ပန်းပွင့်ပုံပြင်

chityimhtooDecember 23, 20112min1021

တစ်ခါက . . .

တောနေ ဒေသရှိ မြို့ရိပ်မြို့ရာ ဝေးလံခေါင်းပါးတဲ့ ဒေသ တစ်ခုမှ ” တောသားလူကြီး ” တစ်ယောက် ကြုံကြိုက်လို့ မြို့ပြကို ရောက်လာသတဲ့။ သူ တစ်ယောက်တည်း ရောက်လာတာ မဟုတ်ပေဘူး။ သူ့ကို လူကြုံ ခေါ်လာတာက သူတို့ ရွာက ” ရွာသူကြီး ” ပါပဲ။ မြို့မှာ နေထိုင်ဖို့ ဆိုတာ အသိ ရှိမှ အဆင်ပြေမယ် မဟုတ်လား။ အခုလည်း ရွာသူကြီးနဲ့ ထိုတောသား လူကြီးက ရွာသူကြီးရဲ့ စီမံမှုကြောင့် မြို့ပေါ်မှာ အခြေကျ နေထိုင်နေတဲ့ ” ပညာတတ် လူကြီး ” တစ်ယောက်ဆီမှာ ခေတ္တ တည်းခိုတယ်။

အဆင်ပြေပါတယ်။ မပြေစရာလည်း မရှိဘူးလေ။ ထိုပညာတတ်လူကြီးက အရမ်းကို သဘောကောင်းကာ ဖော်ရွေတတ်သူ ၊ မိတ်ဆွေများကို လေးစား ခင်မင်တတ်သူ ဖြစ်တယ်။ သူ့ဆီကို လာရောက် တည်းခိုတာနဲ့တင် သူက ခင်မင်ပျော်ရွှင်နေလေ့ ရှိတယ်။ ဒါကြောင့်လည်း ရွာသူကြီး ဖြစ်သူက သူ့ဆီမှာ တည်းခိုဖို့ ဆုံးဖြတ်လိုက်ဟန် တူပါတယ်။
သူတို့ ထိုပညာတတ်လူကြီး ဆီကို ရောက်တော့ . . . ၊ ရောက်တယ် ဆိုရင်ပဲ ပညာတတ်လူကြီးက ပြာပြာသလဲ ဧည့်ခံရှာတယ်။ နှစ်ပေါင်းများစွာ သူနဲ့ ဝေးနေပြီ ဖြစ်သော ရွာအကြောင်းကိုလည်း ဂရုတစိုက် မေးမြန်းစုံစမ်းတယ်။ ဘယ်သူတွေ ဘယ်လိုနေလဲ ၊ ဘယ်သူတွေကတော့ ကျန်းမာနေတုန်းလား ၊ ဘယ်သူတွေကတော့ ဆုံးပါးသွားပြီ ဆိုတာ သူ သိလိုက်ရရင် ထိတ်လန့် အံ့ဩသော အမူအရာ အပြည့်နဲ့ပေါ့။ ဒီလို ဖော်ရွေမှုကြောင့် သူ့ဆီမှာ လာရောက် တည်းခိုသော ရွာသူကြီးနဲ့ တောသားလူကြီးတို့ အတွက် ရှိန်နေတာတွေ ဘာမှ မရှိတော့ဘူးပေါ့။
နေ့ဘက်မှာ ပညာတတ်လူကြီးကလည်း သူလုပ်စရာ ရှိတာတွေကို လုပ်ရင်း ၊ ရွာသူကြီးနဲ့ တောသားလူကြီးကလည်း လည်စရာ ပတ်စရာတွေကို သွားရောက် လည်ပတ်ပြီး ညဘက် အချိန်ဆိုရင်တော့ လက်ဖက်သုတ်ကလေးနဲ့ ရေနွေးကြမ်းအိုးလေး တည်ခင်းကာ အလာပ သလာပ ပြောဆိုနေလေ့ ရှိတယ်။ စကားတွေကတော့ ဟိုရောက် ဒီရောက်ပေါ့။ ဗဟုသုတ ရစရာတွေ ပါသလို ၊ ပျော်စေ ပျက်စေ ဟာသလေးတွေလည်း ပါတယ်။ ခင်မင် ဖော်ရွေတတ်သူတွေရဲ့ စကားဝိုင်း ဆိုတော့ ပျင်းရိ ငြိီးငွေ့ဖွယ် မရှိဘူးပေါ့။
ဒီလိုနဲ့ စကားပြောနေရင်း ရွာသူကြီးက ရုတ်တရက် တစ်ခုခုကို သတိရသလိုနဲ့ စကားစပြောတယ်။
” ခင်ဗျားကတော့ သိမှာ မဟုတ်ဘူး။ ဒီလူ့မှာ ထူးဆန်းတဲ့ ပန်းပွင့်တစ်ပွင့် ရှိတယ်။ သူတို့ ဆွေစဉ် မျိုးဆက် အလိုက်ကို ဒီပန်းပွင့်ကို ထိန်းသိမ်း လာခဲ့ကြတာ . . . “
ဟု ဆိုကာ တောသား လူကြီးဘက်ကို လက်ညှိုးထိုးကာ စကားစတယ်။ ရွာသူကြီးက ဒီလို ပြောလိုက်တော့ ပညာတတ်လူကြီးက အံ့ဩသွားသလို မျက်ခုံး အစုံကို ပင့်လိုက်ပြီး . . .
” ဟုတ်လား . . . ဘယ်လို ထူးဆန်းတဲ့ ပန်းပွင့်မျိုးပါလိမ့်။ “
” ဘယ်လို ထူးဆန်းတဲ့ ပန်းပွင့်လည်း ဆိုတာကတော့ ကျုပ်တို့လည်း မသိဘူးဗျာ။ အခု ကြုံတုန်း ခင်ဗျား တောင်းကြည့်လိုက်ပါလား။ “
လို့ ရွာသူကြီးက ဆော်ဩတယ်။ ပညာတတ်လူကြီးက ထပ်၍ အံ့ဩသွားသလိုနဲ့ . . .
” ဒီလို ပန်းတစ်ပွင့်ကို သွားလေရာ ယူလာပါ့မလား ၊ ရွာမှာ ထားခဲ့မှာပေါ့ မဟုတ်ဘူးလား။ “
ဒီတော့ ရွာသူကြီးက ခပ်မိန့်မိန့်ကြီး ပြုံးကာ . . . .
” ဒါတော့ ခင်ဗျား မှားပြီ။ သူက ဒီပန်းပွင့်ကို အသက်နဲ့ လဲပြီးတော့ ကာကွယ် စောင့်ရှောက်ထားရတာလေ။ ဒါကြောင့် သူ ဘယ်သွားသွား သွားလေရာမှာ ယူသွားလေ့ ရှိတယ်။ အခုလည်း ပါလာမှာပါ။ “
လို့ ဆိုကာ တောသားလူကြီး ဆီကို အကြည့် မျက်လုံး အစုံကို ပို့လိုက်တယ်။ သူ့ကို ဝိုင်းကြည့်နေတဲ့ ရွာသူကြီးနဲ့ ပညာတတ်လူကြီးရဲ့ မျက်လုံး ဒဏ်တွေကို တောသားလူကြီးက မခံနိုင်ရှာဘူး။ မျက်လွှာလေး ချကာ တိတ်တဆိတ် ငြိမ်သက်နေတယ်။
