ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်

who whoDecember 23, 20111min2483

တတိယနေ့
ဗုဒ္ဓေါနဲ့ သုဂတော ဂုဏ်တော်အရကိုပဲ မြတ်စွာဘုရားကို အထူး ကြည်ညိုမိနေပါပြီ။ ဒီနေ့ ဘာဂုဏ်တော်များ ဆက်ရပါ့မလဲဆိုတာလေးကို သိ ချင်စိတ်တွေ ဖြစ်နေကြပါတယ်။
ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်
ပထမတော့ ဘုရားဆုပန်တယ်။ နောက် ဆုပန်ချိန်ကစလို့ ဘုရား အဖြစ်ရောက်သည်အထိ ဘဝပေါင်း လေးသင်္ချေနဲ့ ကမာ္ဘတစ်သိန်းတိုင်အောင် သုဂတော ဂုဏ်တော်နဲ့ ပြည့်စုံတော်မူသော မြတ်ဘုရားရဲ့ ဂုဏ်တွေကို သိခဲ့ရ ပါပြီ။ ခု ဆက်လို့ ဝိဇ္ဇာစရဏ ဂုဏ်တော်အကြောင်းလေး လေ့လာရပါမယ်။
ဝိဇ္ဇာသည် အသိ ဖြစ်ပြီး စရဏသည် အကျင့်လို့ သိရပါမယ်။ အသိသာရှိပြီး အကျင့်မရှိရင် နိဗ္ဗာန်ကို မရောက်နိုင်ပါဘူးနော်။ အကျင့်သာရှိပြီး အသိဉာဏ် မပါပြန်ရင်လည်း လမ်းလွဲသွားနိုင်ပါတယ်။ ဒီနေရာမှာ စရဏဆိုသော ကျင့်ဖွယ်(၁၅)ပါးတို့နှင့် ပြည့်စုံတော်မူတယ်လို့ သိထားရမယ်။ စရဏ (၁၅)ပါး ကို လည်း သိအောင် မှတ်ထားလိုက်ပါ။
(၁)သဒ္ဓါ
(၂)သတိ
(၃)ဟီရိ
(၄)ဩတ္တပ္ပ
(၅)ဝီရိယ
(၆)သုတ
(၇)ပညာ
ဒီထိက သူတော်ကောင်း ဥစ္စာ(၇)ပါးလို့ သိထားပြီးပြီနော်။
(၈)ဘောဇနေ၊မတ္တညုတာ (စားသောက်ရာမှာ မိမိနှင့် သင့်မသင့်ကို နှိုင်းချင့်ပြီး အတိုင်းအရှည်ကိုသိတာ)
(၉)ဇာဂရိယာ နုယောဂ (အအိပ်အနေနည်းမှု၊ နိုးကြားမှုကို ပြောတာပါ)
(၁၀)သီလ (နေ့စဉ်စောင့်ထိန်းတဲ့သီလ)
(၁၁)တွေ့မြင် ကြားသိရသမျှမှာ လောဘ၊ ဒေါသ မဖြစ်စေဘဲ မျက်စိ၊ နား၊ နှာ စသော တို့ကို ငြိမ်သက်အောင် စောင့်စည်းတာ။
(၁၂)ပထမဈာန်
(၁၃)ဒုတိယဈာန်
(၁၄)တတိယဈာန်
(၁၅)စတုတ္ထဈာန်
အဲဒီထိကတော့ စရဏ (၁၅)ပါးပေါ့နော်။ ဒါတွေက အကျင့်တွေပေါ့။ ဒီလိုတွေ ကျင့်ခဲ့လို့ ဝိဇ္ဇာ(၃)ပါးနဲ့ ဝိဇ္ဇာ(၈)ပါးဆိုတဲ့ ဉာဏ်တော်တွေကို ရတော်မူတယ်။
ဒီမှာ ထပ်သိရမှာက ဝိဇ္ဇာ(၃)ပါးကို အရင်မှတ်လိုက်ပါ။
(၁) အထက်က ပြောခဲ့တဲ့ စရဏ(၁၅)ပါးနဲ့ ပြည့်စုံခဲ့လို့ ဘုရားမဖြစ်မီ ကဆုန် လပြည့် ညဉ့်ဦးယံဝယ် ရှေးဖြစ်ဟောင်းကို အောက်မေ့သိရှိနိုင်သော ဉာဏ်ကို ရတော်မူတယ်။
(၂) သန်းခေါင်ယံမှာ နတ်ဗြဟ္မာလောကရှိ သတ္တဝါများနှင့် ငရဲ၊ပြိတ္တာ သတ္တဝါ ဟူသမျှကို မြင်နိုင်သော ဉာဏ်ကို ရတော်မူတယ်။
(၃) မိုးသောက်ယံအချိန်မှာ ကိုယ်တော်၏သန္တာန်မှာ ကိလေသာ ဓာတ်ခိုး ဓာတ်ငွေ့များ လုံးဝ ခြောက်ခန်းစေနိုင်သော ဉာဏ်တော်ကြီးများကို ရတော်မူ တယ်။ ဒါတွေသည် ဝိဇ္ဇာသုံးပါးပဲပေါ့။
နောက် ဝိဇ္ဇာ(၈)ပါးဆိုတာ ဆက်ကြစို့။
(၁)ဝိပဿနာဉာဏ်(ရုပ်၊နာမ် အားလုံးသည် အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲရယ်လို့ သိတဲ့ဉာဏ်ကို ခေါ်တယ်)
(၂)သူတစ်ပါးစိတ်အကြံကို သိတဲ့ဉာဏ်
(၃)မိမိရဲ့ ခန္ဓာကိုယ်ထဲမှာ အလားတူ ကိုယ်တစ်မျိုးကို ဖန်ဆင်းနိုင်တဲ့ ဉာဏ်
(၄)နတ်တွေကဲ့သို့ ဝေးတဲ့အသံ၊ တိုးတဲ့ အသံကို ကြားနိုင်တဲ့ ဉာဏ်
(၅)မြေလျှိုးမိုးပျံ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်တဲ့ဉာဏ်
ဒီဉာဏ်ငါးပါးနဲ့ အထက်က ပြောခဲ့တဲ့ ဉာဏ်သုံးပါးပေါင်းလိုက်ရင် ရှစ်ပါး ဖြစ်သွားပြီပေါ့။
အဲလို ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး နှင့် စရဏ(၁၅) ပါးတို့ နှင့် ပြည့်စုံတော် မူသောကြောင့် ဝိဇ္ဇာစရဏ သမ္ပန္နောဂုဏ်တော်ကြီးဖြင့် အံ့ချီးမကုန် ပြည့်စုံ တော်မူပါ၏လို့ စိတ်မှာ ရည်မှန်းပြီး ပွားများပေးကြပါစို့။
ဝိဇ္ဇာစရဏ သမ္ပန္နော – အသိဉာဏ်ရော၊ အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။ (ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့် ငါးပါးနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရား)

