ဖားသားဆီပြန်ဟင်း

koyin sithuDecember 23, 20111min15015

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်းကြီးဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သော လူကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလာလေ၏။ ကျွန်ုပ် ကြီးပြင်းခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းကိုပီတာကြီးအား အရူးပီတာဟု ခပ်လွယ်လွယ် ခေါ်ကြသော်လည်း ကျွန်ုပ်မှာမူ ထို့သို့ မခေါ်ရက်သောကြောင့် ကိုပီတာဟုပင် ခေါ်ဝေါ်ခဲ့လေ၏။

ကိုပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်..“ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်…” ဟု ကိုးရိုးကားယား နှုတ်ဆက်လိုက်လေ၏။ ကျွန်ုပ်ကမူ.. “ ကဲပါ.. ကိုပီတာကြီးရယ်၊ ဒီနေ့မနက်စာ ဘာဟင်းနဲ့စားမလဲ ပြောစ်းပါဗျာ၊ ကျုပ် ချက်ကျွေးစမ်းပါရစေ” ဟု မေးလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက.. “ကတ်သီးကတ်သတ် တွေလည်း မစားတတ်ပါဘူးကွာ၊ ဈေးထဲမှာ စားဖားတွေရနေပြီ၊ ဖားသားဆီပြန် တစ်ခွက်ရယ်၊ ငါးပိထောင်းစပ်စပ် ကလေးတစ်မယ်ရယ်၊ ဟင်းခါးပူပူရယ်၊ မုန်လာဥသုပ်ရယ် ငါးပိရည်တို့စရာပေါ့ကွာ၊ ဒီ့ထက်လည်း မပြောတတ်ပါဘူး” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်သည် ဂျလေဘီ မောင်ဆုဟုခေါ်သော တပည့်လေးအား ဈေးသို့ လွှတ်ရလေတော့၏။ မောင်ဆု ဈေးမှ ပြန်လာသောအခါ၌ သီဟိုဠ်ပင်အောက်တွင် မီးသွေးဖိုကလေးကိုချ၍ ကိုပီတာကြီးနှင့် စကားပြောရင်း ထမင်းဟင်းလျာများကို ချက်ပြုတ်ရလေတော့၏။ ကိုပီတာကြီးနှင့် စကား လက်စပြတ်သွားသော အခါ၌ ကျွန်ုပ်သည် ဖတ်လက်စ စာအုပ်ကြီးတစ်အုပ်ကို ဆက်၍ ဖတ်နေလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ် စာဖတ်နေသည်ကို အံ့ဩသော မျက်နှာဖြင့် ငေးမောကြည့်ရှုနေလေ၏။

ကျွန်ုပ်ဖတ်နေသော စာအုပ်ကြီးမှာ လွန်စွာထူ၏။ လွန်စွာမှလည်း ခန့်ညား၏။ ထို့အပြင် မြန်မာ ဘာသာဖြင့် ရေးထားသော စာအုပ်လည်း မဟုတ်ပေ။ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော စာအုပ်ကြီးဖြစ်၏။ ထိုစာအုပ်ကြီးမှာ အင်္ဂလိပ်စာ ကောင်းစွာ တတ်ကျွမ်း၍ အနက်အဓိပ္ပါယ်ကို အရသာ ခံနိုင်သောသူတို့ အရေးတယူ ဖတ်လေ့ရှိသော စာအုပ်ကြိးဖြစ်၏။ ထိုစာအုပ်ကြီးကို မဖတ်ဖူးလျှင်ပင် အင်္ဂလိပ်စာကို နှံ့နှံ့စပ်စပ် ဖတ်ဖူးသည်ဟု ပြောရန် ခက်ပေလိမ့်မည်။ တိုတိုနှင့် လိုရင်းဆိုရပါမူ တကယ်တတ်ကျွမ်းသော အင်္ဂလိပ် စာသမားတို့၏ အသည်းစွဲ စာအုပ်ကြီး တစ်အုပ်ဖြစ်လေ၏။

