တစ်ချိန်က အိမ်ပြန်ခဲ့ချိန်များ

စဆရ ႀကီးDecember 23, 20111min25827

တစ်ရက်တာအတွက် အလုပ်သိမ်းချိန်သို့တိုင်လေပြီ။ ကိုရင်ရှူံးသည်ကား ခမောက်ကို ချွတ်ပြီးနောက် လည်ပင်းတွင်ပါတ်ထားသော မျက်နှာသုတ်ပဝါစဖြင့် ချွေးပြန်နေသော မျက်နှာအားအားပါးတရ သုတ်လိုက်မိတော့သည်။ အချိန်သည်ကား ၆း၃ဝ ရန် ၁၅ မိနစ်မျှသာလိုတော့ကြောင်းပြနေပြီဖြစ်သည်။ ဘေးတွင်ချထားသော ရေဗူးမှရေအား တစ်ကျိုက်ခန့်မော့လိုက်ပြီးသည့်နောက် အတန်ငယ် လန်းဆန်းသလိုတော့ဖြစ်သွားသည်။ ပြန်ချိန်ရောက်နေပြီကတစ်ကြောင်း၊ တစ်ရက်တာ ကုန်ဆုံးသွားပြီကဖြစ်သည့်အတွက်ကြောင့်တစ်ကြောင်း စိတ်လက်ပေါ့ပါးနေတော့သည်။ အပြာရောင် ကုမ္ပဏီဝတ်စုံသည်ကား ချွေးများနှင့် ဆေးမှုန်များ၊ ဖုန်မှုန့်များရောနှောနေသည့်အတွက် အနက်ရောင်သို့ပင် ပြောင်းလုပြောင်းခင်ဖြစ်တော့သည်။ မပြန်ခင် ပစ္စည်းများကို ဆာလာအိတ်အတွင်းထည့်ပြီးနောက် သေတ္တာတွင်းသို့ သွားထားရင်းနှင့် ကုန်းပါတ်ပေါ်သို့ တက်လာခဲ့မိသည်။ သင်္ဘောတစ်စီးလုံးကား တစ်နေကုန် ဆူညံသံများစွာဖြင့် သက်ဝင်လှုပ်ရှားခဲ့သည်မှာ သူမဟုတ်လေသည့်အလား တိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးနေသည်။ ကုန်းပါတ်ပေါ်တွင်မတော့ Tank အတွင်းနှင့်မတူ ညနေခင်းလေပြည်အေးသည်ကား ရေပြင်ကို ဖြတ်တိုက်လာခြင်းကြောင့် အေးမြနေလေသည်။ ယခုမှပင် လေကိုဝဝ ရှူရတော့သည်။ Air Tube မှတစ်ဆင့် ရှူနေရသောလေနှင့် ပြင်ပလေသည်ကား များစွာ ခြားနားလှပေစွ။

