ပေါက်စီ…

hmeeDecember 23, 20112min32129
ကြက်သားပေါက်စီလေးပါ။
ကိုဘလက်က အသားမပါဘူးလာ မေးလို့ ကမန်းကတမ်း အသားပါကြောင်း သက်သေပြဖို့ အပြေးအလွှား ဓါတ်ပုံရိုက်ပြီး ထပ်တင်လိုက်ပါတယ်။ 🙂
ပညာသည်မဟုတ်တဲ့ ပညာဝယ်လေး  မလုပ်တတ် လုပ်တတ် လုပ်ထားတာမို့ သူ့ခမျှာ ရုပ်လေးကတော့ မလှရှာပါဘူး။ ဒါပေမဲ့ အရသာတော့ ကောင်းတာမို့ အားပေးသွားပါဦး။
အားပေးပါဦး ကြက်သားပေါက်စီလေး။
ဒါက အနီးကပ်ပုံ။

ဇိမ်ပို့စ်ထဲမှာ အင်ဇာဂီက ပေါက်စီဓါတ်ပုံလေး တင်ထားတာတွေ့လို့  ပေါက်စီအကြောင်း ပို့စ်တင်ဖို့ အာရုံရသွားတယ်။  တမနက်လုံး ပေါက်စီလုပ်ဖို့ ဂျုံနယ်၊ အဆာအတွက်ပြင်နဲ့ အလုပ်ကိုရှုပ်လို့။ အားလုံးပြီးသွားတော့ ပေါက်စီတလုံး လက်ကကိုင်ပြီး ရွာထဲလည်း ဝင်လိုက်ရော မောင်မောင်ဂီဂီရဲ့ ပေါက်စီနဲ့ တန်းတိုးတာပဲ။  ဒါနဲ့  ရွာသူားတွေ ကိုယ်တိုင် အလွယ်လုပ်စားလို့ရအောင် ပေါက်စီလုပ်နည်းလေးတင်လိုက်ပါတယ်။

ပေါက်စီ (၈)လုံးစာ

၁. ဂျုံမှုန့် ဆန်ခြင်ခွက် တခွက်ခွဲ

၂.  instant dry  yeast  လက်ဖက်စားဇွန်း တဇွန်း မရှိတရှိ

၃.  baking powder  လက်ဖက်စားဇွန်း တဝက်

၄. ဆား အနည်းငယ်

၅. သကြားနည်းနည်း

၆.ဆီ အနည်းငယ်

၇.နို့အနည်းငယ်

၈. ကြက်ဥအကာ  စားပွဲဇွန်း တဇွန်း

၈.ရေကြက်သီးနွေး အနည်းငယ်

ဂျုံဒိုးလုပ်နည်း

ရေနွေးအနည်းငယ်ထဲကို  yeast ကိုထည့်မွှေလိုက်ပါ။ ဇလုံတခုထဲကို ဂျုံမှုန့်ထည့်။  baking powder ထည့် နှံအောင်မွှေ။ ပြီးရင်  yeast ဖျော်ထားတာထည့်။ နွားနို့၊ ကြက်ဥ၊ ဆား၊ သကြား၊ဆီ ထည့်ပြီး နယ်ပါ။ မုန့်သားချောလာသည်ထိ ခပ်နာနာလေး နယ်ပေးပါ။  မုန့်သား ချောလာရင်  အပေါ်က ရေစွတ်ထားတဲ့ အဝတ်အပါး လေးနဲ့ အုပ်ထားပါ။ နှစ်နာရီလောက် ကြာတဲ့အခါမှာ မုန့်သားက နှစ်ဆ ဖြစ်လာပါလိမ့်မယ်။

မုန့် အဆာလုပ်နည်း

မုန့်သားနှပ်ထားတုန်း အဆာပြင်ပါ့မယ်။ ကြက်သား အကြေသား၊ ကြက်သွန်နီတအုကို  နုပ်နုပ်စဉ်းပါ၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သွန်ဖြူ နှစ်တက်လောက်ကိုလည်း နုပ်နုပ်စဉ်းပါ၊  အရသာမှုန့်၊ သကြား၊ ငရုပ်ကောင်းမှုန့်၊ ပဲငံပြာရည် အကြည်၊ အနောက် အနည်းငယ်၊ ဆီ၊ ကော်မှုန့် အနည်းငယ်တို့ကို  ခွက်တခုထဲမှာ ရောနယ်လိုက်ပါ။