ကျွန်ုပ်သည် “ငွေတစ်ပဲနှင့် ငါးကြင်းခေါင်းထက်ကိုင်” ဆိုသော စကားပုံကံသို့ ထိုစာအုပ်ကြီးကို တက်၍ကိုင်နေခြင်းဖြစ်၏။ အမှန်စင်စင်အားဖြင့် ကျွန်ုပ်တက်ကျွမ်းသော အင်္ဂလိပ်စာအဆင့် အတန်းမှာ သူငယ်တန်းမျှလောက်သာရှိ၏။ သို့ရာတွင် အဘယ်ကြောင့် ကျွန်ုပ်နှင့် အဆင့်မမီသော ထိုစာအုပ်ကြီးကို ဖတ်နေရသနည်းဆိုမူ “ကျုပ်လည်း အဲဒါကြီးကို ဖတ်ဖူးပါတယ်ဗျာ..” ဟု မုသားမပါဘဲ ဂိုက်ထုတ်ကြွားဝါ လိုသောကြောင့် ဖတ်နေရခြင်းဖြစ်၏။ ကျွန်ုပ်သည် ထိုစာအုပ်ကို ဖတ်နေရသော ခဏ၌ ကြီးမားသော ဝဋ္ဋ်ဒုက္ခတစ်ခုကို ခံစားနေရသကဲ့သို့ရှိ၏။

သို့ရာတွင် တစ်စုံတစ်ယောက်က “ဒီစာအုပ်ကြီး ဖတ်ရတာ ဘယ့်နဲ့လဲ” ဟုမေးပါမူ “ကောင်းသဗျာ၊ ကျုပ်တော့ဖြင့် အလွန်ကို ကြိုက်တာပဲ” ဟူ၍ ခပ်ကြွားကြွားလေး ပြန်၍ဖြေမိပေလိမ့်မည်။ “ ကိုယ့်အကြောင်း ကိုယ်သိ” ဆိုသကဲ့သို့ ကျွန်ုပ်သည် ဤမျှခက်ခဲ လေးနက်သော စာအုပ်ကြီးကို ဖတ်နေငြားသော်လည်း အမှန်အားဖြင့် ကောင်းစွာနားမလည်ပေ။ သို့မဟုတ် လုံဝနားမလည်ပေ၊။ ကျွန်ုပ်သည် ထိုစာအုပ်ကြီးကို ခပ်တည်တည်ဖြင့် ဖတ်နေ၏။ ကိုပီတာကြီးသည် အံ့ဩသကဲ့သို့ ကျွန်ုပ်အား ကြည့်နေ၏။ သို့ရာတွင် တစ်စုံတစ်ရာပြောဆိုခြင်း မပြုရှာပေ။

ကျွန်ုပ်ချက်သော ဖားသားဟင်းဆီပြန်၊ မုန်လာဥသုပ်၊ ပိန်းရိုးဟင်းခါးစသည်တို့မှာ ကျက်သွားပြ ီဖြစ်သောကြောင်း ထိုအနား၌ပင် ထမင်းစား စားပွဲဝိုင်းကလေးကိုချ၍ ထမင်းပွဲပြင်ကာ ကိုပီတာကြီးအား ကျွေးမွေးရလေတော့၏။ ကိုပိတာကြီးသည် ထမင်းကို မြိန်ရှက်စွာစားနေ၏။ ထမင်းစားပြီးသောအခါ၌ ရေနွေးကြမ်း၊ ထန်းလျက်ဖြူ ဆုပ်တို့ဖြင့် အချိုပွဲ တည်းလျက်ရှိလေ၏။ အချိုပွဲကို လက်စသပ်ပြီးသော အခါ၌ ကျွန်ုပ်ထံမှ စီးကရက် တစ်လိပ်ကို တောင်းယူကာ ရှိုက်ဖွာ၍ နေပြန်လေ၏။