” တကယ်လို့ ဒီပန်းပွင့်လေး ပါလာရင် ကျွန်တော့်ကို ခဏလောက် ပြပါလားဗျာ။ ကျွန်တော်က ရုက္ခဗေဒနဲ့ ဒေါက်တာဘွဲ့ယူထားတာ ဆိုတော့ ဒီပန်းပွင့်လေးကို လေ့လာကြည့်ချင်လို့ပါ။ “
ဟု ဆိုတာကာ ပညာတတ်လူကြီးက တောသားလူကြီး ဆီကနေ ပန်းပွင့်လေးကို ကြည့်ခွင့် ရဖို့ ခွင့်တောင်းတယ်။ တောသားလူကြီးကတော့ သူ့အပေါ်မှာ စေတနာတွေ ကောင်းပြီး မြို့ကို ရောက်ဖူးအောင် ခေါ်လာခဲ့တဲ့ ရွာသူကြီးနဲ့ အခမဲ့ တည်းခိုခွင့် ပြုတဲ့ အပြင် လိုလေသေး မရှိအောင် ပြုစုတဲ့ ပညာတတ်လူကြီးရဲ့ စကားကြောင့် ငြင်းဆန်ဖို့ အင်အား မရှိတော့သလောက် ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီထူးဆန်းတဲ့ ပန်းပွင့်လေးကို ထုတ်ပြဖို့ ဆိုတာကလည်း သူ့မှာ မျိုးစဉ် မျိုးဆက် သတ်မှတ်ချက် အရ အခက်အခဲလေးတွေ ရှိနေသေးတယ်။
” ကျွန်တော့်ကို ခဏလောက် ပြလို့ ရမယ် မဟုတ်လား ခင်ဗျာ။ “
လို့ ပညာတတ်လူကြီးက ထပ်၍ တောင်းဆိုတယ်။ ဒီတော့ တောသားလူကြီးက အလွန်ကို အားတုံ့ အားနာ ဖြစ်သွားပြီး . . .
” ကျွန်တော် မပြချင်လို့ မဟုတ်ပါဘူးဗျ။ ဒါပေမဲ့ ဒီပန်းပွင့်က ထူးဆန်းတယ် လို့ပဲ ကျွန်တော် သိထားပါတယ်။ ဒါပေမဲ့ ဘယ်လို ထူးဆန်းတယ် ဆိုတာ ကျွန်တော်လည်း မသိဘူး။ ဆွေစဉ်မျိုးဆက် ထိန်းသိမ်းလာတဲ့ ပန်းပွင့် ဖြစ်လေတော့ မျိုးဆက်ရဲ့ စည်းကမ်းချက် အရ ထိန်းသိမ်းထားရတာမို့ပါ။ ပြီးတော့ သူ့မှာ စည်းကမ်းချက်တွေ ရှိနေလို့ပါ။ “
တောသားလူကြီးက ဒီလို ပြောလိုက်တယ် ဆိုရင်ဖြင့် ပညာတတ်လူကြီးက ပိုပြီးတော့ သိချင်သွားပြီး . . .
” ဘယ်လိုများ စည်းကမ်းချက်တွေ ရှိနေတာပါလိမ့်ဗျာ။ အဲဒီ့ စည်းကမ်းချက်တွေကို ကျွန်တော် အတိအကျ လိုက်နာပါ့မယ်။ ထူးဆန်း လှပါတယ် ဆိုတဲ့ ဒီပန်းပွင့်လေးကို ကျွန်တော် မြင်တွေ့ချင်မိရုံလေးပါပဲ။ “
လို့ ဆိုကာ စည်းကမ်းကို လိုက်နာမည့် အကြောင်း သူ့ဖာသာ ကတိတွေပေးလေတယ်။ ကျဉ်းထဲ ကျပ်ထဲ အခြေအနေ ရောက်နေလေတော့ တောသားလူကြီးလည်း မတတ်သာတဲ့ အဆုံး သူတို့ ဆွေစဉ်မျိုးဆက် ထိန်းသိမ်းလာတဲ့ ထူးဆန်းသော ပန်းပွင့်လေးကို ထုတ်ပြဖို့ သူတည်းခိုရာ အခန်းထဲကို ဝင်သွားကာ အထုပ်လေး တစ်ခုကို ယူလာခဲ့တယ်။ ပြီးတော့ ဒီအထုပ်လေးကို ရွာသူကြီးနဲ့ ပညာတတ်လူကြီး ရှေ့ စားပွဲပေါ်မှာ တင်ပြီးတော့ တည်ကြည်စွာ စကားဆိုတယ်။
” ကျွန်တော့်တို့ရဲ့ စည်းကမ်း ဆိုတာ တခြားတော့ မဟုတ်ပါဘူး။ ဒီပန်းပွင့်လေးရဲ့ ထူးဆန်းတဲ့ အာနိသင်က ဘာရှိမလဲတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ဆွေစဉ်မျိုးဆက်ကတော့ လက်ဆင့်ကမ်းပြီး ပြောလာခဲ့ပါတယ်။ ဒါတွေကတော့ . . .
၁။ ထူးဆန်းတဲ့ ပန်းပွင့်လေးကို ထည့်ထားတဲ့ ပုလင်းလေးထဲက လုံးဝ အပြင်ကို မထုတ်ရပါဘူး။
၂။ တကယ်လို့ ထုတ်ခဲ့မိတယ် ဆိုရင်လည်း သူ့ကို လက်နဲ့ကိုင်ခြင်း ၊ အသားနဲ့ ထိခြင်း မလုပ်ရပါဘူး။
၃။ တကယ်လို့ အသားနဲ့ ထိခဲ့မိမယ် ဆိုရင်လည်း သူ့ရဲ့ မွှေးရနံ့ကို မရှူမိစေရပါဘူး။
၄။ တကယ်လို့ သူ့ရဲ့ ရနံ့ကို ရှူမိခဲ့မယ် ဆိုရင်လည်း သူ့ရဲ့ အရသာကို သိရလေအောင် ဒီပန်းပွင့်ကို လျှာနဲ့ မလျက်မိစေရပါဘူး။
ဒါကတော့ ကျွန်တော်တို့ ဆွေစဉ်မျိုးဆက် ထိန်းသိမ်း လာခဲ့တဲ့ စည်းကမ်းပါပဲ။ ကျွန်တော့်ကို လက်ဆင့်ကမ်းခဲ့တဲ့ ကျွန်တော့် အဖေကလည်း စောင့်ထိန်းခဲ့တယ်။ ကျွန်တော့် အဖေကို လက်ဆင့်ကမ်းလာတဲ့ အဘိုးကလည်း ထိန်းသိမ်းခဲ့တယ်။ ဒီလိုပဲ ဆင့်ပွားလက်ဆင့် ကမ်းလာတဲ့ ဆွေမျိုးတွေကလည်း စောင့်ထိန်းခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီထူးဆန်းတယ် ဆိုတဲ့ ပန်းပွင့်လေးဟာ ဒီအတိုင်းပဲ ကျွန်တော်တို့ လက်ထဲမှာ ရှိနေခဲ့တာပါ။ “
တောသားလူကြီးက ရှင်းပြ အပြီးမှာ ပညာတတ်လူကြီးက မေးခွန်း တစ်ခုကို မေးတယ်။