Gas ပိုက် Short Piece နှစ်ခုကို ဖြုတ်ပြီးနောက် ဝရိန်စက်မှ ပလပ်ကို ဖြုတ်လိုက်ပြီးသည့်နောက် တစ်နေ့တာအတွက် လုပ်စရာ ကုန်သွားပြီဖြစ်သည်။ ကုန်းပါတ်ပေါ်မှ Jurong Port မှ ကရိန်းများကို မြင်နေရသည်။ လမ်းမများပေါ်တွင် ကားအရွယ်စုံ၊ အရောင်စုံတို့မှာလည်း ပျားပန်းခတ်မျှ သွားလာနေသည်ကိုလဲမြင်ရသည်။ ထိုမှတစ်ဖန် ပင်လယ်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သောတစ်ခဏ၊ ငယ်ရွယ်စဉ်က တောင်ပေါ်တွင်သာ ကြီးပြင်းခဲ့ရသော ပဲပုပ်သည်ကား ယခုတော့ ရေပြင်ထဲတွင် အလုပ်လုပ်နေရပြီဖြစ်သည်ဟု တွေးမိပြန်သေးသည်။ တစ်ခါမှ မမြင်ခဲ့ဖူးသော ပင်လယ်ပြင်ကြီးအား နေ့စဉ်ပင် မြင်တွေ့နေရပြီဖြစ်သည်။ အရွယ်စုံ၊ အရောင်စုံလူများအကြား တစ်ခုတည်းသော တူညီရာအလုပ်ကိုလုပ်နေရသည်မှာ ကြမ်းတမ်းလှသောအလုပ်သာဖြစ်သည်။ လူတိုင်းမျက်နှာတွင်မတော့ နွမ်းလျလျအပြုံးများစွာကို ဆင်တူဝတ်ဆင်ထားကြပြန်သေးသည်။ တစ်ချို့တစ်လေမှာကား စကားများဖောင်ဖွဲ့လို့ မဆုံးဖြစ်နေသည်။ ယခုလိုအချိန်တွင်မှ လွတ်လပ်စွာ နေကြရသည်မဟုတ်ပါလား။ ကျန်သည့်အချိန်များတွင် သင်္ဘော Ownerများ၊ Safety Officer များ၊ Foreman များအား သတိထားနေရသဖြင့် စိတ်ကျဉ်းကျပ်ရသည့်ကြား နေရာကျဉ်းကျဉ်းကျပ်ကျပ်လေးများကြားတွင် ပူလောင်လှသည့်အလုပ်များကိုလုပ်နေရသည့်အတွက် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်သည်။

တစ်ချို့တစ်ဝက်သော အလုပ်သမားများမှာမူ အဆင်းလှေကားဝတွင် ရစ်သီ၊ ရစ်သီဖြင့် နေရာချောင်းနေကြသည်။ တန်းစီခိုင်းသည့်အချိန်တွင် ရှေ့ဆုံးရောက်နေမှ အရင်ဆုံးဆင်းရမည်ဖြစ်သည့်အတွက် မယောင်မလည်ဖြင့် ကျားချောင်း၊ ခွေးချောင်း၊ ကြောင်ချောင်း၊ ချောင်းနည်းပေါင်းစုံဖြင့် ချောင်းနေကြခြင်းဖြစ်သည်။ ယခုကတည်းက သွားပြီးတန်းစီနေရန်လဲ မဖြစ်နိုင်သေးပေ။ မတော် နာမည်ပြားကို ဖြုတ်သွားပါမှ တစ်နေကုန် ပင်ပင်ပန်းပန်းလုပ်ထားသည်များ အလှူကြီးပြုလိုက်ရမည်လဲ စိုးကြသေးသည်။ တစ်ချို့မှာမူကား အမှိုက်အတိုအစများကို လိုက်ရှာနေကြသည်။ လှေကားတာဝန်ကျသူများမှ စိတ်မထင်လျင် အမှိုက်မပါ မဆင်းရလုပ်ရမည်ကိုလဲ ကြောက်သောကြောင့်ဖြစ်သည်။ သို့ဆိုလျင် တန်းစီပြီးကာမှ နောက်ဆုံးမှ ပြန်စီရလျင် များစွာစိတ်မကောင်း ဖြစ်မိမည့်အရေး ကြိုတွေးမိသောကြောင့် မလျှော့သောလုံ့လဖြင့် သူ့ထက်ငါ ဦးစွာဆင်းနိုင်ရေး နည်းအမျိုးမျိုးဖြင့် ကြံဆောင်နေကြခြင်းဖြစ်သည်။ ဦးထုပ်ဝါများမှာ ထိုကဲ့သို့ ကြိုးစားနေရသော်လည်း တစ်နေကုန် ချွေးတစ်စက်မှမထွက်အောင် ကြိုးစားလုပ်ကိုင်ခဲ့ကြသော ဦးထုပ်ဖြူများမှာကား လှေကားမှ အလျှိုလျှိုဆင်းသွားကြသည်ကိုလည်း ရင်နာဖွယ်ရာ မြင်နေရပြန်သေးသည်။ ထိုသူတို့မှာ ဦးထုပ်ဝါများကြားတွင် တိုးဝှေ့ဆင်းရမည်ကို သေမလောက်ပင်ကြောက်ကြလေသည်။ ခမောက်ဝါဆောင်းများသည်ကား ပေကျံနေကြရုံမျှမက သန်မာကြသေးပြန်သေးသဖြင့် ၎င်းတို့မှာ လူကုန်ကာမှ အောက်ဆင်းရကိန်းသာ မြင်သဖြင့် စောစီးစွာ ဆင်းကြခြင်းဟုလည်း တစ်ဖက်လှည့်တွေးကာ နားလည်ပေးရပြန်သည်။ ဪ… ဘာပဲပြောပြော ၎င်းတို့မှာ ကိုရင်ရှူံးတို့ထက် ကျောင်းတွင် အကြာကြီးနေခဲ့ကြရသည်မလား။ လေးစားသမှုတော့ ရှိသင့်ပါတယ်လေဟု။