ထို့နောက် ကိုပီတာကြီးက.. “ဖိုးအောင်ထွန်းရေ..မင်းကို နာရောပဆိုတဲ့ လူတစ်ယောက်အကြောင်း ပြောပြရဦးမယ်” ဟု စကားစလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က.. “ပြောပါဗျာ.. ပြောပါ၊ နားထောင်ပါ့မယ်” ဟု ပြန်၍ပြောလိုက်မိလေ၏။ “ဒီလိုကွ..ရှေးအခါတုန်းက အိနိ္ဒယပြည်မှာရှိတဲ့ ကျောင်းတော်ကြီးတစ်ခုမှာ ကျောင်းအုပ် ဆရာကြီးတစ်ဦးဖြစ်တဲ့ နာရောပဆိုတဲ့ လူတစ်ယောက်ဟာ အလွန်ခက်ခဲနက်နဲတဲ့ ကျမ်းစာအုပ်ကြီး တစ်အုပ်ကို ဖတ်နေတယ်၊ အဲဒီကျမ်းစာအုပ်ကြီးကလည်း ရှေးဟောင်း စာအုပ်ကြီးဆိုတော့ သက္ကတ ဘာသာနဲ့ ရေးထားတာကွ၊ နာရောပဟာ တခြားဘာသာရပ် တွေကိုတော့ ကောင်းစွာ တတ်ကျွမ်းချင် တတ်ကျွမ်းပေမပေါ့ကွာ၊ ဒါပေမဲ့ သက္ကတဘာသာနဲ့ ပတ်သက်ရင်တော့ ဟန်ကျပန်ကျတတ်တာ မဟုတ်ဘူးကွ၊

မင်းအနေနဲ့ နားလည်အောင်ပြောရရင် နာရောပတတ်တဲ့ အဆင့်က သူငယ်တန်းလောက် တတ်တာကွ၊ သူဖတ်နေတဲ့ စာအုပ်ကြိးရဲ့ အဆင့်က သက္ကတဘာသာမှာ ပါရဂူဘွဲ့လောက် ရတဲ့လူလောက်မှ ဖတ်နိုင်၊ နားလည်နိုင်မှာကွ၊ ဒါပေမဲ့သူက အဲဒီကျမ်းကြီးကို ဘာကြောင့်ဖတ်နေသလဲဆိုတော့ “ကျုပ်လည်း ဒီကျမ်းကြီးကို ဖတ်ပြီးနေပါပြီဗျာ” လို့ ပြောလို့ရအောင် ဖတ်နေတာကွ၊ အမှန်က သူ့အနေနဲ့ ဖတ်သာ ဖတ်နေတာ၊ တစ်လုံးမှ နားမလည်ဘူး၊ အဲဒီတော့လည်း ဖတ်ရင်းနဲ့ အိပ်ငိုက်လာတာပေါ့ကွာ၊

အဲဒီတော့ ကျမ်းကြီးကို ခေါင်းအုံးပြီး အိပ်ပါလေရော အဲဒီမှာ အိပ်မက်မက်တော့တာပဲ” ဟု ကိုပီတာကြိးက ဖြည်းညှင်းစွာပြောရင်း ပြောလိုသည့်အကြောင်းအရာကို အခိုင်အမာ တည်ဆောက်လိုက်လေ၏။ “ အတော့်ကို စိတ်ဝင်းစားဖို့ ကောင်းတာပဲ၊ ဆက်ပြီး ပြောပါဥိး ကိုပီတာကြီးရဲ့” ဟု ကျွန်ုပ်က ပြောရလေ၏။ ထိုအခါ၌ ကိုပီတာကြီးသည် ဆက်၍ပြောပြန်လေ၏။

