တစ်နေ့သ၌ ပင်လယ်ရပ်ခြားခရီးမှ ကျွန်ုပ်သည် ပြန်ရောက်လာစဉ်တွင် များစွာအားလပ်နေသည့် အတွက် ကျွန်ုပ် အိမ်ဂေဟာ၏ ဘုရားခန်းတွင် ၇ ရက်သားသမီးများကို ကူညီရန်အလို့ငှာ အခမဲ့ တဲရော့ခ်ဗေဒင် ဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၂၀- နှစ်အရွယ်ရှိသော အင်မတန် ချောမောလှပသော မစံပယ် (အမည်လွှဲ) ဟု အမည်ရသော မိန်းကလေး တစ်ဦးသည် လွန်စွာလေးလံနေသော ခြေလှမ်းများဖြင့် ၀င်ရောက် လာလေတော့၏။
(စကားချပ် ။ ။ လွန်ခဲ့သော တစ်နှစ်ကျော်တုန်းက ကျွန်တော်သည် အိမ်ရှေ့ဘုရားခန်းတွင် နီးစပ်ရာ မိတ်ဆွေများကို ကူညီရန်အတွက် အခမဲ့ တားရော့ခ်ဗေဒင်ဟောခန်းလေး ဖွင့်ဖူးသည်။ သိပ်မကြာခင်မှာပင် ကျွန်တော့် ဟောခန်းလေးကို မိခင်၏ တစ်ချက်လွှတ်အမိန့်ဖြင့် ဖျက်သိမ်းလိုက်ရသည်။ ကျွန်တော်၏ မိဘများသည် ပင်လယ်ရပ်ခြားမှ ပြန်ရောက်သည့်အခါတိုင်း ဗေဒင်နှင့် ဂမ္ဘီရဆန်ဆန်ကိစ္စများ ပြုလုပ်နေသော အကျီနီညိုရောင်ဝတ်ထားသော ကျွန်တော့်အား ငယ်ငယ်ရွယ်ရွယ်နှင့် လိုင်းကြောင်သွားမှာ စိုး၍ထင်ပါသည်။ ဗေဒင်ပညာကို လိုက်စား ယုံကြည်သော သားတော်မောင် ကျွန်တော်နှင့် ငွေရှာရန်သာ ဖိအားပေးတတ်ပြီး ဗေဒင် ဟောလျှင် အရည်မရ အဖတ်မရ ပြုလုပ်နေသည်ဟု ထင်မြင်နေသော ကျွန်တော်၏ မိဘများသည် အယူအဆ မတူခဲ့ကြပါ။ အသက်ကြီးပြီး ဖြစ်သော ကျွန်တော်၏ မိဘများသည် ဘုရားခန်းတွင် လူရှူပ်ရှူပ်ဖြစ်နေသည်ကို လိုလားဟန်မတူကြပါ။)

ထိုမိန်းကလေးသည် ကျွန်ုပ်ထံတွင် ဗေဒင်မေးမြန်းလို၍ ရောက်ရှိလာခြင်းဖြစ်၏။ ဗေဒင်မေးသည် ဆိုရာ၌ အဓိကအားဖြင့် သူမ၏ အိမ်ထောင်ရေးကို သိရှိလို၍ လာရောက်ခဲ့ခြင်းပင် ဖြစ်လေ၏။ ဤနေရာ၌ မစံပယ်၏ အကြောင်းကို အနည်းငယ်မျှ ပြောပြရန် လိုအပ်ပါသည်။ မစံပယ်သည် ရှမ်းပြည်နယ် တောင်ကြီးဘက်မှ ဖြစ်၏။ သူမ၏ အသားအရည်သည် ၀င်းပ၏။ အရပ်အမောင်း ကောင်း၏။ နှာတံပေါ်၏။ တိုင်းရင်းသူ ဖြစ်သောကြောင့် မျက်နှာ အနည်းငယ်လေးဒေါင့် ဆန်၏။