တစ်ခြားတစ်နေရာတွင်မတော့ လူတစ်ချို့ စုရုံး၊ စုရုံးနှင့် ဘာများလုပ်နေသလဲဟုလှမ်းကြည့်လိုက်သောအခါ ဖုန်းကိုယ်စီကိုင်လျက်သား အလုပ်တွေများနေကြခြင်းဖြစ်သည်။ သူ့ဖုန်းထဲက အသစ်လေးတွေ တစ်ခြားစီပို့၊ တစ်ခြားလူဆီက သူကြိုက်သည်များကို သူ့ဖုန်းတွင်းသို့သွင်းရင်း အလုပ်တွေများနေကြခြင်းလဲဖြစ်သည်။ အသစ်လေးများသည်ကား နေ့တိုင်းပင်များပြားလှပေစွ။ ဟိုလူ့ဆီကကူး၊ ဒီလူ့ဆီကကူးနှင့် တစ်ချို့များဆိုလျင် 4GB ကဒ်တောင် မလောက်သည်ထိဖြစ်သည်။ စိတ်ဖြေစရာ ဒါလေးတွေပဲ ရှိလေသည်မလား။ ရှာဖွေလေ၊ တွေ့ရှိလေဟူသည့်မူဖြင့် လိုက်လံရှာဖွေနေကြရသည်။ ဂျပန်၊ တရုတ်၊ ဥရောပ၊ ကုလား၊ မလေး၊ အင်ဒို၊ အို.. စုံမှစုံပါပဲလေ။ ထူးထွေဆန်းပြားလှပေစွ။ ဘယ်တော့မှမရိုးသည့်အလုပ်သာဖြစ်တော့သည်။ ယောကျာ်းများသာကြီးစိုးသော လုပ်ငန်းခွင်ဖြစ်သည်မို့လည်းတော်ပေသေးတော့သည်။ တစ်ခါတစ်လေ ကျောင်းဆင်းလေ့လာရေးလာဆင်းသော မိန်းမပျိုတို့သည်ကား အလုပ်သမားများစွာ မျက်စိဓါတ်ကျရာဖြစ်ပေသေးပြန်သည်။ ရှာမှရှားသည့် ရှားပါးပစ္စည်းလေးများဖြစ်လေသည့်အတွက်ဖြစ်သည်။ အနှီထိုမိန်းမပျိုလေးများအား Safety Supervisor ကြီးများမှ ဘေးကင်းစေရေးအလို့ငှာ ဘေးတစ်ဖက်တစ်ချက်မှ ခြံရံပြီးလိုက်ပါလာရသဖြင့် Safety Google များအား အသာလေးလျှောချပြီး မျက်ဝန်းထောင့်စွန်းများဖြင့်သာ ငမ်းကြရသည်သာဖြစ်သည်။