“နာရောပရဲ့ အိပ်မက်ထဲမှာ အဝတ်စုတ်တွေဝတ်ထားတဲ့ အဘွားကြီးတစ်ယောက် သူ့ရှေ့ကိုရောက်လာတယ်၊ အဲဒီအဘွားကြီးဟာ ရုပ်ဆိုးလိုက်တာလည်း မပြောနဲ့တော့ သူ့မျက်နှာကိုမြင်ပြီး နာရောပဟာ လန့်နေတယ်၊ အဘွားကြီးက နာရောပကို “ဘာတွေဖတ်နေတာလဲ” လို့ မေးတယ်၊ နာရောပက “ရှေးဟောင်းသက္ကတ ကျမ်းစာတစ်စောင်ဖတနေတာပါ” လို့ ပြန်ပြီး ဖြေတယ်၊ အဲဒီအခါမှာ အဘွားကြီးက “ဖတ်တာတော့ ဟုတ်ပါပြီး နားရောလည်ရဲ့လား” လို့ မေးလိုက်တယ်၊ အဲဒီတော့ နာရောပက “ဘာဖြစ်လို့ နားမလည်ရမလဲဗျ နားလည်လို့ဖတ်တာပေါ့” လို့ ပြန်ပြီးဖြေလိုက်တယ်၊ အဲဒီတော့ အဘွားကြီးက “နားလည်တယ်ဆိုတာ အဲဒီကျမ်းထဲမှာပါတဲ့ စကားလုံးတွေကို နားလည်တာလား ကျမ်းရဲ့ဆိုလိုချက် အနှစ်သာရကိုနားလည်တာလား” လို့ ထပ်ပြီးမေးလိုက်တယ်၊ အဘွားကြီးက မေးရုံတင်မေးတာ မဟုတ်ဘူးနော်၊နာရောပရဲ့မျက်လုံးကို သူ့မျက်လုံးနဲ့ စိုက်ပြီး ကြည့်လိုက်သေးတယ်၊

အဲဒီတော့ နာရောပဟာ မလိမ့်ဝံ့တော့ဘူး “တကယ်ပြောရရင်တော့ စကားလုံးတွေကိုတောင် မနားနားလည်အောင်လုပ်နေပါတယ်ဗျာ၊ သူ့ရဲ့အဓိပ္ပါယ်အနှစ်သာရကိုတော့ နားမလည်ပါဘူး” လို့ နာရောပက အမှန်အတိုင်းပြောလိုက်တယ်၊ အဲဒီလို အမှန်ကိုလည်း ပြောလိုက်ရော အဘွားကြီးဝတ်ထားတဲ့ အဝတ်စုတ်တွေဟာ ပျောက်ကွယ်သွားပြီး အလွန်လှပသစ်လွင်တဲ့ အဝတ်အစားတွေဖြစ်သွားတယ်၊ အကျည်းတန် အရုပ်ဆိုးတဲ့ အဘွားကြီးလည်း ပျောက်သွားပြီး ငယ်ရွယ်လှပတဲ့ မိန်းမချောလေး ဖြစ်သွားတယ်၊

တိုတိုပြောရရင် နာရောပဟာအမှန်ကိုပြောလိုက်တဲ့အတွက် အရုပ်ဆိုးအကျည်းတန်တာပျောက်ပြိး အလှအပပေါ်လာတာ၊ အဲဒီလှပတဲ့ မိန်းကလေးဟာ နာရောပရဲ့ရှေ့မှာ ဝမ်းသာတဲ့ အထိမ်းအမှတ်နဲ့ ကနေတယ်၊ အဲဒီတော့ နာရောပက အံဩပြိး “ဘယ်လိုဖြစ်သွား တာလဲ ”လို့မေးလိုက်တယ်၊ အဲဒီတော့ အဘွားကြီး ဘဝပြောင်းပြီး မိန်းမချောလေး ဖြစ်သွားတဲ့သူက “ဘယ်လိုမှဖြစ်တာ မဟုတ်ဘူးဟေ့ နင်ဟာ ကျောင်းအုပ်ဆရာကြီးပဲ၊ နင်ဟာ ပညာရှိကြီးပဲ၊ ဒါပေမဲ့ နင်ဟာမလိမ်ဘူး၊ နာရောပရေ၊ မတတ်ဘဲနဲ့ တတ်ချင် ယောင်မဆောင်ဘူး၊ မသိဘဲနဲ့ သိချင်ယောင်မဆောင်ဘူး၊ မကြွားဘူး၊ သူတစ်ပါးကိုလည်း ဟန်ဆောင်လိမ်လည်ခြင်းမပြုဘူး၊ နင့်ကိုယ်နင်လည်း မလိမ်ဘူး၊ ဒါကြောင့် အကျည်းတန်မှု၊ အရုပ်ဆိုးမှုတွေပျောက်ပြီး အလှတရားတွေ ပေါ်လာတာ၊ ဒါကြောင့် ဝမ်းသာပြီး ငါက ကနေတာ” လို့ ပြန်ပြီးပြောတယ်။

