မိမိ၏ စိတ်မာန်ကို နှိမ့်ချခြင်း

ashinthusittaDecember 23, 20111min591

လူတို့သည် များသေားအားဖြင့် နှိမ့်ချခြင်း နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မာန်မာနထောင်လွှားမှု ရှိသော သတ္တဝါများ ဖြစ်ကြသည်။ စိတ်မာန်ကို မနှိမ့်ချခြင်းသည် လူတို့အဖို့ သဘာဝဖြစ်နေပုံပေါ်သည်။ လူတို့သည် သဘာဝအားဖြင့် မိမိတို့၏ အမျိုးမြတ်သည့် မိသားစုများ ဆွေမျိုးများ ကိုယ်ခန္ဓာ ဥပဓိ ရုပ်သွင် အဆင့်မြင့်ပညာရေးကို ရရှိခြင်း ကြီးမားသည့် စည်းစိမ်ဥစ္စာများ အခြားသော အခွင့်သာမှုများ၌ ဂုဏ်ယူဝင့်ကြွား ထောင်လွှားတတ်ကြသည်။ ဘဝဆိုင်ရာ ရုပ်ဝတ္ထုပစ္စည်းများ၌ မိမိတို့၏ အောင်မြင်မှုမှာ ဂုဏ်ယူ ဝင့်ကြွား ထောင်လွှားခြင်းသည် သူတို့၏သဘာဝဖြစ်၏။ သူတို့သည် မိမိတို့၏ မိသားစု အမျိုးအနွယ် စည်းစိမ်ဥစ္စာ လူမှုအဆင့်အတန်း ရာထူး အခြားသော ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အကျိုးကျေးဇူးများ၌ ဘဝင်မြင့် မာန်ထောင်လွှားကြသည်ဖြစ်၍၊ ဘဝဆိုင်ရာ ကောင်းမွန်သည့် အရာများ၌ မိမိတို့လောက် အလွန်ကံမကောင်းကြသော ပုဂ္ဂိုလ်များကို မလေးမစား ရှုံ့ချသည့် သဘောဖြင့် အထင်သေးသည့် သဘောရှိကြသည်။ လူတို့သည် ကျယ်ပြန့်သည့် ဗဟုသုတ ကြီးကျယ်လှသည့် ပစ္စည်းဥစ္စာ တန်ခိုးအာဏာကြီးသည့် ရာထူးနှင့် အဘက်ဘက်နီးပါး၌ အလွန်အရေးပါမှု တို့ကို ရရှိသောအခါ ဘဝင်မြင့် ဝါကြွားခြင်းကို မကြာခဏ ပြုတတ်ကြသည်။ သို့ရာတွင် အမှန်တရားကို သိမြင်သည့် ပုဂ္ဂိုလ်တို့၏ မျက်စိအမြင်၌မူကား ဤလူတို့သည် ဟန်ချီသွားလာတတ်သူများ အဆံမပါ အသံသာရှိသည့် အမြောက်ဆံခွန်များသာ ဖြစ်ကြပေသည်။ ထိုသူတို့သည် မိမိတို့ကိုယ်ကိုသာ အရူးလုပ် လှည့်စားနေကြသည်။ အမှန်းအားဖြင့် သူတို့၏ မာန်မာနသည် ဘဝ၌ သူတို့အောင်မြင်မှုအား ကြီးမားသည့် အဟန့်အတား အတားအဆီးတစ်ခု ဖြစ်သည်။ သူတို့၏ လွဲမှားသည့် မာန်မာနက သူတို့၏အပေါင်းအဖေါ်များမှ စစ်မှန်သည့် ချစ်ခင်-လေးစားမှုကို သူတို့အား မရရှိအောင် ငြင်းပယ်ကြပေသည်။

ထိုသူတို့သည် မိမိတို့ထက် အသက်ကြီးသူများအား ရိုသေလေးစားမှုကို မပြကြကုန်။ ငါသည် အလွန့်အလွန် ပညာတတ်သူဖြစ်၏၊ ငါသည် မြင့်မြတ်ကြွယ်ဝချမ်းသာသည့် အမျိုးမှ မွေးဖွားသူဖြစ်၏၊ ငါသည် ရုပ်ချောလှပသူဖြစ်၏ ၊ ငါသည် ကြွယ်ဝချမ်းသာ၏၊ ငါသည် ထင်ရှားကျော်ကြားသူဖြစ်၏ စသည်တို့ကို ပြောဆိုလျက် မိမိတို့ထက် ပို၍ ရိုသေလေးစားထိုက်သည့် အခြားသူတို့ကို နှင်ထုတ်တတ်ကြသည်။ ထိုသူတို့သည် ဤမာန်ထောင်လွှားသည့် အမူအရာဖြင့် အခြားသူတို့ကို အထင်သေး-ရှုံ့ချတတ်ကြသည်။ ထို့ကြောင့် ဤကြွားဝါတတ်သူတို့ကို အမှန်တရား သိမြင်သော သူတို့၏ မဟုတ်မမှန်ဝါကြွားပြောဆိုတာတွေကို ထိုးဖေါက်သိမြင်ကြသော ပုဂ္ဂိုလ်တို့က ပြောင်လှောင်ကြ မထီလေးစားပြုမူ ဆက်ဆံကြသည်မှာ အံ့ဩဘွယ်မဟုတ်ပေ။ ထိုသူတို့မှာ တကယ့်မိတ်ဆွေစစ်များ မရှိကြပဲ ၊ သူတို့မှာရှိသည့် မိတ်ဆွေဟူသမျှတို့သည် မိတ်ဆွေတုများ ဖြစ်သောကြောင့် သူတို့၏ မှားယွင်းတဲ့ မာန်ထောင်လွှားမှုအတွက် သူတို့၏ ရန်သူများအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့ကို စွန့်ပယ်သွားနိုင်ပေသည်။