ထိုစဉ်အခါမှပင် သတိရမိတော့သည်။ မိမိ Google မှာ အတော်လေးပင် မှုန်ဝါးနေလေပြီ။ ထပ်ဝယ်ဦးမည်ဟု။ ၂ ကျပ်ကြီးများတောင်ကုန်မည့်အရေး တွေးမိပြီးသကာလ စိတ်မသက်သာခြင်း အတော်လေးပင်ဖြစ်တော့သည်။ တစ်လ၊ တစ်လ မျက်မှန်ဖိုး၊ ပေဘူးဖိုး၊ ဓါတ်မီးဖိုး၊ ရေဗူးဖိုး၊ ခါးပါတ်ဖိုး၊ သဘက်ဖိုး၊ ဖိနပ်ဖိုး၊ Ear Plug ဖိုး၊ တစ်ခါတစ်ရံ Over Time ဆင်းလျင်ကျွေးသည့် ထမင်းဖိုးများမှာ မနည်းမနောပင်ဖြစ်သည်။ Gas ဖြတ်ရခြင်း၊ Welding လိုင်းများပါ လုပ်ကိုင်ရသည့် ကိုရင်ရှူံးလို Fitting သမားမှာမူ မျက်မှန်နက်ဖိုး၊ အရေအပြားမပျက်စီးအောင်လူးရသည့် ဆေးဖိုး၊ ပေဗူးဖိုး အစရှိသည်တို့မှာ အပိုကုန်ကျသည်သာဖြစ်သည်။ အချိန်ပိုမှာတော့ ပိုရသည်မရှိပေ။

ပြောရင်း ပြောရင်းနှင့်ပင် အလုပ်ဆင်းသည့်အကြောင်းမှ သွေဖယ်သွားသလိုရှိပြန်သဖြင့် အလုပ်ဆင်းသည့်အကြောင်းကို ဆက်ကြပါစို့။ ဥဩဆွဲသံကြားရသည်နှင့် ဟေးကနဲ ညာသံပေးသံကြီးနှင့်အတူ အချင်းချင်း တိုးကြ၊ ဝှေ့ကြ၊ တွန်းကြ၊ တိုက်ကြဖြင့် အလုအယက် လှေကားဝတွင် ပြေးလွှားတန်းစီကြလေသည်။ တစ်ခါတစ်လေများဆိုလျင် လုယက်တန်းစီကြရင်း ဆင်းရမည်က တစ်ပေါက်တည်း၊ တန်းစီထားသည်မှာ သုံးလိုင်းခန့်ဖြစ်သွားသဖြင့် ဘယ်လိုင်းက သွားသင့်သည်ကို ဝေခွဲမရဖြစ်ရပြန်သေးသည်ကို ရယ်မောဖွယ်ရာ မြင်ရပြန်သေးသည်။ ဆင်းခွင့်မပြုသည့် ကျန်သည့်လိုင်းများမှာ ဆင်းခွင့်ပြုသည့်လိုင်းနောက်တွင် အပြေးအလွှားပြန်တန်းစီရသည်မှာ မြွေလိမ်မြွေကောက်လိုင်းများဖြင့် အတော်လေးပင် ရှည်လျားလှတော့သည်။ ဆင်းရသည့် လှေကားမှာ လူတစ်ယောက်သာ လမ်းလျှောက်သာအောင် ပြုလုပ်ထားသဖြင့် အဘယ်မျှတိုးတိုး တစ်ယောက်ထက်ပိုပြီးထွက်လို့မရပေ။ နောက်မှ ထွက်ချင်သူများ ဇွတ်အတင်း တိုးကြသဖြင့် လှေကားတွင်းရှိလူမှာ အားစိုက်စရာမလို၊ သူ့အလိုလိုသာ တိုးသွားမြဲဖြစ်သည်။ ၁၅ မိနစ်ခန့် လုယက်တိုးဝှေ့ဆင်းသွားပြီးသည့်နောက် အေးအေးဆေးဆေးဆင်းလိုသူတို့မှာ ဟန်မပျက်ဆင်းရုံသာဖြစ်သည်။ ထိုသူတို့မှာ ကုမ္ပဏီမှ ကြို/ ပို့ကားများနောက်ကျခြင်းကြောင့်လည်းကောင်း၊ ကိုယ့်အစီအစဉ်ဖြင့် ပြန်ကြသူများသာဖြစ်ကြခြင်းကြောင့် လူနည်းစုသာဖြစ်သည်။