အဲဒီမှာ နာရောပက အဓိပ္ပာယ် အကောင်လွဲပြီး “ငါက မတတ်ပါဘူး၊ နားမလည်ပါဘူးလို့ ပြောတာတောင် ဒီမိန်းမကြီး ဒီလောက်ပျော်သွားရင် တတ်ပါတယ်၊ နားလည်ပါတယ်လို့ များပြောရင် ဘယ်လောက်များ ပျော်ရှာနိုင်မယ်မသိဘူး” ဆိုပြီး သူရဲ့စကားကို ပြင်ပြီးပြောတယ်။ “ ဒီလိုဗျ… ကျုပ်ဟာ ဒိကျမ်းစာအုပ်ကြီးကို ဖတ်တော့ဖတ်တယ်၊ အဓိပ္ပါယ်အနှစ်သာရကို မသိပါဘူး၊ လူအထင်ကြီးအောင် ဖတ်နေတာပါလို့ ဆိုတဲ့စကား အလကားပြောတာဗျ၊ ကျုပ်ဟာ ဒီကျမ်းကို ကောင်းကောင်းကြီး ဖတ်တတ်တယ်၊ အနက်အဓိပ္ပာယ်နဲ့ တကွ သူ့ရဲ့ဆိုလိုချက် အနှစ်သာရကိုလည်း ကောင်းကောင်းကြီး သဘောပေါက်တယ်” လို့ ပြောလိုက်တယ်၊

အဲဒီအခါမှာ ကနေတဲ့ မိန်းကလေးဟာ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ကြူကြူပါအောင် ငိုတော့တာပဲ၊ သူဝတ်ထားတဲ့ လှပသစ်လွင်တဲ့ အဝတ်အစားတွေ ဟာလည်း ချက်ချင်းပဲ အဝတ်စုတ်တွေဖြစ်သွားတယ်၊ လှပတဲ့မိန်းကလေးဟာလည် အရုပ်ဆိုး အကျည်းတန်တဲ့ မိန်းကလေးဖြစ်ပြန်ဖြစ်သွားတယ်၊ ပြီးတော့ နာရောပဟာ အိပ်ရာက လန့်နိုးသွားတယ်၊ ပြီးတော့ သူ့အဖြစ်အပျက်ကို သူ အပြီးအပိုင် သဘောပေါက်သွားတယ်”

ကိုပီတာကြီးသည် သူစကားကို အဆုံးသတ်လိုက်ပြီးနောက် ရေနွေးကြမ်းတစ်ခွက်ကို မော့ လိုက်လေ၏။ ထိုအခါ ကျွန်ုပ်က.. “အဲဒါ ဘယ်လိုဖြစ်တာလဲ ကိုပီတာကြိးရဲ့ ရှင်းပြပါဦး” ဟု မေးလိုက်ရလေ၏။ “ နာရောပဟာ သူတကယ်မတတ်ဘဲနဲ့ တတ်ချင်ဟန်ဆောင်တယ်လေကွာ၊ သူ တကယ်မသိဘဲနဲ့ သိချင်ဟန်ဆောင်တယ်လေကွာ၊ အဲဒီအလုပ်တွေဟာ လိပ်ပြာက သူ့ကို ပြန်ချောက်ပြီး အိပ်မက် မက်တာပေါ့၊ အခု ငါပြောတဲ့ လိပ်ပြာဆိုတဲ့စကားက သူ့ရဲ့ ပကတိစိတ်ကို ပြောတာ၊ အိပ်ရာကလည်း နိုးရော သူဟာ ဟန်ဆောင်မှုတွေကိ လွှတ်ချလိုက်တယ်၊ မတတ်ဘဲနဲ့ လူအထင်ကြီးောအင် သိချင်ယောင် မဆောင်တော့ဘူး၊ ပကတိအတိုင်းနေမယ်ဆိုပြီး အလုပ်ကထွက်သွားတယ်၊ နောက်ဆုံးမှာ အမှန်တကယ် တတ်သိနားလည်တဲ့ ရိုးသားနဲ့ ပဏ္ဍိတ်နာရောပ ဖြစ်သွားတယ်” ဟု ပြောဆိုရယ်မောလေ၏။