မနာလို-ဝန်တိုမှုသည် လူ့သဘာဝ၏ အစိတ်အပိုင်းဖြစ်သောကြောင့် အမျိုးမြတ်သော ကောင်းမွန်သည့် အတတ်ပညာရှိသော လူချမ်းသာတစ်ဦးကိုသူတစ်ပါးတို့က မနှစ်မသက်-ချောပစ်ဂုံးတိုက်တတ်ကြသည် ။ ထို့ကြောင့် ထိုလူချမ်းသာသည် မိမိဘဝ၏ အောင်မြင်မှု၌ မာန်ထောင်လွှားမှုကို မပြုသင့်ပဲ ၊ မိမိကိုယ်ကို နှိမ့်ချမှုရှိသင့်သည် ။ အမျိုးအနွယ်နိမ့်ကျ-အတတ်ပညာနည်းပါသော သူဆင်းရဲတစ်ဦးသည် မိမိကို သူတစ်ပါးတို့က အထင်အမြင်သေး မထီလေးစားပြုမူကြသည့်အခါ ၊ စိတ်မပျက်သင့်-စိတ်ဓာတ်မကျသင့်ပေ ။ ဘဝ၏မမြဲသောသဘောတရားကို သိမြင်သောသူသည် (အောင်မြင်နေသည့် အခါမှာလည်း) ဘဝင်မမြင့် ၊ (မအောင်မြင်သည့်အခါမှာလည်း) စိတ်ဓာတ်မကျတတ်ပေ။ စစ်မှန်သည့်နှိမ့်ချမှု နိဝါတ တရားရှိသောသူသည် ပညာရှိမည်၏ ၊ သူတော်ကောင်းမည်၏။ ထိုသူသည် အမြဲနင်းသွားအပ်သည့် ခြေသုတ်အခင်းပုဆိုးနှင့်၎င်း ဦးချိုကျိုးသည့် နွားလားနှင့်၎င်း အစွယ်မရှိသော မြွေနှင့်၎င်း တူလှပေသည်။ မာန်မာနသည် ကျရှုံးခြင်း၏ ရှေ့သွားဖြစ်၏။ မာန်ထောင်လွှားသူအတွက် ထောင်ချောက်တွေ ချောက်တွန်းမှုတွေ များစွာရှိသည်။ စစ်မှန်သည့် နှိမ့်ချမှုသည် အေးငြိမ်းခြင်း ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးတတ်၍ ၊ သူတစ်ပါးတို့၏ ချစ်ခင်လေးစားမှုကို ခံယူရရှိပေသည်။ ဗုဒ္ဓ၏ တရားတော်များမှ ကျွန်ုပ်တို့ ယနေ့ဖြစ်နေသည့် ဘဝအအြေနေသည် အတိတ်ဘဝ၏ အကျိုးတရားဖြစ်၏  ဟူ၍ ကျွန်ုပ်တို့ သိရှိရသည်။ ဤသဘောကို သိနားလည်လျှင် ၊ မိမိကိုယ်ကို နှိမ့်ချမှုသည် အလွယ်တကူ ဖြစ်ပေါ်လာသည်။ မိမိကိုယ်ကို နှိမ့်ချသောသူသည် လူအားလုံးက ချစ်ခင် မြတ်နိုး-ချီးမြှောက်မစခြင်းကို ခံရ၍ ၊ ဘေးကင်းလုံခြုံ-ပျော်ရွှင်ချမ်းမြေ့-အေးငြိမ်းခြင်း ရှိသော ဘဝမျိုးကို နေထိုင်သွားရနိုင်သည်။ ထို့ကြောင့် မိမိကိုယ်ကို နှိမ့်ချပါ ၊ ဘဝင်မြင့် ထောင်လွှားခြင်း မပြုမိပါစေနှင့်။

One comment

  • zaw min

    December 23, 2011 at 7:33 pm

    မှန်လှပါ …ဘုရား..တပည့်တော်တို့ ပုထုစဉ်တွေဆိုတော့ မာန်မာနတွေ မကင်းကြပါဘူးဘုရား…
    မာန်မာနထောင်လွှားသူတွေထဲမှာ တပည့်တော်တို့ရဲ့ သူကြီး ဦးခိုင်တော့ပါမယ်မထင်ပါဘူးဘုရား…
    ဘာကြောင့်လည်းဆိုတော့ သူကြီးကတရားထိုင်လာတာ အနှစ်(၂၀)ကျော်ပီတဲ့…

Leave a Reply