ကိုရင်ရှူံးသည်ကား ဒုတိယအကြိမ်မြောက် ကုန်းမြေပေါ်သို့ ခြေချရပြန်လေပြီ။ ဘုတ်ပြားမှ နာမည်ပြားကိုဖြုတ်ပြီးနောက် ပစ္စည်းများထားသိုရာ သံသေတ္တာများသို့ အပြေးအလွှားပြေးရပြန်သည်။ ထမင်းဗူးအိတ်ကိုလဲ မမေ့မလျော့ ဖြုတ်ရပြန်သေးသည်။ ယနေ့မေ့သွားပါမှ မနက်ဖြန် ထည့်စရာမရှိဖြစ်နေမည်ကိုလဲ စိုးရသေးသဖြင့် ဖြစ်သည်။ သေတ္တာအတွင်းသို့ Safety Belt နှင့် ခမောက်ဝါဝါကြီးကို ဝမ်းသာအားရပစ်ထည့်လိုက်ပြီးနောက် ခါးပါတ်မှ ဓါတ်မီးနှင့် ပေဗူးကိုဖြုတ်၊ ထမင်းဗူးထုပ်အတွင်းထည့်၊ ကျက်သရေတုန်းလှသော ယူနီဖောင်း စုတ်စုတ်ပြတ်ပြတ်ကြီးအား ဝမ်းသာအားရချွတ်ပြီးနောက် လုံးထွေးခေါက်၊ ဂျင်းဘောင်းဘီကို ခြေသလုံးတစ်ဝက်ပေါ်အောင် ခေါက်လိုက်ပြီးသည့်နောက် ဂိတ်ထွက်ပေါက်တွင် ထပ်မံတိုးဝှေ့ရန်အတွက် ခွန်အားများကို အပြည့်မွေးယူရင်းနှင့် ကိုရင်ရှူံးသည်ကား ကုမ္ပဏီရုံးခန်း ပိစိညှောင့်တောက်လေးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် တစ်လှမ်းခြင်းသော်လည်းကောင်း၊ စုံလိုက်သော်လည်းကောင်း၊ ဖြစ်သလိုနည်းဖြင့် အမြန်ဆုံးရောက်နိုင်ရေး အားပါးတရ လှမ်းတော့လေသတည်း။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

27 comments

  • Khin Latt

    December 23, 2011 at 4:04 am

    စိတ်ထဲမှာမြင်ကြည့်လို့ရအောင် ရေးနိုင်ပါပေတယ်။
    “တစ်ချိန်က” ဆိုတော့ အခုရော အိမ်ကို ဘယ်လိုပုံစံနဲ့ ပြန်လဲ? 😉

    • ခုချိန်အကြောင်းကိုတော့ ထပ်မံရေးစရာ ကုန်ကြမ်းအနေနဲ့ အသာလေး လျှိုထားပါသေးကြောင်း။ ထပ်မံရေးပါဦးမည်။ ကျွန်တော့်ရေးလိုရင်းမှာ စာဖတ်သူများ ကိုယ်တိုင်ဝင်ခံစားလို့ရစေရန်အတွက် သရုပ်မှန်ရေးသားနည်းဖြင့် ရေးသားထားသဖြင့် ကိုယ်တိုင်ကိုယ်ကျ ခံစားမိစေလိုခြင်းသာဖြစ်ကြောင်း..