ကျွန်ုပ်လည်း အူကြောင်ကြောင် ရယ်မောလိုက်ရလေ၏။ ထို့နောက် ကိုပီတာကြီးက … “သနားစရာကောင်းတဲ့ မောင်အောင်ထွန်းရေ.. အသက်လည်း ခြောက်ဆယ်ငါးနှစ်ရောက်နေပြီ၊ ခုအချိန်ထိ ကိုယ့်ကိုယ်ကို လိမ်ဦးမလို့လား၊ သူတစ်ပါး အထင်ကြီးအောင် ကိုယ်တကယ်မတတ်တဲ့ အင်္ဂလိပ်စအုပ်ကြီးတွေ ကိုယ်ပြဦးမလို့လား နာရောပကိုတော့ လိပ်ပြာက ချောက်တယ်နော်၊ မငိးကိုတော့ လိပ်ပြာထက်ဆိုးတဲ့ ဘီလူးက လာပြီးချောက်လိမ့်မယ် ရပ်တန်းက ရပ်ပေတော့“ ဟုပြောကာ ကျွန်ုပ်၏ကျောကုန်းကို သူ၏ လက်သီးကြီးဖြင့် ဘန်းကနဲ့ ထုကာ ကြောင့်ကြမဲ့သော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ခြံအတွင်းမှ ပကတိ ငြိမ်းချမ်းသောအမူအရာဖြင့် ထွက်သွားလေတော့၏။

ထို့နောက်တွင်ကာ ကျွန်ုပ်၏ စာအုပ်စင်တွင် ကျွန်ုပ်ကိုယ်တိုင် တကယ် မဖတ်တတ်သော လူအထင်ကြီးရုံမျှ သက်သက် တင်ထားသော အင်္ဂလိပ်စာအုပ်ကြီးများကို မြေကြီးပေါ်သို့ ပုံ၍ချကာ ဒီဇယ်တစ်ပုံး လောင်း၍ မီးရှို့လိုက်လေတော့၏။ မီးခိုးများသည် ကောင်းကင်ပေါ်သို့ လိပ်၍တက်နေ၏။ ကျွန်ုပ်၏မျက်နှာသည် ကောင်းကင်ပေါ်သို့ မော့၍ကြည့်ကာ မီးခိုးများကို ကြည့်ရင်း ကျေနပ်ကြည်နူးနေမိလေ၏။ ကျွန်ုပ်သည် လူအထင်ကြီး ခံချင်သော အကျဉ်းထောင်မှ အပြီးအပိုင် လွတ်မြောက်သွားပြီဖြစ်လေတော့သတည်း။ စိတ်မနှံ့သော ကိုပီတာကြီးအား ကျေးဇူးတင်မဆုံး….။

15 comments

  • blackchaw

    December 23, 2011 at 2:01 pm

    ထမင်းမစားပဲ ပို့စ်ရေးနေတာ ကိုရင့်ပို့်စ် မြင်မှ
    ဗိုက်ဆာလာတယ်
    နေ့လယ်စာစားဘို့ အချိန်လွန်နေပြီ
    ဖားသားဆီပြန်နဲ့ တစ်ပွဲထည့်ဗျာ ကိုရင်။

  • MaMa

    December 23, 2011 at 2:24 pm

    ကိုရင်ရဲ့ ပိုစ့်တိုင်းက စာဖတ်သူကို တခုခုအမြဲပေးလေ့ရှိတယ်။
    ခုပိုစ့်မှာတော့
    (ကျွန်ုပ်သည် လူအထင်ကြီး ခံချင်သော အကျဉ်းထောင်မှ အပြီးအပိုင် လွတ်မြောက်သွားပြီဖြစ်လေတော့သတည်း)
    ဆိုတာလေးကို မှတ်သားသွားတယ် နော်။