” ဒါဆို ဒီထူးဆန်းတယ် ဆိုတဲ့ ပန်းပွင့်လေးရဲ့ ထူးဆန်းတယ် ဆိုတဲ့ အချက်ကို ဘယ်သူ့မှ သေချာ မသိနိုင်ဘူးပေါ့။ “
ပညာတတ်လူကြီးရဲ့ အမေးစကားကို ကြားရတော့ တောသားလူကြီးလည်း ရုတ်တရက် မင်သက်သွားတယ်။ တကယ်တော့ သူလည်း ဆွေစဉ်မျိုးဆက် ထိန်းသိမ်း ဆိုလို့သာ ထိန်းသိမ်း လာခဲ့တာ ၊ ဆွေစဉ်မျိုးဆက်က စောင့်ထိန်း ဆိုလို့သာ စောင့်ထိန်း လာခဲ့တာ ဘယ်လို ထူးဆန်းတယ် ဆိုတာ သူ တကယ်ကို မသိခဲ့ဘူး။
” အမှန်ပါပဲ။ တကယ်တော့ ကျွန်တော်လည်း ဒီပန်းပွင့်လေးရဲ့ ထူးဆန်းတယ် ဆိုတဲ့ အရာကို သေချာ မသိခဲ့ပါဘူး။ ဆွေစဉ်မျိုးဆက် ဒါတွေကို ရှောင်ရမယ် ဆိုလို့သာ ကျွန်တော်တို့ ရှောင်ရင်း ပန်းပွင့်လေးကို ထိန်းသိမ်း လာခဲ့တာပါ။ ကဲ . . . အခု ကျွန်တော့်ရဲ့ ထူးဆန်းတယ် ဆိုတဲ့ ပန်းပွင့်လေးကို ကြည့်ရအောင် . . “
သူက ပြောလည်း ပြော ၊ လက်ကလည်း အထုပ်လေးကို ဖြေကာ ဖွင့်လိုက်တယ်။ အထုပ်လေးလည်း ပြေသွားရော အထဲမှာ ပုလင်းလေး တစ်လုံးထဲမှာ ပြာလဲ့လဲ့နဲ့ ပန်းပွင့်လေး တစ်ပွင့်ကို တွေ့လိုက်ရတယ်။ ပန်းပွင့်လေးက အခုမှ လတ်လတ်ဆတ်ဆတ် ခူးပြီး ပုလင်းထဲ ထည့်ထားသလို လန်းဆန်းနေတယ်။ ဒါပေမဲ့ ပုလင်းလေးကို သေချာစွာ ပိတ်ထားတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဆိုတာကိုတော့ ကြည့်တာနဲ့တင် သိနေနိုင်တယ်။
” တကယ်ကို ထူးဆန်းပါပေတယ်ဗျာ။ ပန်းပွင့်လေးရဲ့ ထူးဆန်းတယ် ဆိုတဲ့ အာနိသင်ကတော့ ဘယ်လို နေမလဲ မသိပေမဲ့ ပန်းပွင့်ကို မြင်တာနဲ့တင် ထူးဆန်းတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ . . . ဘာကြောင့် ထူးဆန်း ရတယ် ဆိုတာကိုလည်း သိချင်မိတယ်။ “
လို့ ပညာတတ်လူကြီးက ဆိုတယ်။ ရွာသူကြီးကတော့ ဘာမှ မပြောဘဲ ဘေးကနေ ထိုင်ကြည့်နေယုံပါပဲ။ တောသားကြီးကတော့ ခပ်ငူငူကြီးသာ ထိုင်နေတယ်။ သူလည်း ထူးဆန်းတယ် ဆိုတဲ့ ပန်းပွင်လေးရဲ့ ထူးဆန်းမှုကို မသိခဲ့ဘူး မဟုတ်လား။ ဒီမှာ ပညာတတ်လူကြီးက စကားဆက်တယ်။
” ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော့်ကို သုတေသန ပြုဖို့ ဒီပန်းလေးကို ခဏလောက် ငှားပါ။ အများကြီး မဟုတ်ပါဘူး တစ်ရက်ထဲပါပဲ။ ဒီလို ပန်းမျိုး တစ်ခါမှ မတွေ့ဖူးလို့ ကျွန်တော် ဓါတ်ပုံရိုက် မှတ်တမ်း တင်မယ်။ ပြီးတော့ ပန်းပွင့်လေးရဲ့ အချက်အလက်လေးတွေကို ကျွန်တော် မှတ်တမ်းလေး ရေးထားရုံလေးပါပဲ။ “
ပညာတတ်လူကြီးက ဒီလို ပြောတော့ တောသားလူကြီးက ခေတ္တ ငြိမ်သက်သွားပြီးတော့မှ . . .
” ကျွန်တော် ငှားချင်ပါတယ်။ ဒါပေမဲ့ အထက်က ကျွန်တော် ပြောခဲ့တဲ့ စည်းကမ်းတွေကို မေ့သွားမှာ စိုးလို့ပါ။ မတော်လို့ ဒီပန်းလေးကို ပုလင်းထဲက ထုတ်လိုက်ရင် ဘာဖြစ်လာမလဲ ကျွန်တော်လည်း မသိဘူး။ ပုလင်းထဲက ထုတ်ပြီးတော့ လက်နဲ့ကိုင်မိရင် ဘာဖြစ်လာမလဲ ကျွန်တော် မသိနိုင်ဘူး။ တကယ်လို့ ကိုင်မိရုံတင်မကဘဲ သူ့ရဲ့ အနံ့ကိုပါ ရှူမိရင်လည်း ဘာဖြစ်လာမယ် ကျွန်တော် မသိဘူး။ ရှူမိရုံတင် မကဘဲ သူ့ရဲ့ အရသာကို လျက်မိရင်လည်း ဘာဖြစ်လာမယ် ကျွန်တော် လုံးဝ မသိပါဘူး။ ဒါပေမဲ့ ဒါဟာ အန္တရာယ် ရှိလို့ တားမြစ်ထားတယ် လို့ပဲ ကျွန်တော် သိထားပါတယ်။ “
” ဟုတ်ကဲ့ . . . ဒါကို ကျွန်တော်ကလည်း သဘောပေါက်ပါတယ်။ ဒီစည်းကမ်းကို ကျွန်တော်လည်း လိုက်နာမှာပါ။ ကျွန်တော့်ကို ဒီပန်းပွင့်လေး တစ်ရက်လောက်သာ ငှားပါ။ “
လတ်တလော ကျေးဇူး ရှိသူလည်း ဖြစ် ၊ သူတို့ အပေါ်မှာလည်း အရမ်းကောင်းနေသူ ဖြစ်တဲ့ အပြင် ပညာတတ် လူကြီး လူကောင်း တစ်ယောက်ဆိုတာကြောင့် တောသားလူကြီးက ပညာတတ်ကြီးကို သူတို့ ဆွေစဉ်မျိုးဆက် ထိန်းသိမ်းလာခဲ့တဲ့ ထူးဆန်းတဲ့ ပန်းလေးကို တစ်ရက် ငှားလိုက်တော့တယ်။