တစ်နေ့ကိုဂုဏ်တော်တစ်ပါးစီကိုသေသေချာချာလေးသိပြီးဂုဏ်တော် တစ်ခုစီရဲ့ အနက်ကို ဉာဏ်အမြင်ပေါက်အောင်ထိ ပွားများနိုင်ပါစေ။

မှတ်ချက်။ ။ လိုအပ်ချက်များရှိက ပြုပြင်လမ်းညွှန်နိုင်ပါကြောင်း။

3 comments

  • ငပေါက်ဖော်

    December 23, 2011 at 11:54 am

    ကောင်းတယ်..ကောင်းတယ်..
    ဘိုးတော်ငပေဆို..ဘာအဓိပ္ပါယ် မှ မသိပဲ..ရမ်းသမ်းပြီး အဓိဋ္ဌာန်နေတာ..
    ခုလိုရှင်းပြပေးမှ..စည်းစနစ်တကျနဲ ့..တည့်တည့်မတ်မတ် အဒိဋ္ဌာန်နိုင်ပြီးသကာလ
    သတ္တဝါအကျိုးသယ်ပိုးနိုင်မပေါ့ဗျာ..သာဓု..သာဓု..
    ပုံ၊
    ဘိုးတော်ငပေါက်ဖော်

  • whowho

    December 23, 2011 at 5:32 pm

    အော် ဘိုးတော်…ဘိုးတော်…ဘိုးတော်အဖွဲ့လည်း ရှိသေးသကိုး။

  • ငပေါက်ဖော်

    December 23, 2011 at 7:20 pm

    ဟင်..
    ပေါက်သိင်္ခ ဆိုတာ သဲ့သဲ့ တောင် မကြားဖူးဘူးလား

    အင်းလေ..ဘယ်ကြားဖူးမလဲ..ရှိမှ မရှိတာ.. 😆

Leave a Reply