    • ကိုရင်စည်သူ

      December 25, 2011 at 4:18 pm

      မမရေ… ကျနော့်ရေးတဲ့ ပို့စ်တိုင်းကို
      ဖတ်ပြီး ပေးချင်တဲ့ မတ်ဆေ့ချ်တွေ ယူသွားတဲ့
      မမလည်း …….. 🙄 🙄 🙄

  • weiwei

    December 23, 2011 at 2:28 pm

    သိပ်ကောင်းတာပဲ …. နားမလည်တဲ့စာအုပ်ကြီးတွေကို နားလည်ချင်ယောင်ဆောင်ပြီး ဖတ်နေရတာ ငြီးငွေ့လာပြီ … ညနေကျရင် စာအုပ်စင်ပေါ်က စာအုပ်တွေအကုန်ချပြီး မီးရှို့ပစ်လိုက်တော့မယ် … ကွန်ပျူတာထဲက hard disk ကိုပါ မီးရှို့ပစ်ရမယ် …
    ဦးဂေါ်ဂယ်နဲ့ ဒေါ်ဝီကီ တို့နဲ့လဲ အပေါင်းအသင်း မလုပ်တော့ဘူး …

  • manawphyulay

    December 23, 2011 at 2:43 pm

    အင်း နားမလည်တဲ့စာအုပ်တွေဖတ်ပြီး နားလည်လားဆိုတော့ မလည်ဘူး ထပ်ခါထပ်ခါဖတ်တော့ ရေးရေးတော့ ပေါ်လာတယ်။ ဒါနဲ့ ဖားသားဆီပြန်ဟင်းတော့မစားချင်ဘူး။ ဒီပြင်ဟင်းလေးတော့ တစ်ရက်လောက် ချက်ကျွေးဟာ… လာစားမယ်…

  • xman

    December 23, 2011 at 2:46 pm

    ဆရာကြီးရဲ့တန်ဘိုးရှိတဲ့ ဆုံးမမှု့လေးပါပဲ
    ရှာတင်ပေးတဲ့ ကိုရင်စည်သူကို ကျေးဇူးတင်လိုက်တာဗျာ..။

  • windtalker

    December 23, 2011 at 8:04 pm

    ကရင်ရေ
    ကျုပ် မိတ်ဆွေလေး မောင်မြောက်ကျော် လည်း
    မဖတ်တတ်တဲ ့သူ ့မဒမ် ကြီး ကို ဖတ်ပြီး
    ငယ်ငယ်ရွယ်ရွယ် နဲ ့အိုစာနေသကွဲ ့…
    အဟွတ်အဟွတ်
    ဥပဒေသ
    “ ဝ မရှိဘဲ ဝိ မလုပ်ရ ”

  • inz@ghi

    December 23, 2011 at 8:24 pm

    ဝှုား … ဝှား ….
    ကအင်ဂျီးကို ကယ်နိုင်လော့ဝူးလား ညလေးရဲ့ .
    အာဟင့် အာဟင့် ….

    ဖားသက်ပြင်းလေးဂိုများ ရက်ရက်စက်စက် ဟင်းချက်စားဂျမတဲ့ကွယ်…
    လူဇိုးဂျီးဒွေ …….

    ခေါ်လော့ဝူး…
    ဝှား ……

  • ငပေါက်ဖော်

    December 23, 2011 at 8:43 pm

    မောင်ညီမလေးတို ့ရေ
    ကိုရင်စည်ပြောပြတဲ့ပုံပြင်ထဲက နာရောပ အဖြစ်လေးကို သင်ခန်းစာယူပြီး မန်းလေးက
    ဦးလေပွါး တစ်ယောက်လဲ နောက်ထပ် လေမပွါးချင်တော့ပဲ သူ ့လေတွေကို မိုးပျံပူပေါင်းမှုတ်ရောင်းရင်းနဲ ့
    ဘဝကိုအဆုံးသတ်သွားလေသတဲ့ကွယ်
    🙄