အားလုံးပြီးသွားလျှင် မုန့်သားကို  မုန့်တခုစာ  အဝိုင်းလေးတွေရအောင် ဒလိမ့်တုံးနဲ့လှိမ့်ပေးပါ။ ပြီးရင်  မုန့်သားအဝိုင်းကို လက်ပေါ်တင် အဆာတဇွန်းထည့် အနားလေးတွေကို ကျန်လက်တဖက်နဲ့  တဖြည်းဖြည်း တွန့်လာပြီး ထိပ်မှာ စုပြီးလိမ်လိုက်ပါ။ မုန့်အောက်ခြေကို ဆီဆွတ်ပြီး ပေါင်းမဲ့ ဇကာထဲကို ခပ်ခွာခွာလေးတွေ ထည့်ထားပါ။ အားလုံးပြီးသွားရင်  ပေါင်းအိုးထဲမှာ ၁၅မိနစ်လောက် ပေါင်းလိုက်ရင် အရသာရှိတဲ့ ကိုယ်တိုင်လုပ် ပေါက်စီရပါပြီ။

ပေါက်စီက (၈)လုံးလုပ်တာ။ သားအမိနှစ်ယောက် တယောက်တလုံးစားပြီးမှ ဓါတ်ပုံတင်ဖို့ အာရုံရလို့ နှစ်လုံး မရှိတော့ဘူး။

29 comments

  • blackchaw

    December 23, 2011 at 6:31 pm

    မမှီပေါက်စီက အသားမပါဘူးပေါ့နော။
    ကြက်ဥ ပဲပါတယ်လို့ တွေ့လို့ပါ။
    ဒါက အစ္စရေး ပေါက်စီပေါ့။
    အင်ဇာဂီ ရဲ့ ဂျပန်ပေါက်စီက ပို ကောင်းမယ့်ပုံပဲ မမှီရေ။
    မစားရ ဝင်မျှော်သွားပါတယ်ဗျာ။

    • hmee

      December 23, 2011 at 6:54 pm

      ကိုဘလက်ရေ အသားပါကြောင်း သက်သေပြဖို့ နှစ်ပုံထပ်တင်လိုက်ပါတယ်။ 🙂
      အင်ဇာဂီရဲ့ ပေါက်စီက ပိုဖွင့်တယ်လေ ကိုဘလက်ရဲ့။

  • super

    December 23, 2011 at 6:56 pm

    ပေါက်စီတွေက စားချင်စရာဗျာ၊ မနက်က ဆြာဂီပို့စ်ဖတ်ပြီး ပေါက်စီစားချင်နေတာ၊ မမှီက ပေါက်စီအကြောင်းထပ်တင်လိုက်မှ ဆိုင်ပြေးပြီး ပေါက်စီသွားဝယ်စားတော့မယ်………… 😛

  • kai

    December 23, 2011 at 6:56 pm

    အယ်လ်အေကပေါက်စီ ဓါတ်ပုံတင်ပေးဦးမယ်..။
    တရုတ်တန်းမှာ ပြည်ကြီးတရုတ်တွေလုပ်ရောင်းတာမို့.. မြန်မာပြည်ကပေါက်စီနဲ့အရမ်းတူတယ်..။
    အထဲ..ကြက်ဥတောင်ပါသေး..။ 🙂

    • char too lan

      December 24, 2011 at 11:17 am

      ဒီကပေါက်ဆီကြီးကြီးတွေမှာလဲ ဥပါဘာဒယ်ဗျ

  • windtalker

    December 23, 2011 at 6:57 pm

    ဟုတ်ဘီ ။ မချက်တတ် မပြုတ်တတ် တဲ့ မဒမ်ပေ အတွက် ၊ လမ်းစဉ်တစ်ခု ရသွားဘီဗျို ့

  • ငပေါက်ဖော်

    December 23, 2011 at 7:04 pm

    ပေါက်စီက ကြည့်ရင်သာ..မောင်ပေနဲ ့တူတာ..
    စားလို ့တော့ အတော်ကောင်းမဲ့ ပုံပဲဂျ
    ရှလွတ်

    • windtalker

      December 23, 2011 at 7:27 pm

      နင့်ကြည့်ရတာ
      မန်းတလေး က အီကြာကွေး များ စားဖူးသွားရင်
      ရန်ကုန်မှာ နေမယ့်ပုံမပေါ်ဘူး နော..
      တော်တော် အစားကြမ်းတဲ့ ငပေါက်ဖော်
      ဟွင်းဟွင်း

  • မှော်ဆရာ

    December 23, 2011 at 7:28 pm

    အော် စားကြဦးမလား ပေါက်စီ ..ကိုး ..
    မမှီ ရယ် အငွေ့ပဲ စားရအောင် ကျွန်တော်တို့ကပဲ အယူတိမ်းပေးရမလိုလို ..