စူးစမ်းတတ်သူ ၊ ကိုယ့်ဝါသနာပါရာကို စူးစိုက်တတ်သူတို့ရဲ့ ထုံးစံ အတိုင်း ညဉ့်နက်လို့ ရွာသူကြီးနဲ့ တောသားလူကြီး အသီးသီး အိပ်ယာ ဝင်သွားပေမဲ့ ပညာတတ်လူကြီးကတော့ မအိပ်နိုင်သေးပါဘူး။ သူ့လက်ထဲမှာ ရောက်နေတဲ့ ထူးဆန်းတဲ့ ပန်းပွင့် ပြာတာတာလေးကို ကြည့်ပြီး ပီတိတွေ ဖြာဝေ နေတယ်။

သူ့ရဲ့ စာဖတ်ခန်းနဲ့ သစ်ပင် ပန်းမန်တွေကို လေ့လာတဲ့ သုတေသန အခန်းထဲမှာ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ပုလင်းလေးကို စားပွဲပေါ်တင်ထားလိုက်ပြီး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ဖို့ ပြင်ဆင်နေခဲ့တယ်။ အဆင်သင့်ဖြစ်ပြီ ဆိုကာ ဓါတ်ပုံ ရိုက်လိုက်တော့ ထွက်လာတဲ့ ဓါတ်ပုံက မလှပပေ။ ပုလင်းကို အလင်းတွေ ပြန်ကာ ပုလင်းထဲက ပန်းပွင့်လေးရဲ့ ပုံရိပ်ကို ကောင်းကောင်း မရပေ။ အကြိမ်ကြိမ် ရှု့ထောင့်မျိုးစုံကနေ ကြိုးစားပေမဲ့ ပုလင်းဆိုတာကလည်း အလုံးကြီး ဖြစ်နေလေတော့ အဆင်ပြေသော ဓါတ်ပုံ တစ်ပုံကို ရိုက်မရခဲ့ဘူး။