  • Sonny

    December 23, 2011 at 10:28 pm

    ကိုရင်စည်သူရေ..
    satire လှလှလေးတစ်ပုဒ်လို့ထင်မိပါတယ်။
    သားလည်းအိမ်မှာ dictionary တွေအုပ်၂ဝ လောက်ရှိတယ်။ အကုန်စုံအောင်တော့ ဖွင့်ဖူးတယ်။ မမှတ်မိပါဘူး။
    စာအုပ်တွေ အပိုခဏခဏဝယ်ဖြစ်တယ်။ အမေက ခြံမပိုင်ပဲ ဝက်မွေးတာ တဲ့။ ဆုံးမတာ။ ငဆံဖြုံးလေ။
    ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

    • ကိုရင်စည်သူ

      December 25, 2011 at 4:42 pm

      ကိုရင်ဆန်နီရေ…
      စာအုပ်တွေ ခဏခဏဝယ်နေတာတော့ ခြံမပိုင်ပဲ ဝက်မွေးတယ်လို့
      ကျနော်က မမြင်မိဘူးဗျာ… စာအုပ်မှာ အပိုဆိုတာ ရှိဘူးလေ။
      ကိုရင်ဆန် မဖတ်နိုင်သေးရင် ကိုရင်ဆန်ရဲ့ သားသားမီး မြေးမြစ် တီကျွတ် ပလွတ်တွေ
      အတွက် အမွေပစ္စည်းအဖြစ် ကျန်သွားဦးမယ်ဗျို့… 😀 😀 😀 😆

  • ကြောင်ကြီး

    December 24, 2011 at 12:23 pm

    ဇိမ်ဘုံးဂျီးဦးခိုင် အိမ်မက်လေးဘာလေးမက်ရင် ပြောပါအုံး။ 😀
    မြန်မာပြည်မှာလည်း အဲသလိုပဲ လူနဲ့ပတ်ဝန်းကျင် အညမည စာအုပ်ကြီးကိုင်၊ ကားမက်စ် အိန်ဂျယ် အရင်းမဲ့ကျမ်းစာအုပ်ကြီးကိုင်ပြီး ဆရာလုပ်ကြ၊ ခေတ်ပြောင်းတော့လည်း အကြံပေးဆိုသူများ အက်ဒမ်စမစ်ရဲ့ supply and demand သီအိုရီများ ပြောပြီး မတတ်သူမျာ;ကို မသိသူများ ဆရာလုပ်တာ တိုင်းပြည်လည်း မွဲပြာကျရောပဲ…။ 😆

  • KoNyeinChan

    December 25, 2011 at 1:08 am

    မြောက်ဦး ကိုရောက်တုန်းက နန်းတော်ဟောင်းနားက ထမင်းဆိုင်မှာ ဖားသားဟင်းချက်ထားတာ အရမ်းကောင်းဗျာ.. ကျုပ်အမှတ် မမှားရင်တော့ ရန်ကုန် ၂၉လမ်း အောက်ဘလောက်မှာလည်း ရခိုင်ထမင်းဆိုင်တွေ သုံးဆိုင်လောက် သွားစားဖူးတယ်.. လက်ရာတော်တော်ကောင်းတယ်

  • nigimi77

    December 25, 2011 at 10:42 am

    အရပ် ရှည်သလောက် ဟိုဟာလဲ ရှည်ကို ရှည်လွန်းတယ် ….. စာကို ပြောတာပါ 🙂

    ပရောဂျက် ကနေ မြိုးမြိုးမြက်မြက်ကလေး ရလာရင် ကရင်စည် ရဲ ့ အရှည်ကြီးတွေကို

    ပါဘလစ်ရှာ လုပ်ပြီး စာအုပ် ထုတ်မယ် ။ 🙂

    ဒါနဲ ့ စကားမစပ်….တားတား ကတော့ ဖားကင် ပဲ ကြိုက်တယ် ။ ခွိခွိ…… ။

    • ကိုရင်စည်သူ

      December 27, 2011 at 1:54 am

      ဟေ့လူကြီး.. နိဂီမိ… ပလောဂျက်က ပိုက်ပိုက်ရရင်
      ကိုရင့်ကို ခင်ညားထိုးထားတဲ့ တက်တူးပုံမျိုးထိုးပေးရင်
      ကျေနပ်ပါပီဗျာ… 🙄 🙄

Leave a Reply