      စာကြွင်း/
      တစ်ရက် ၁၂ နာရီခန့်အလုပ်လုပ်ကိုင်နေရသောကြောင့် ဝင်မေးကြသူတွေကို အချိန်အတော်နောက်ကျမှ စာပြန်နိုင်ပါမည့်အကြောင်းလဲ ကြိုတင် အသိပေးအပ်ပါသည်။

      • ငပေါက်ဖော်

        December 23, 2011 at 10:31 am

        ဝုတ်တယ်..ဝုတ်တယ်..
        Goggles အပြင်မှာမလဲခင်..ဒီမှာလဲ လဲဦးဂျ
        မျက်လုံးကိုတောင် ဖောက်မြင်နေရဘီ..လဲသင့်ပြီ
        :lo:

      • Moe Z

        December 23, 2011 at 12:17 pm

        အခုအချိန်ထက် နောက်နှစ်အိမ်ပြန်ချိန်ကို ပိုစိတ်ဝင်စားတယ်
        ရေးရမှာနော် ကိုရင်ရှူံး 😀

        • နောက်နှစ်အိမ်ပြန်ချိန်ကျရင်တော့ ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးဖို့ပဲ ဖိတ်စာပို့လိုက်ပါမယ် မိုးဇက်ရေ

      • သမီး ကြီး

        December 23, 2011 at 2:29 pm

        တကယ်ပဲ..ကိုယ်တိုင်တန်းစီ နေသလိုထင်ရအောင်ရေးနိုင်ပါတယ်…ကိုရှူံး ရေးတဲ့စာ တွေကို.
        ကျနော် ဖတ်ဖြစ်တယ်..ကိုယ်တိုင်ကြုံနေရတဲ့အရှူံးတွေကို..ဒီလိုမျိုးရေးဖွဲ့ခွင့်ရတာလည်း..အရှူံးထဲ က..အမြတ်တစ်ခုပဲလို့…ထင်တယ်..(ကျနော်အထင်ကိုပြောသွားတာပါ )..

        • ကျွန်တော်.. ကျွန်တော်နဲ့ သမီးကြီးဆိုတော့ ကိုဘယ်သူလို့ပြောရမလား၊ မအဝှာလို့ ခေါ်ရမလားပဲ.. တော်တော်တော့ ဂွကျနေဘာဘီ။ ဘာပဲပြောပြော မန္တလာသူထင်လို့ သမီးကြီးရေလို့ ခေါ်ပြန်လဲ မယားမရှိ မုဆိုးဖိုကြီးဖြစ်သွားမှာလည်း စိုးသား 😀

          ဝင်ဖတ်ဖြစ်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်.. ကိုယ်တိုင်ကြုံနေရတာတော့ မဟုတ်ပါဘူး၊ ကြုံခဲ့ပြီးတဲ့ အရှူံးတွေကြားထဲက ဖတ်ရှုသူတွေ အသိတစ်ခုတိုးသွားစရာ အကြောင်းအရာတစ်ခုကို ချပြလိုက်ရခြင်းဖြစ်ပါကြောင်း..

  • thit min

    December 23, 2011 at 8:15 am

    ဘဝအတွေ့အကြုံတွေကနေ အင်အားတွေဖြစ်ပြီး အောင်နိုင်သူဖြစ်ပါစေဗျာ။
    ~~~~~~~~~~~~
    တော်တော်ဖတ်လို့ကောင်းပါတယ်ဗျ။

  • Oo Oo

    December 23, 2011 at 9:13 am

    ပြောင်မြောက်တဲ့အရေးအသားကိုဝင်ရောက်ဖတ်ရှု့အားပေးသွားပါကြောင်း..
    ခင်မင်စွာဖြင့်..အားပေးလျှက်ပါ