တောသားလူကြီး ဆီက ခဏတာ ငှားရမ်း ခဲ့တာ တစ်ရက်ထဲ ဖြစ်လေတော့ သိပ်ကြာကြာလည်း အချိန်ကို အကုန်မခံနိုင်ဘူး။ နည်းမျိုးစုံနဲ့ ဓါတ်ပုံ ရိုက်နေရင်း အဆင်မပြေလေတော့ သူ စိတ်မရှည် ဖြစ်လာကာ ပန်းပွင့်လေးကို ပုလင်းထဲကနေ အပြင်ကို ထုတ်ပြီး ဓါတ်ပုံ ရိုက်ဖို့ စဉ်းစားလိုက်မိတယ်။ ဒီလို စဉ်းစားလိုက်မိတယ် ဆိုရင်ပဲ တောသားလူကြီးရဲ့ စည်းကမ်းချက်တွေကိုလည်း တစ်ခါတည်း သတိရမိတယ်။ သို့သော် ချက်ချင်းပဲ ပန်းပွင့်လေးကို ဓါတ်ပုံ ရိုက်ချင်နေစိတ်က များနေတာ ဆိုတော့ ပန်းပွင့်လေးကို ပုလင်း အပြင် ထုတ်မိပေမဲ့ ငါ လက်နဲ့ မကိုင်မိရင် ဘာမှ မဖြစ်နိုင်ပါဘူး လို့ တွေးလိုက်မိတယ်။

