ်မရတဲ့ ညတွေဆိုရင် တွေးမိတယ်…

“ သြော် ငါ့မှာ အဖေနဲ့ အမေသာ ရှိရင် ဒီလိုနေရမှာမဟုတ်ဘူး တစ်ခါမှ မမြင်ဘူးတဲ့ အဖေနဲ့ အမေကို သားတမ်းတမိပါတယ် အဘွားကပြောတော့ မင်းကိုမွေးပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားကြတယ်.. တဲ့ အဲဒိလောက်အထိကို ကျွန်တော်ကံဆိုးခဲ့တာလား.. ကျွန်တော်လေ လောကမှာ အခေါ်ချင်ဆုံး နာမည် နှစ်ခုရှိတယ်… အဲဒါ အဖေနဲ့ အမေ ပါပဲ… ဒါပေမယ့် ဆုတောင်းမပြည့်ပါဘူး…. ’’

 

အခန်း(၄)

 

သီတင်းကျွတ်လပြည့်..ရောက်ဖို့ (၃)ရက်သာလို…

ကိုယ့်အတွေးနဲ့ ကိုယ်ပျော်နေမိသည် အခုဆိုရင် ရန်ကုန်မှာ အလုပ်လာလုပ်တာ တစ်နှစ်ကျော်သွားပြီ.. ဒီနှစ်ဘုရားပွဲကို အညာပြန်ရတော့မယ်.. အခုဆိုရင် စုထားတဲ့ ငွေလေးက လေးသောင်းနီးပါရှိပြီ… ငွေလေးတွေကို မအိပ်ခင် ထုတ်ကြည့်….. ပျော်လို့ ညညဆို မအိပ်နိုင်….

ရွာရောက်ရင် အဘွားကို ယောဂီ ထမီလေးနဲ့ ရင်ဖုံးအင်္ကျီလေး… ဥပုသ်စောင့်ရင်ဝတ်ဖို့…. ရွာဦးကျောင်းက ဆရာတော်အတွက် သင်္ကန်းတစ်စုံကိုကြည့်ပြီး ပီတိဖြစ်နေမိတယ်…

ငယ်စဉ်ကလေးဘ၀ကတည်းက နွားနို့တိုက်ပြီး ကျွေးမွေးလာတဲ့ အဘွား… အသက်(၈၀)ကျော် မလုပ်နိုင် မကိုင်နိုင်လို့ ရွာဦးကျောင်းဆရာတော်က“ မယ်တော်အဖြစ်နဲ့ ကျောင်းမှာနေ ဒကာမကြီး မြေးလည်း အဖော်ရတာပေါ့..  ’’  ဆိုပြီး ကျွေးမွေးထားတဲ့ ဘုန်းဘုန်းရဲ့ ကျေးဇူးတွေအတွက် ချည်သင်္ကန်းတစ်စုံကို ၀ယ်ပြီး ခေါင်းရင်းက သေတ္တာပေါ်မှာ… ညတိုင်းရည်းစူးပြီး ရှစ်ခိုးအိပ်ခဲ့ရပါတယ်…

ရွာက သူငယ်ချင်းတွေနဲ့လည်း တွေ့ရတော့မယ်… ဟိုနေ့ကဆို ရွာကဘုရားပွဲကို အိမ်မက်တောင်မက်ခဲ့ရသေးတယ်…

“ ဟိုကောင်လေး မအိပ်သေးဘူးလား မနက်ကျရင် နွားနို့သွားယူရအုံးမယ်နော် နောက်ကျရင် အသိပဲ… ’’

ဆိုင်ရှင်မိန်းမကြီး လှမ်းဟောက်တော့မှ အ၀တ်ခေါက်ကြားထဲ ပိုက်ဆံကို ပြန်ထည့်ပြီး… အိပ်လိုက်ပါတယ်.. အဲဒိညက ခေါင်းအုံးလေး မျက်ရည်မစိုတော့ပါဘူး…

 

အခန်း(၅)

အဲဒိမနက်က… တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဝေလီဝေလင်းအချိန် ကားလမ်းမကြီးပေါ်မှာ………………………….