  • KING

    December 23, 2011 at 7:37 pm

    ဗိုက်ချာတယ် ဗိုက်ချာတယ်
    အားလုံးစားပစ်မယ် …………………
    အိမ်ရှင်ဆီမှာ ဧည့်သည်တွေများနေတုံး နောက်ဖေးမှာ အကုန်ဝင်စားပစ်မယ်
    ဒုန်းးးး
    ခွမ်းးးးးးးးးးး
    အားးးးး
    ဟိုက် ဦးဖော် ပုလင်းကြီးကွဲပြီ …
    ကန်တော့နော် ဦးဖော်
    အကြံတူနေတာကိုး
    ကျွန်တော့်အတွက် ပေါက်စီ ၂ ခုချန်ပေးနော်
    ကျန်တာ ဦးဖော်စားလိုက်နော်
    😀 😛 🙂

  • တညင်သား

    December 23, 2011 at 10:37 pm

    တော်လှချည်လားမမမှီ ..ပေါက်စီနဲ့ ၂နှစ်လောက် အတူနေခဲ့တာတောင် မလုပ်တက်ဖူး.. 😛

    • hmee

      December 24, 2011 at 3:36 pm

      တညင်သားရေ သဂျီး၊ ကိုကြောင်ကြီးတို့လို ပေါက်စီကို စားချင်တိုင်း အလွယ်တကူဝယ်စားလို့ မရဘူးလေ။ ကိုယ်တိုင်မလုပ်တတ်ရင် ငတ်မှာမို့ အကြိမ်ပေါင်းမြောက်များစွာ စမ်းသပ်ပြီးမှ အောင်မြင်သွားတာပါ။
      လေးပေါက်ရေ အခွင့်ကြုံခဲ့ရင် တကယ်လုပ်ကျွေးချင်ပါတယ်။

  • MaMa

    December 24, 2011 at 7:38 am

    ပေါက်စီကို မနက်စောစော ဝင်စားသွားပါတယ် မှီရေ။ လုပ်နည်းပါပေးလို့ ကျေးဇူးပဲ။

  • နွယ်ပင်

    December 24, 2011 at 10:11 am

    မမှီရေ ဗိုက်ဆာလာလို့ မနက်စာ ပေါက်စီလာစားသွားပါတယ်နော် ………. 😛

  • Moe Z

    December 24, 2011 at 10:29 am

    အယ် တိုက်ဆိုင်သွားပြီ 🙂
    မိုးစက်လည်း ဒီစာဖတ်ရင်းနဲ့ပေါက်စီစားနေတာ
    ကြက်သားတော့မဟုတ်ဘူး ဝက်သားနဲ့ 😀

    • ငပေါက်ဖော်

      December 24, 2011 at 10:54 am

      ဟင်..
      ကျွန်ုပ်နှင့် E-ခေတ် နောက်ကျခြင်း ဖတ်တော့ဝူးလား
      🙄

  • TTNU

    December 24, 2011 at 11:46 am

    ပေါက်စီပြုလုပ်နည်းကိုပါတင်ပေးသောမှီရေ…
    တော်လိုက်တာကွယ်။
    တီချာက ပေါက်စီသေးသေးလေးတွေ (မန်ထုံ) ကိုပိုကြိုက်တယ်။
    မှီသင်ပေးတဲ့အတိုင်း အသေးလေးတွေလုပ်ကြည့်ဦးမယ်။

    ွှ့Thank you ပါဆရာမ။

    • hmee

      December 24, 2011 at 3:40 pm

      စမ်းကြည့်ရင် တကယ်လွယ်ပါတယ် ဆရာမ။ ကျွန်မက တခါတလေ နို့၊ ကြက်ဥမပါပဲ လုပ်တာတောင် အဆင်ပြေပါတယ်။ ပထမ တခါ နှစ်ခါတော့ ပျက်တာပဲ နောက်တော့ အချိုးအစား သိလာပြီး အဆင်ပြေလာပါတယ်။ ဝယ်စားတာထက် ကိုယ့်ဘာသာ လုပ်ထားတော့ ပေါက်စီစားတဲ့အခါ ပိုချိုသလိုပဲ။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာ။ 🙂