ဒါနဲ့ ပုလင်းလေးရဲ့ အဖုံးအဖြစ် စွပ်ထားတဲ့ အစွပ်လေးကို ဖြေးညှင်းစွာ ဖြုတ်လိုက်ပြီး ပန်းပွင့်လေးကို အပြင်ကို လျောတိုက် ထုတ်ယူလိုက်တယ်။ လျောတိုက်ကာ ထွက်ကျလာတဲ့ ပန်းပွင့်လေးကို သူ သုတေသန လုပ်နေကျ လင်ဗန်းလေးထဲ လျောတိုက်ပဲ သွန်ချကာ ထည့်လိုက်တယ်။ ပြီးတော့ အပေါ်မှ ၊ ဘေးတိုက် မျိုးစုံမှ ဓါတ်ပုံတွေကို တဖျပ်ဖျပ် ရိုက်ယူတော့တယ်။ ဓါတ်ပုံ ရိုက်ပြီးလို့ ရလာတဲ့ ပုံလေးတွေကလည်း အရမ်းကို တောက်ပစွာနဲ့ ပန်းပွင့်လေးကို ပုံဖော်ပေးတယ်။ ဘာရယ်လို့ ပြောရခက်သော ဆွဲဆောင်မှု တစ်မျိုးနဲ့ ပန်းပွင့်လေးက သူ့ကို ညှို့ယူကာ ဆွဲဆောင်နေခဲ့တယ်။