  • kotun winlatt

    December 23, 2011 at 9:16 am

    နောက်ထပ်ပို့စါများကို စောင့်မျှော်နေပါကြောင်းခင်ဗျာ…

  • amatmin

    December 23, 2011 at 9:57 am

    ကိုရင် ရှုံး လူရေ..
    ” Safety Goggles ” ကတော့ မှုန်ဝါးလာရင် လဲပစ်တာ အကောင်းဆုံး ပဲထင်တယ်..
    တတ်နိုင်ရင် ဒီ ပို့စ် ထဲမှာ အရင်လဲ လိုက်ဗျာ.. 🙂 🙂
    ရင်ထဲ ရောက်အောင်ရေးထားတဲ့ အတွက် ဆက်အားပေးနေပါ့မယ်..

  • windtalker

    December 23, 2011 at 12:34 pm

    ကိုရင်ရှုံး
    အပျိုမြင်ပြုံး
    ချိုချဉ်သုံး
    အိုပင်မဆုံး
    လိုချင်တုန်း

  • ဆူး

    December 23, 2011 at 2:08 pm

    ကိုယ့် အကြောင်း ကိုယ်ရေးရင် ခဏလေးနဲ့ ကုန်သွားလိမ့်မယ်။
    သူများ အကြောင်းကို ကိုယ့်အကြောင်းလို သဘောထား ခံစားပေးမှ များများ ရေးလို့ ရမယ်တဲ့ စာရေးဆရာတွေ ပြောတာ ကြားဖူးတယ်။ များများ ထွက်အောင် များများ ခံစားရေးပေါ့.. စာရေးကောင်းတာပဲဟာ..
    မရှုံးတဲ့ အကြောင်းလေး လုပ်ပါအုန်း။ လက်ခုပ်တီးလို့ ရအောင်.. မြန်မြန် လေးနော်..

  • hmee

    December 23, 2011 at 3:17 pm

    ရှုံး…လူရေ အတွေ့အကြုံကတော့ တကယ်စုံတယ်နော်။ ရှေ့မှာ ရွှေရောင်လွှမ်းတဲ့နေ့တွေ စောင့်နေပါပြီ။ ကြုံခဲ့တဲ့အတွေ့အကြုံတွေက နောင်ကြရင် ပြန်အကျိုးပြုမှာပါ။ အားပေးလျှက်နော်။

  • ကိုရှုူံးရဲ ့ပို ့စ်မှာ ပညာရှင်နဲ ့အလုပ်သမားကွာဟမှုကို ကွက်ကွက်ကွင်းကွင်းသွားမြင်ရပါတယ်။
    ကျေးဇူးပါဗျာ။

  • blackchaw

    December 23, 2011 at 6:34 pm

    ကိုရှုံးရေ။
    ကျွန်ုပ်ဘလက်လည်း ဝင်ရောက်အားပေးသွားပါကြောင်းနဲ့
    ဟိုတစ်နေ့က မန့်ထားတဲ့ မောင်စိန်ဝင်း ကဗျာလေး ဖတ်မိရဲ့လားလို့လည်း
    သိချင်ပါတယ်ဗျာ။

    • ဖတ်မိပါတယ်ဦးဘလက်ရေ..