အကျဉ်းချုပ်ပြောရပါမူ ထိုမိန်းကလေးသည် လွန်စွာ ကြည့်၍ကောင်း၏။ အင်မတန် ချောမောလှပ၍ တင့်တယ်သော ထိုမိန်းကလေးသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ သူမ၏ အိမ်ထောင်ရေး အကြောင်းကို သိရှိလိုသောကြောင့် ရောက်ရှိလာခဲ့လေ၏။ သူမ၏အသက်သည် (၂၀)နှစ်ရှိပြီ ဖြစ်၏။ အသက် ၁၉နှစ်တွင် အိမ်ထောင် ကျခဲ့၍ အိမ်ထောင်သက် (၈)လလောက် အရောက်တွင် သူမ၏ အမျိုးသားသည် သူမအား ထားပစ်ခဲ့၍ အိမ်မှ အပြီးအပိုင် ထွက်သွားခဲ့သည်ဟု သိရ၏။ သူမ၏ အကြောင်းကို ထိုကဲ့သို့ ပြောပြလေသော အခိုက်တွင် ကျွန်ုပ်၏ စိတ်တွင် ဤမျှလောက် ချောမောလှပသော ထိုအမျိုးသမီးကို စွန်ပစ်ထားရစ်ခဲ့သော ၎င်း၏ အမျိုးသားကို နားမလည်နိုင် ဖြစ်မိလေ၏။ ထို့နောက် ကျွန်ုပ်၏ စိတ်သည် စွန့်ထားခံခဲ့ရသော မိန်းကလေးကိုပင် ဂရုဏာ သက်မိလေ၏။ ထို့နောက် မစံပယ်က …

သူ အိမ်က ထွက်သွားတာ တစ်လလောက် ရှိပြီကိုရင်။ အခုဆိုရင် ကျွန်မ တစ်ယောက်တည်း ဘ၀ကို ဖြစ်သလို ဖြတ်သန်းနေရတာ။ ပတ်ဝန်းကျင်ကလည်း ကျွန်မကို အထင်သေးပြီး အတင်းတွေ ဘာတွေတောင် ပြောကြတယ်။ ကျွန်မဖြင့် အရမ်း အားငယ်တာပဲ ကိုရင်ရယ်ဟု မျက်လုံး၌ မျက်ရည်စများ ရစ်ဝဲလျှက် ပြောလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ စိတ်အစဉ်သည် ငြိမ်သက်နေသော ညောင်ဗုဒ္ဓဟေပင်ကို လေပြင်းတိုက်ခတ်သကဲ့သို့၎င်း၊ တည်ငြိမ်နေသော ကန်ရေပြင်ကို ခဲကြီးကြီး ပစ်ချလိုက်သကဲ့သို့၎င်း သနားစရာ ကောင်းသော မစံပယ်ဟူသော အမျိုးသမီးကို လွနိစွာသနားဂရုဏာ ဖြစ်မိသွားလေ၏။

ကျွန်ုပ်သည် ထိုမိန်းကလေးအား တားရော့ကဒ်များဖြင့် ကြည့်ပေးလိုက်လေ၏။ အိမ်ထောင်ရေး ကံဇာတာမှာ လွန်စွာ မကောင်းကြောင်း အိမ်ထောင်ဘက် အမျိုးသားမှာ ပြန်လာမည်ဟု မမြင်ကြောင်း ။ သူမအား အပြီးအပိုင် စွန့်လွှတ်သွားတာ ဖြစ်ကြောင်း ၊ ဒီလို မပြောချင်ပေမယ့် စိတ်မကောင်းစွာနှင့် ပြောရကြောင်း စသည်ဖြင့် ဟောပေးလိုက်၏။ ထိုအချိန်တွင် ၎င်းမစံပယ်၏ ရစ်ဝဲနေသော မျက်ရည်များသည် ကျွန်ုပ်၏ ဗေဒင်ဟောသော စာပွဲခုံပေါ် အောက်ခင်း ကတ္တီပါစပေါ်သို့ မျက်ရည် တစ်ပေါက်ခြင်းစီ ကျလာလေတော့၏။ သူမ၏ ငိုသံသည်လည်း တိတ်ဆိတ်နေသော ကျွန်ုပ်၏ အခန်းတွင်းတွင် တဖြေးဖြေး ထွက်ပေါ်လာလေတော့၏။ မစံပယ်နှင့် အဖော်ပါလာသော အမျိုးသမီးတစ်ဦးသည် မစံပယ်အား အနားသို့ကပ်ခါ သတိပေး အားပေးရှာလေ၏။