………………………………………………………………………ကားလမ်းမကို ကားဘီးတာရာပွတ်တိုက်သံ……………..

ပြီးတော့ အမှောင်…….. ကျွန်တော် ဘာမှ မသိတော့ပါဘူး……

ကျွန်တော်သတိရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ မြင်နေကြ မဟုတ်တဲ့နေရာတစ်ခု…. ကျွန်တော့်လို လူမမာတွေ ရှိတဲ့နေရာ……. ကျွန်တော်ထဖို့ကြိုးစားတယ်…..

“ အား ’’ ခေါင်းကလဲ မိုက်ကနဲမူးသွားတယ်…..

ခြေထောက်ငုံ့ကြည့်တော့ ကျောက်ပတ်တီး စီးထားတဲ့ ခြေနှစ်ချောင်း ကျွန်တော်ပထမဦးဆုံး စဉ်းစားမိတာက……

“ ငါ မနက်ဖြန် ရွာကိုဘယ်လိုပြန်မလဲ ’’  လဲပေါင်းများစွာ စဉ်းစားရင်း မျက်ရည်တွေ ခေါင်းအုံးလေးပေါ်ကို ထပ်မံစီဆင်း……….. ထမင်းပို့ချိန်ရောက်တော့ ဆိုင်ရှင်နဲ့ သူ့မိန်းမ ရောက်လာပါတယ်… ပြီးတော့ ကျွန်တော် အိပ်နေပြီအထင်နဲ့ ဆရာဝန်ကြီးက သူတို့ကို ပြောပြနေပါတယ်….

 

အခန်း(၆)

 

ဒီနေ့ညဆိုရင် ရွာဘုရားပွဲ စ၀င်ပြီ…. မြေးပြန်လာမဲ့ရက်ကို မျှော်နေမဲ့အဘွား ဘယ်လောက်ပျော်နေမလဲ… ရွာက သူငယ်ချင်းတွေ….

“ ငါ ပြန်မလာနိုင်ပေမဲ့… ငါ့လစာလေးနဲ့ အဘွားအတွက်ဝယ်ထားတဲ့ အကျီင်္နဲ့ ယောဂီထမီလေး…. ဆရာတော်အတွက် သင်္ကန်းကို ရွာပြန်မယ့် သူငယ်ချင်းတွေနဲ့ ထည့်ပေးလိုက်ဖို့ ဆိုင်ရှင် အဒေါ်ကြီးကို မှာလိုက်တာ… အခုအချိန်ဆိုရင် သူတို မန္တလေးဘူတာကြီးကိုရောက်လောက်ရောပေါ့…. အဲဒိကနေ မုံရွာဆိုရင်… နေ့ခင်းထမင်းစားချိန်လောက်တော့ သူတို့ ရွာကိုရောက်ရောပေါ့… ’’

ဆေးရုံရဲ့ ကော်ရတာလေးက လက်တန်းလေးကိုကိုင်ပြီး သုံးထပ်ဆောင်ပေါ်က အဓိပ္ပါယ်မဲ့စွား ငေးကြည့်နေမိတယ်…. ဓမ္မာရုံက သီလပေးသံတွေ….. လိုင်းကားတွေ….. မိသားစုတွေ သူ သဲသဲကွဲကွဲ မမြင်ရရှာပါဘူး… သူ့မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေခဲ့တယ်…. ပြီးမှ သူ့ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်… ဆရာဝန်ပြောပြချက်အရ ကြေမွသွားတဲ့ ဒူးအောက်ပိုင်းကို မနက်ဖြန်မှာ အော်ပရေးရှင်း ၀င်ရမယ်…. ဖြတ်ပစ်ရမှာတဲ့.. အဲဒိလိုမှ မဟုတ်ရင် ပေါင်ရင်းအထိ ဒုက္ခပေးနိုင်တယ်တဲ့…

