တတိယနေ့
ဗုဒ္ဓေါနဲ့ သုဂတော ဂုဏ်တော်အရကိုပဲ မြတ်စွာဘုရားကို အထူး ကြည်ညိုမိနေပါပြီ။ ဒီနေ့ ဘာဂုဏ်တော်များ ဆက်ရပါ့မလဲဆိုတာလေးကို သိ ချင်စိတ်တွေ ဖြစ်နေကြပါတယ်။
ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်
ပထမတော့ ဘုရားဆုပန်တယ်။ နောက် ဆုပန်ချိန်ကစလို့ ဘုရား အဖြစ်ရောက်သည်အထိ ဘ၀ပေါင်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် သုဂတော ဂုဏ်တော်နဲ့ ပြည့်စုံတော်မူသော မြတ်ဘုရားရဲ့ ဂုဏ်တွေကို သိခဲ့ရ ပါပြီ။ ခု ဆက်လို့ ၀ိဇ္ဇာစရဏ ဂုဏ်တော်အကြောင်းလေး လေ့လာရပါမယ်။
ဝိဇ္ဇာသည် အသိ ဖြစ်ပြီး စရဏသည် အကျင့်လို့ သိရပါမယ်။ အသိသာရှိပြီး အကျင့်မရှိရင် နိဗ္ဗာန်ကို မရောက်နိုင်ပါဘူးနော်။ အကျင့်သာရှိပြီး အသိဥာဏ် မပါပြန်ရင်လည်း လမ်းလွဲသွားနိုင်ပါတယ်။ ဒီနေရာမှာ စရဏဆိုသော ကျင့်ဖွယ်(၁၅)ပါးတို့နှင့် ပြည့်စုံတော်မူတယ်လို့ သိထားရမယ်။ စရဏ (၁၅)ပါး ကို လည်း သိအောင် မှတ်ထားလိုက်ပါ။
(၁)သဒ္ဓါ
(၂)သတိ
(၃)ဟီရိ
(၄)သြတ္တပ္ပ
(၅)၀ီရိယ
(၆)သုတ
(၇)ပညာ
ဒီထိက သူတော်ကောင်း ဥစ္စာ(၇)ပါးလို့ သိထားပြီးပြီနော်။
(၈)ဘောဇနေ၊မတ္တညုတာ (စားသောက်ရာမှာ မိမိနှင့် သင့်မသင့်ကို နှိုင်းချင့်ပြီး အတိုင်းအရှည်ကိုသိတာ)
(၉)ဇာဂရိယာ နုယောဂ (အအိပ်အနေနည်းမှု၊ နိုးကြားမှုကို ပြောတာပါ)
(၁၀)သီလ (နေ့စဉ်စောင့်ထိန်းတဲ့သီလ)
(၁၁)တွေ့မြင် ကြားသိရသမျှမှာ လောဘ၊ ဒေါသ မဖြစ်စေဘဲ မျက်စိ၊ နား၊ နှာ စသော တို့ကို ငြိမ်သက်အောင် စောင့်စည်းတာ။
(၁၂)ပထမဈာန်
(၁၃)ဒုတိယဈာန်
(၁၄)တတိယဈာန်
(၁၅)စတုတ္ထဈာန်
အဲဒီထိကတော့ စရဏ (၁၅)ပါးပေါ့နော်။ ဒါတွေက အကျင့်တွေပေါ့။ ဒီလိုတွေ ကျင့်ခဲ့လို့ ၀ိဇ္ဇာ(၃)ပါးနဲ့ ၀ိဇ္ဇာ(၈)ပါးဆိုတဲ့ ဥာဏ်တော်တွေကို ရတော်မူတယ်။
ဒီမှာ ထပ်သိရမှာက ၀ိဇ္ဇာ(၃)ပါးကို အရင်မှတ်လိုက်ပါ။
(၁) အထက်က ပြောခဲ့တဲ့ စရဏ(၁၅)ပါးနဲ့ ပြည့်စုံခဲ့လို့ ဘုရားမဖြစ်မီ ကဆုန် လပြည့် ညဥ့်ဦးယံဝယ် ရှေးဖြစ်ဟောင်းကို အောက်မေ့သိရှိနိုင်သော ဥာဏ်ကို ရတော်မူတယ်။
(၂) သန်းခေါင်ယံမှာ နတ်ဗြဟ္မာလောကရှိ သတ္တ၀ါများနှင့် ငရဲ၊ပြိတ္တာ သတ္တ၀ါ ဟူသမျှကို မြင်နိုင်သော ဥာဏ်ကို ရတော်မူတယ်။
(၃) မိုးသောက်ယံအချိန်မှာ ကိုယ်တော်၏သန္တာန်မှာ ကိလေသာ ဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝ ခြောက်ခန်းစေနိုင်သော ဥာဏ်တော်ကြီးများကို ရတော်မူ တယ်။ ဒါတွေသည် ၀ိဇ္ဇာသုံးပါးပဲပေါ့။
နောက် ၀ိဇ္ဇာ(၈)ပါးဆိုတာ ဆက်ကြစို့။
(၁)၀ိပဿနာဥာဏ်(ရုပ်၊နာမ် အားလုံးသည် အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲရယ်လို့ သိတဲ့ဥာဏ်ကို ခေါ်တယ်)
(၂)သူတစ်ပါးစိတ်အကြံကို သိတဲ့ဥာဏ်
(၃)မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ အလားတူ ကိုယ်တစ်မျိုးကို ဖန်ဆင်းနိုင်တဲ့ ဥာဏ်
(၄)နတ်တွေကဲ့သို့ ဝေးတဲ့အသံ၊ တိုးတဲ့ အသံကို ကြားနိုင်တဲ့ ဥာဏ်
(၅)မြေလျှိုးမိုးပျံ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ဥာဏ်
ဒီဥာဏ်ငါးပါးနဲ့ အထက်က ပြောခဲ့တဲ့ ဥာဏ်သုံးပါးပေါင်းလိုက်ရင် ရှစ်ပါး ဖြစ်သွားပြီပေါ့။
အဲလို ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး နှင့် စရဏ(၁၅) ပါးတို့ နှင့် ပြည့်စုံတော် မူသောကြောင့် ၀ိဇ္ဇာစရဏ သမ္ပန္နောဂုဏ်တော်ကြီးဖြင့် အံ့ချီးမကုန် ပြည့်စုံ တော်မူပါ၏လို့ စိတ်မှာ ရည်မှန်းပြီး ပွားများပေးကြပါစို့။
ဝိဇ္ဇာစရဏ သမ္ပန္နော – အသိဥာဏ်ရော၊ အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။ (၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့် ငါးပါးနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရား)

တစ်နေ့ကိုဂုဏ်တော်တစ်ပါးစီကိုသေသေချာချာလေးသိပြီးဂုဏ်တော် တစ်ခုစီရဲ့ အနက်ကို ဥာဏ်အမြင်ပေါက်အောင်ထိ ပွားများနိုင်ပါစေ။

မှတ်ချက်။ ။ လိုအပ်ချက်များရှိက ပြုပြင်လမ်းညွှန်နိုင်ပါကြောင်း။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”