မစံပယ်က ကိုရင်ရယ်။ ကျွန်မကလေ အိမ်ထောင်ရေး ကံဇာတာ မကောင်းဘူး ထင်ပါတယ်။ အရင် တစ်ယောက်တုန်းကလည်း ဒီလိုပဲ ကျွန်ုပ်မကို ဘာမပြောညာမပြော ပစ်သွားခဲ့တာ။ အခု တစ်ယောက်မကောင်း လို့ နောက်တစ်ယောက်ကို အိမ်ထောာင် ပြုပြန်တော့လည်း အရင် တစ်ယောက်လိုပဲ ကျွန်မကို ပစ်သွားပြန်ပြီ။ ကျွန်မရဲ့ ကံကိုက မကောင်းတာပါရှင်။ အခုတော့ ကျွန်မဘ၀ကို ကျွန်မ ဘယ်လို ဆက်ပြီး ရှင်သန်နေထိုင် သွားရမယ်မှန်းတောင် မသိတော့ပါဘူးရှင်ဟု ပြောသောကြောင့် ကျွန်ုပ်ကလည်း အားမငယ်ပါနဲ့ မစံပယ်ရယ်။ ဘ၀ဆိုတာ ဒီလိုပါပဲ။ ကိုယ်ရည်ရွယ်သလို မဖြစ်တတ်ဘူးလေ။ လူ့လောကကို ၀င်ရောက်လာပြီဆိုကတည်းက ငိုကြွေးတဲ့ အသံတွေနဲ့ ၀င်ရောက်လာခဲ့တာလေ။ ထွက်သွားတဲ့ အချိန်ကြရင်လည်း ငိုသံတွေနဲ့ဆိုတော့၊ ဒီလူ့လောက ကြီးကိုက ငိုကြွေးခြင်းနဲ့ စတင်ပြီး ငိုကြွေးခြင်းနဲ့ပဲ အဆုံးသတ်ရတာကိုပဲ ဘ၀လို့ဆိုသလား မသိပါဘူးမစံပယ်ရယ်ဟု မဆီမဆိုင် စကားများကို ပြောရင်း အားပေးလိုက်လေ၏။

ထို့နောက် မစံပယ်သည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းထဲတွင် ခေတ္တခဏမျှ ထိုင်နေပြီးလျှင် ကျွန်ုပ်အား နှုတ်ဆက်လျှက် ပြန်သွားလေတော့၏။ ကျွန်ုပ်အား ကျောခိုင်းထွက်ခွါသွားသော မစံပယ်၏ ကျောပြင်အား ငေးမောကြည့်မိရင်း အနာဂါတ်မှာ ကံကောင်းပါစေ မိန်းကလေးရေဟု စိတ်ထဲမှ ဆုတောင်းပေးလိုက်လေ၏။

ကျွန်ုပ်၏ ဗေဒင်ဟောခန်းမှ မစံပယ်လည်း ပြန်သွားပြီဖြစ်၏။ ကျန်နေသေးသော မိတ်ဆွေ သုံးလေးယောက်ကို ကျွန်ုပ်လည်း ဆက်လက်၍ တားရော့ခ်ဗေဒင်ဟောပေးလိုက်၏။ ထို မိတ်ဆွေ သုံးလေးယောက် ပြန်သွားသောအခါတွင် ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်တည်း ကျန်နေတော့၏။ ထိုအချိန်တွင် လွန်စွာ သနားဖွယ်ကောင်း သော မစံပယ်၏ မျက်နှာလေးသည် ကျွန်ုပ်၏ အာရုံထဲတွင် ပြန်ပေါ်လာပြီးလျှင် ကျွန်ုပ်လည်း အောက်ပါအတိုင်း ဆက်လက်တွေးနေမိတော့၏။