ကင်မရာကို ကိုင်လိုက် ပန်းပွင့်လေးကို ရိုက်လိုက်နဲ့ သူ အရာအားလုံးကို မေ့နေတဲ့ အချိန်မှာပဲ။ ပန်းပွင့်လေးကို အညှာလေးကနေ ထောင်ပြီးတော့ ဓါတ်ပုံ ရိုက်ရရင် ဆိုတဲ့ စိတ်ကူး သူ့မှာ ပေါ်လာခဲ့တယ်။ ဒါနဲ့ သူ တောသားလူကြီးကို ပေးထားတဲ့ ကတိကို မေ့သွားကာ ပန်းပွင့်လေးဆီကို လက်လှမ်းကာ ကိုင်လိုက်မိတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ပန်းပွင့်လေးကို အညှာကနေ ထောင်ထားလိုက်ဖို့ပါ။ ဒါပေမဲ့ ဒီလို ပန်းပွင့်လေးကို သူ့လက်နဲ့ ထိလိုက်တယ် ဆိုတာနဲ့ ထူးဆန်းတဲ့ အင်အား တစ်ခုနဲ့ ဘာမှန်း မသိသော အရသာ တစ်ခုက သူ့လက်ကို လာရောက် စီးဝင်ပြီး ကြင်ခနဲ ခံစားလိုက်ရတယ်။

နွေးခနဲသော အသိနဲ့ အတူ ပန်းပွင့်လေးက သူ့အပေါ်မှာ ပိုပြီးတော့ ဆွဲဆောင်အား ကောင်းလာခဲ့တယ်။ နောက်တော့ သူ ဘာဆို ဘာမှ မသိတော့ဘူး။ ကိုင်ထားတဲ့ ကင်မရာကို ဓါတ်ပုံ ရိုက်ဖို့ ဆိုတာ မေ့သွားခဲ့ပြီ။ ကင်မရာကို ဘေးမှာ ချထားလိုက်ပြီး ပန်းပွင့်လေးကို ရင်ခုန်တပ်မက်စွာ ကိုင်တွယ်မိရင်း လေ့လာနေမိတယ်။ ဒီအချိန်မှာ ပန်းပွင့်လေးမှ ထွက်ပေါ်လာတဲ့ မွှေးမြမြ ရနံ့လေးကိုလည်း သူ သတိမထားမိတော့ဘူး။ ဒီရနံ့လေးဟာလည်း သူ့အတွက် ဆွဲဆောင်မှု တစ်ခု ပိုဖြစ်နေခဲ့တယ်။ နောက်တော့ ဒီလောက် မွှေးနေတဲ့ ပန်းပွင့်လေးရဲ့ အရသာဟာ ဘယ်လိုများ နေမလဲ ဆိုတဲ့ မသိစိတ်ရဲ့ ဆွဲဆောင်မှု နောက်ကို သူ့ရဲ့ စိတ်က လိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့လေပြီ။