အခုလို ဒုက္ခိတဖြစ်နေတဲ့ အလုပ်သမားကို ဘယ်ဆိုင်ရှင်က အလုပ်ပေးမှာလဲ… ရွာပြန်ရင်ရော အသက်(၈၀) ကျော် အိုကြီး အိုမနဲ့ ကျွန်တော့်အဖြစ်ကို တွေးရင် ယူကြုံးမရဖြစ်နေမယ့် အဘွား…. စိတ်ဆင်းရဲမှာကို ကျွန်တော်မလိုလားပါဘူး…

မိဘမဲ့ ဘ၀နဲ့ (၁၄) နှစ်လုံးလုံး လောကမှာ သိမ်ငယ်မှု့ကို အဖေါ်ပြုရင်း လူတောမတိုးခဲ့ရတဲ့ ကျွန်တော်… သူများကလေးတွေခေါ်သလို….. အမေ……ရေ

အဖေ…..ရေ      လို့ခေါ်ခွင့်မရတဲ့ ဘဝ

အတိတ်ဘ၀က ဘာများ အမှားလုပ်ခဲ့မိသလဲ  မသိပါဘူး

ဆရာတော်က တခါပြောဘူးတယ်…

“ တို့ ဗုဒ္ဒဘာသာ ၀င်တွေဆိုတာ ကံ…. ကံဧ။် အကျိုးကို လက်ခံယုံကြည်ကြတယ်…. ကောင်းမှုလုပ်ရင် ကောင်းမှုဖြစ်သလို မကောင်းမှုလုပ်ရင် မကောင်းမှုဖြစ်သလို.. အဲဒိ မကောင်းမှုရဲ့ ကံကလည်း နောင်မဘ၀မကူးဘူး ပြန်ခံရတယ်…. ’’

ဒါဆို ထင်ပါတယ်… ကျွန်တော့်ရဲ့ အတိတ်ဘ၀က မကောင်းမှု့ ကံကြမ္မာကြောင့် ယခုဘ၀မှာ ကျွန်တော်ပေးဆပ်လိုက်ပါ့မယ်…

ကျွန်တော်ဝှီးချဲပေါ်က အောက်ကို လှမ်းကြည့်လိုက်တယ်… ဆေးရုံက (၃) ထပ် ကျွန်တော် နောက်ဘက်က အဆင်း အတက်လှေခါး

ကျွန်တော် လက်အုပ်ချီပြီး မျက်လုံးကိုမှိတ် “ ကျွန်တော် လူမမယ်ဘ၀ထဲက ကျွေးမွေးခဲ့တဲ့ အဘွား… ကာယကံ၊ ၀ဇီကံ၊ မနောကံ နဲ့ ကျူးလွန်မိပါက… သားကို ခွင့်လွှတ်ပါနော် အဘွား… ’’

“ အဘွား ကျန်းမာ ချမ်းသာပါစေ….. ’’ လို့ ရည်းမှန်းပြီး ကန်တော့ရင်း စီးကျလာတဲ့ မျက်ရည်ကိုတော့ မသုတ်တော့ပါဘူး…. ကျွန်တော်ငိုမိတိုင်း သုတ်ပေးခဲ့တဲ့ လက်နှစ်ဘက်ကို အားနာလို့လေ…

ဒါကြောင့် ၀ှီးချဲရဲ့ ဘီးနှစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း….. အနောက်ဘက်လှေကားဆီသို့ တရွေ့ရွေ့…. ကျောပေးပြီး ကျွန်တော် မျက်လုံးအစုံကို မှိတ်လိုက်ပါတယ်…..

____။____။____။

“ အရှင်ဘုရား…. တပည့်တော် အကယ်ရ်ျ အဖန်ငါးရာ ငါးကမ္ဘာ ကျော်ပြီး လူပြန်ဖြစ်ခွင့် ရမယ်ဆိုရင်… အမိ၊ အဖ စုံလင်စွာနဲ့ မိသားစုလေးကို…. ပိုင်ဆိုင်နိုင်ပါစေ… အရှင်ဘုရား ’’

 

ပြီးပါပြီ

သံလုံး

About than lone

thein naing has written 4 post in this Website..

working in U.A.E my home town is Yangon .