အော်… မစံပယ်ဆိုတဲ့ မိန်းကလေးက ဘယ်မှာ နေတာလဲ မသိဘူး။ ယောက်ျားက စွန်ပစ်သွားတာ ဆိုတော့ သူမနေတဲ့ ပတ်ဝန်းကျင်မှာ တစ်ယောက်တည်း တော်တော် အန္တရာယ်များမှာပဲ။ ပါတ်ဝန်းကျင်ကလည်း အထင်သေးပြီး အတင်းတွေပြောတာ ခံနေရမှာပဲ။ လူတွေကလည်း တော်တော်မကောင်းတာပဲ။ အားနည်းတဲ့လူကို အားပေးမယ်ဆိုတာ မရှိဘူး။ ရေနစ်သူဝါးကူလို့ ထိုးဆိုတာ ဒီလိုမျိုးကိုပြောတာနေမှာ။ သူတို့နေရာမှာ ငါသာဆိုရင် မစံပယ်ကို မကောင်းမပြောပါဘူး။ လိုအပ်တာကိုတောင် ကိုယ်တတ်နိုင်သလောက် ကူညီပေးဦးမှာ။ အင်း တစ်ယောက်တည်း ဆိုရင် ကျန်းမာရေး မကောင်းရင်တော့ ဒုက္ခပဲ။ တစ်ယောက်တည်း သတိတွေ ဘာတွေ လစ်နေရင် လူမသိ သူမသိဘဲ ဒုက္ခဖြစ်နေတော့မှာ။ အင်း ငါကလည်း သတိမေ့တတ်လိုက်တာ။ ဖုံးနံပါတ်လေး တောင် မတောင်းထားလိုက်ရဘူး… စသည်ဖြင့် တောင်စဉ်ရေမရ တွေးနေမိလေတော့၏။ ထိုအတွေးများနှင့် အတူ ကျွန်ုပ်၏ စိတ်အစဉ်သည် လေးလံသွားလေတော့၏။

ကျွန်ုပ်သည် ညနေငါးနာရီလောက်တွင် တစ်နေကုန် ၀တ်ထားသော ဗေဒင်ဟောသော နီညိုရောင် ယူနီဖောင်းကို လဲဝတ်လိုက်၏။ ထို့နောက် ရေမိုးချိုး၏။ အ၀တ်အစားလဲ၏။ ညနေဘက် အလေ့အကျင့်အရ ဘုရားစင်ကို သန့်ရှင်းရေးလုပ်၏။ ဘုရားသောက်တော်ရေ လဲ၏။ မြတ်ဘုရားအား ဆီမီးထွန်းခြင်း၊ အမွေးနံ့သာများ ကပ်လှူပူဇော်ခြင်း ဘုရားပန်းလဲခြင်း စသော ဘုရား ဝေယျာ ဝေစ္စများကို ပြုလုပ်ပြီးလျှင် ဘုရားရှိခိုး အဓိဋ္ဌာန်ပုတီးစိတ်ရန်အတွက် ဘုရားစင်ရှေ့တွင် ထိုင်လိုက်ပြီးလျှင် မြတ်စွာဘုရားအား လက်အုပ်ချီလိုက်လေ၏။

ထိုအချိန်တွင်ပင် ကျွန်ုပ်၏ အာရုံထဲသို့ မစံပယ်၏ ညှိုးငယ်နေသော မျက်နှာကလေးသည် ဖြတ်ခနဲ့ မဖိတ်ခေါ်ရပါဘဲ ရုတ်တရက် ပေါ်လာလေတော့၏။ ကျွန်ုပ်သည် ဆက်လက်၍ ဘုရားရှိခိုးရန် အတွက် စိတ်ဂနာမငြိမ် ဖြစ်နေတော့၏။ ကိုယ့်စိတ်ကို မနည်းစုစည်းလိုက် ပြန်၍ မစပယ်ထံသို့ လွင့်သွားလိုက် ဖြစ်နေ၏။ ကျွန်ုပ်၏ စိတ်သည် အခါတိုင်းကဲ့သို့ ကြည်ကြည်လင်လင် တက်တက်ကြွကြွ မရှိတော့ဘဲ စိတ်နှင့် ကိုယ်မကပ်ဘဲ ဘုရားရှိခိုး ပြီးသွားလေတော့၏။ အမှန်အတိုင်း ၀န်ခံရလျှင်ပါမူ ဘုရားရှိခိုးသော အချိန်တွင် ကျွန်ုပ်၏ စိတ်အစဉ်သည် မြတ်ဘုရားထံတွင် အာရုံကပ်မနေဘဲ နှုတ်ကသာ ဘုရားစာများကို ကြက်တူရွေးတစ်ကောင် ကဲ့သို့ တတွတ်တွတ် ရွတ်ဆို ပြီးသွားခြင်း ဖြစ်လေတော့၏။