      ကျွန်တော်ခုရေးနေတာတွေက အားလုံး တစ်ချိန်က… ဆိုတာတွေချည်းပါပဲ
      နောင်ကျမှ လက်ရှိကာလကိုပါ ထည့်ရေးပြသွားမယ်ဆိုရင် ဦးဘလက် ဘယ်လိုမှတ်ချက်ချမလဲတော့ သိချင်သား.. ကျွန်တော့်ငယ်စဉ်ဘဝအကြောင်းရေးထားတာတွေ မဖတ်ရသေးလို့ အကြောင်းစုံလဲ မသိလောက်သေးဘူးထင်ပါတယ်.. အရင်ကရေးခဲ့ဖူးပေမယ့် ပြန်လည်ဖြည့်စွက်ချက်တွေနဲ့ ရေးသားပါဦးမယ်.. ဒါမှ ဘယ်လိုရှူံးနိမ့်ခဲ့တာလဲတွေပါ သိစေချင်လို့ပါ။

      စကားမစပ်၊ ခုချိန်မှာ ကျွန်တော် သမိုင်းမှတ်တိုင်တစ်ခု ကြီးကြီးမားမားရေးထိုးထားနိုင်နေပြီဆိုတာ အသာလေး အစလေးတစ်စ ဆွဲထုတ်ပြလိုက်ပါတယ်.. အပြည့်အစုံကိုတော့ နောင်များမှပေါ့

  • pooch

    December 23, 2011 at 9:32 pm

    ရှုံးလူရေ ခုဒီစာလေးထဲက နေ ဗဟုသုတတွေ အများကြီးရလိုက်တယ်..

    သူများနိုင်ငံတိုးတက်တယ်ဆိုတာလေ ဒီလိုမျိုး ပြင်းထန်ကြပ်မတ်ထားတဲ့ စည်းကမ်းတွေကြောင့် လူတွေက မခိုမကပ်ရဲ အမှိုက်ကို မဖွရဲတာ ပေါ့ … နောက် ပင်ပင်ပန်းပန်း မိဝေးဖဝေးရှာဖွေရတော့ ငွေကို တန်ဖိုးထားတတ်လာတယ်..

    နောက်ပြည်ပမှာ အလုပ်အကိုင်လုပ်ချင်တဲ့ သူများအတွက်လည်း ဒါလေးက ကိုယ်တွေ့အတွေ့အကြုံဆိုတော့ ဆင်ခြင် စဉ်းစား သတိပြုစရာ လေးပါ….. ဆောင်သင့်တာတွေ ဆောင်ပြီး ရှောင်သင့်တာတွေ ရှောင်ရတာပေါ့…

    အလွန်အနှစ်ပါတဲ့ စာစုလေးပါ.. …

    • ပေးလိုရင်းကို Pooch က တော်တော်လေး သုံးသပ်ပြတတ်ပါပေတယ်.. ကိုယ့်ကိုယ်ကိုဖော် မသူတော်တဲ့.. ကျွန်တော်ကတော့ ကိုယ့်အကြောင်းကိုယ်ဖော်နေတာ မသူတော်ဖြစ်ရင်လဲ ဖြစ်ပါစေ.. တစ်ကယ့်အတွေ့အကြုံတွေဆိုတာ လူတိုင်းယူနိုင်တာမှမဟုတ်တာ.. ထုတ်နှုတ်ယူငင်တတ်သူတွေ ရပါစေလိုကြောင်းနဲ့ ရေးသားနေရခြင်းပါ။

      စကားမစပ်ဗျာ.. ခုနောက်ပိုင်းမှ ကိုယ်တင်ပြချင်တာတွေ ဘယ်လိုပုံနဲ့ တင်ပြရမလဲဆိုတာကို သိလာပြီးတော့မှ ခုလိုပုံစံကို စိတ်ကူးမိပြီး စာတွေ ခပ်စိပ်စိပ်ရေးမိနေခြင်းပါပဲ။ တစ်ခုစိတ်မကောင်းတာက ကိုယ်တင်ထားတဲ့ Post လေး တစ်ရက်တောင်မခံအောင် နောက်တစ်မျက်နှာကူးသွားတာကိုတော့ စိတ်မကောင်း ဖြစ်မိသားဗျ။

      တတ်နိုင်ပါဘူးလေ.. ဝါသနာက တားမရတော့လဲ ဆက်ရေးနေရဦးမှာပါပဲ

Leave a Reply