ပန်းပွင့်လေးကို သူ လက်နှစ်ဘက်နဲ့ သေချာစွာ ကိုင်နေခဲ့ပြီး ပန်းပွင့်ရဲ့ ရနံ့လေးကိုလည်း သူ တပ်မက်စွာ ရှူနေခဲ့မိပြီ။ နောက်ဆုံးမှာတော့ ပန်းပွင့်လေးရဲ့ ပွင့်ဖတ်ဆီမှ ဘာအရသာများ ရှိနေလိမ့်မလဲ ဆိုသော စိတ်ဖြင့် သူ့ရဲ့ လျှာကို ထုတ်ကာ လျက်ဖို့ ပြင်လိုက်လေတော့တယ်။

” – – – – – – ”

မနက် မိုးလင်းလို့ ရွာသူကြီး နဲ့ တောသားလူကြီး အိပ်ယာက နိုးလာတဲ့ အချိန်မှာတော့ သူတို့ တည်းခိုနေတဲ့ မြို့က ပညာတတ်လူကြီး အိမ်ဟာ ကြောက်မက်ဖွယ်ရာ ကောင်းသော အသံဖြင့် အော်ဟစ်သံတွေကို ကြားနေခဲ့ရတယ်။

ဘာဖြစ်လု့ိများပါလိမ့် ဆိုတာ သူတို့ စုံစမ်းကြည့်လိုက်တော့ . . . .။ ထိုအိမ် ပိုင်ရှင် ပညာတတ် လူကြီး ကိုယ်တိုင် သွက်သွက်ခါအောင် ရူးသွပ်နေတာကို တွေ့ကြရတယ်။ ညက အကောင်း ၊ ဒီမနက်မှ ဘာကြောင့် ဒီလို ရူးသွပ် သွားတယ် ဆိုတာ သူတို့လည်း သေချာ မသိကြဘူး။ သူတို့ အခု တွေ့နေရတဲ့ ပညာတတ် လူကြီးကတော့ ညကလို ယဉ်ယဉ်ကျေးကျေး အမူအရာ နဲ့ မဟုတ်တော့ဘဲ ၊ မြင်သမျှ တွေ့သမျှကို ဟစ်အော်ကာ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားတွေကို ပြောဆိုနေတဲ့ သာမာန် လူအရူးကြီး တစ်ယောက်မျှသာ ဖြစ်နေခဲ့လေပြီ။

တောသားလူကြီးက သူ့ရဲ့ ပန်းပွင့်လေးကို ပြန်တောင်းချင်ပေမဲ့လည်း အခုလို ဖြစ်နေတဲ့ ပညာတတ် လူကြီးဆီကနေ ဘယ်လိုလုပ် ပြန်တောင်းလို့ ရနိုင်ပါတော့မလဲ။ ပြီးတော့ တစ်အိမ်လုံး အနှံ့ လိုက်ရှာပေမဲ့ ထူးဆန်းတဲ့ ပန်းပွင့်လေးကို လုံးဝ ရှာလို့ မတွေ့တော့ဘူး။ ထူးဆန်းသော ပန်းပွင့်လေးဟာ ထူးဆန်းစွာနဲ့ပဲ ပျောက်ဆုံး သွားခဲ့လေပြီ။

သူတို့ အခု လက်ရှိတွေ့ နေရတာကတော့ သွက်သွက်ခါအောင် ရူးနေပြီး မြင်သမျှကို အလိုမကျစွာ အော်ဟစ်နေတဲ့ ” ပညာတတ် အရူးကြီး ” တစ်ယောက်ကိုသာ ဖြစ်ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။   copy@ www.zaw357.net

One comment

  • aye.kk

    December 23, 2011 at 5:11 pm

    ကိုချစ်ရင်ထူးရေ..
    တစ်ကယ်ကောင်းတဲ့ပုံပြင်လေးပါ..။
    အေးကနဲ..နွေးကနဲ..သိမ့်ကနဲ..ရင်တုံစွာဖတ်ရှုရင်း..
    မကြုံဘူးတဲ့အရှူးလိုလူတစ်ယောက် ဒီရွာရောက်နေခြင်း..ဥပဒေတော့ရှိသား အရှူးဆိုရင်ရွာထဲမှာတော့ ထားမရ အရှူးထောင်ပို ့ရမှာ ရွာကလူတွေကူညီကာ သက်ဆိုင်ရာအပ်လိုက်ရအောင်နော..။

Leave a Reply