ဘုရား ၀တ်တက်၍ ပြီးသောအခါတွင်လည်း ကျွန်ုပ်သည် ဘုရားစင်ရှေ့မှ မထနိုင်သေးဘဲ ပုတီးကို ရှေ့တွင် ချကာ ငူငူကြီးထိုင်လျှက် မစံပယ်၏ အကြောင်းကို ဆက်လက်၍ တွေးနေမိလေတော့၏။ ထိုကဲ့သို့ စားချိန်တွင်လည်း မစံပယ်အကြောင်း အိပ်ချိန်တွင်လည်း ကောင်းမွန်စွာ မအိပ်စက်နိုင်သေးပဲ မစံပယ် အကြောင်းများကို တောင်စဉ်ရေမရ တွေးတောလျှက် မအိပ်နိုင်သေးဘဲ ရှိလေတော့၏။ မြင်သာထင်သာအောင် ပြောပြရပါမူ သတိနဲ့ကိုယ် မကပ်ခြင်းပင်ဖြစ်၍ သမာဓိဆိုသော စိတ်ဓာတ် တည်ငြိမ်ခြင်း ပျက်သွားခြင်းပင် ဖြစ်၏။

ထိုကဲ့သို့ ကျွန်ုပ်၏ စိတ်သည် မစံပယ်အကြောင်းကို တွေးတောပူပန်လျှက် စိတ်နှလုံး ညှိုးနွမ်းစွာ ကုန်လွန်ခဲ့သော အချိန်များသည် နာရီမှ ရက် ၊ ရက်များမှ လတိုင် ကျွန်ုပ်၏ စိတ်ထဲမှ မပျောက်သွားဘဲ ကျွန်ုပ်အား ကောင်းစွာ နှိပ်စက်လေတော့၏။ လုပ်နေကျ အလုပ်များကိုလည်း စိတ်မပါတော့သလို ဖြစ်နေတော့၏။ ပျင်းသလိုလို စိတ်လေသလိုလို ဖြစ်နေ၏။ ထိုကဲ့သို့ နေထိုင်လာခဲ့ရာမှ တစ်နေ့တွင် ကျွန်ုပ်၏ တားရော့ခ် ဗေဒင်ဟောခန်းအတွင်းသို့ မစံပယ်ဟု အမည်ရသော လွန်စွာချောမောသော မိန်းကလေးသည် အဖော် အမျိုးသားတစ်ဦးနှင့်အတူ ၀င်ရောက်လာ ခဲ့လေ၏။ ထို့နောက် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။

ကိုရင်ရေ….။ ဘယ်တော့မှ ပြန်မလာတော့တဲ့ ဟိုအကောင်ကိုတော့ လုံးဝ မမျှော်တော့ဘူးလေ။ အခု ကျန်နေသေးတဲ့ အနာဂါတ်အတွက် ကျွန်မ အဖော်တစ်ယောက် ရှာထားတယ်။ ကျွန်မအတွက် ကောင်းမကောင်း ကိုက်မကိုက် တွက်ကြည့်ပေးပါဦး။ ဘ၀ဆိုတာ စိတ်ပျက်ဝမ်းနည်း အားငယ်စရာတွေကို အတတ်နိုင်ဆုံး မေ့ထားပြီး ရသသလောက် ပျော်ရွှင်မှုလေးတွေနဲ့ ဖြတ်သန်းသွားရမှာ မဟုတ်လား ကိုရင်ရယ်ဟု ကျွန်ုပ်အား ပြောရင်း တစ်ဘက်မှ အတူထိုင်နေသော အဖော်အမျိုးသားဘက်ကို လှည့်ကြည့်ရင်း ရှင်လည်း အရင် လူတွေလို ကျွန်မကို ပစ်ထားခဲ့မှာလားဟု လှည့်၍ မေးလေ၏။

ထိုအခါ အဖော်အမျိုးသားက ချက်ချင်းဆိုသလို သွားများကို အကုန် ဖြဲလျှက် မပစ်ပါဘူး စံပယ်ရယ်။ ဘုရားစူး မိုးကြိုးပစ်ပါ။ မယုံဘူးလား။ ရင်ထဲကစကားပါ။ မယုံရင် နားထောင်ကြည့်ဟု ရင်ဘတ်ကြီးကို ကော့၍ ပြလိုက်လေ၏။ ထို့နောက် ကျွန်ုပ်သည် မစံပယ်တို့ နှစ်ဦးအား ကောင်းမွန်စွာ ဗေဒင်တွက်ပေးလိုက်လေ၏။ သူတို့နှစ်ဦးလည်း ကျွန်ုပ်အား နှုတ်ဆက်၍ ပြန်သွားကြလေ၏။

ထိုအချိန်တွင် ကျွန်ုပ်သည် ထိုင်၍ စဉ်းစားမိသည်မှာ ….

အော်…. ငါ့နှယ်။ ငါက စံပယ်ဆိုတဲ့ မိန်းကလေးကို အကြောင်းပြုပြီး ပူပန်နေလိုက်တာ။ စားချိန်လည်း ကောင်းကောင်း စားမရ၊ အိပ်ချိန်လည်း ကောင်းကောင်း အိပ်မရ။ နောက်ဆုံး ဘုရားရှိခိုး တရားထိုင်တဲ့ အချိန်တွေမှာတောင် ကောင်းကောင်း စိတ်မဖြောင့်ဘူး။ သူ့အတွက် ပူပန်နေလိုက်တာ။ ငါနဲ့ ဘာမှ သွေးမတော် သားမစပ်၊ ဘာမှလည်း မပါတ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ငါ့ဆီမှာ ဗေဒင်ကြည့်တာ တစ်ခုလေးနဲ့ ငါက လိုက်ပြီး ပူပန်နေလိုက်တာ။

သူကတော့ နောက် အဖော်တစ်ယောက်နဲ့။ ရီရီမောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ပါလား။ ဒီအတိုင်းဆိုရင် အလိုလိုလိုက်ပြီး ပူပန်နေမိတဲ့ငါက သက်သက် အပို အလုပ်တွေကို လုပ်နေမိတာပါလား။ အမှန်က ဗေဒင်ဆရာဆိုတာ ဗေဒင်ဟောဖို့ တစ်ခုပဲလေ။ ဗေဒင်ဟောပြီးရင် ငါ့အလုပ်က ပြီးသွားပြီပဲ။ သူ့ဆီကို ငါ့စိတ်ကေ၇ာက်နေတာကိုက ငါမှားနေတာဟု တစ်ယောက်တည်း ထိုင်စဉ်းစားရင်း ခေါင်းရင်းဘက် နံရံတွင် ချိတ်ဆွဲထားသော ဆရာသခင် အဘမင်းသိင်္ခ၏ ဓာတ်ပုံကို လှမ်းကြည့်လိုက်ရင်း ကျွန်ုပ်သည် အဘအား အောက်ပါအတိုင်း ပြောလိုက်မိလေတော့သတည်း။

အဘရေ… အဘကတော့ တပည့်တွေကို ဗေဒင်ဟောပါ။ သင်…မပါစေနဲ့လို့ ဆုံးမထားခဲ့တယ်နော်။ အခုတော့ ကျွန်တော်က ဗေဒင်ဟောတဲ့ အထဲမှာ ကျွန်တော် ပါနေမိလိုက်ပြီ အဘရေ.. ဟု ပြောလိုက်မိလေတော့သတည်း။

About အူးစည်

has written 140 post in this Website..