  • ကြောင်ကြီး

    December 24, 2011 at 11:48 am

    ကျနော်တို့ဆီမှာ combo ပေါက်စီ (တရုတ်လို ပေါင်ဆဲလ် လို့အနီးဆုံး သံထွက်မယ်ထင်တယ်၊ မပြောတတ်ရင် Chinese bun ဆိုရင်လည်း မြန်မာနဲ့နီးစပ်သူ တရုတ်ဆိုရင် သိတယ်၊ (ဥပမာ – ကြေးမုံလေး တပ်အပ်တော့ မတူဘူး) ၊ တပ်အပ်တော့ မတူဘူး။ ကွန်ဘိုပေါက်ဆီထဲမှာ ကြက်၊ ဝက်အူချောင်း၊ ပုဇွန်၊ ငုံးဥထည့်ထားတယ်။ အရွယ်ကတော့ မြန်မာပြည်ကထက်သေးတယ်။ တလုံးကို အခုဆို ၁ဒေါ်လာ ရ၅ပြားလောက် ရှိပြီထင်တယ်။ ရိုးရိုးအသား တမျိုးထဲဆိုရင် ငါးမတ်လောက်ရှိတယ်။။။။ ပေါက်စီမှာ ဂျုံသားက အရေးသိပ်ကြီးတယ်။ အတွင်းဂျုံသားနဲ့ အထဲက အသားကပ်ပြီး နူးညံ့နေမှ စားလို့ကောင်းတယ်။ ကြောင်ကြီးတို့ကတော့ သတိရတိုင်း ပေါက်ဆီစားပြီး တင်းတိမ်နေရပါတယ်….။ 😳

  • comegyi

    December 24, 2011 at 4:15 pm

    သက်သတ်လွတ်ပေါက်စီ
    ဖြစ်ဖို့ နည်းနည်းပဲလိုတော့တယ် …..
    ကြက်ဥပါသွားလို့ …….

  • weiwei

    December 24, 2011 at 7:54 pm

    တရုတ်လို baozi (ပေါင်းဆယ်) လို့ အနီးစပ်ဆုံး အသံထွက်ပါတယ် ..
    ပေါက်စီလုပ်စားမလို့ ကြံစည်နေတာကြာပြီ … လုပ်ကြည့်အုန်းမယ် …

    စကားအတင်းစပ် … ကျွန်မတူတော်မောင် လေးနှစ်သားလေးရဲ့ အိမ်နံမည်က ပေါက်စီလေ … အိမ်မှာ ပေါက်စီဆိုတဲ့စကားလုံးက အကြားရဆုံးပဲ … တစ်နေ့ ကျွန်မသူတို့အိမ်သွားလည်တော့ သူကပြောတယ် … ကြီးကြီးရေ .. သားသားမှာ အင်္ဂလိပ်နံမည်ရှိနေပြီတဲ့ … ကျွန်မကအံ့ဩပြီး ဘာနံမည်လဲလို့မေးလိုက်တော့ … dumpling လေတဲ့ … ပေါက်စီကို အင်္ဂလိပ်လို dumpling လို့ခေါ်တယ်တဲ့လေ … 😛

  • thit min

    December 25, 2011 at 8:40 pm

    ပေါက်စီထဲမှာတော့ ဂျပန်ပေါက်စီက စားလို့မကောင်းဘူး(ကျနော်အထင်ပေါ့နော်)။
    ညီလေးဂီကတော့ ကြိုက်ပုံရတယ်။
    နဂိုထဲကလည်း ကော်ပြန့်စိမ်းပိုကြိုက်လို့ထင်ပါရဲ့။
    မမှီရေ ကော်ပြန့်စိမ်းလုပ်နည်းသိလားဗျ။

  • nature

    December 25, 2011 at 10:19 pm

    ပေါက်စီလုပ်တာ တော်တော်ခက်မယ်ထင်တာ hmee ပြောတော့လည်းလွယ်သားပဲ။ baking soda နဲ့ စားဆော်ဒါတူတူပဲလားမသိဘူး။

    • ဆူး

      December 26, 2011 at 11:07 am

      မတူူဘူး နဲ့ တူတယ်။
      ဆိုင်တွေမှာ ဝယ်ရင် အဲလို ဘိုလို နာမည်တွေနဲ့ ဝယ်ရတာပဲ..
      အဖြူ အမှုန့်လေးတွေ။ ထည့်လိုက်ရင် သိသိသာသာ ပွပြီး ကြီးလာတယ်။

  • hmee

    December 25, 2011 at 10:44 pm

    ကိုသစ်မင်းရေ တရက်မှ ကော်ပြန့်စိမ်းလုပ်နည်း ဓါတ်ပုံနဲ့တကွ တင်ပေးပါ့မယ်။ ကျွန်မလည်း ကော်ပြန့်ကို ကြော်တာထက် အစိမ်းပိုကြိုက်လို့ ခဏခဏလုပ်စားပါတယ်။ ဗီယက်နမ်ကော်ပြန့်စိမ်းတော့ မကြိုက်ဘူး။ မြန်မာပြည်က ကော်ပြန့်စိမ်းပဲ ကြိုက်တယ်။ အခုတော့ အိမ်မှာ ကော်ပြန့်ဖတ် ကုန်နေလို့ တရက်နှစ်ရက်နေရင် တင်ပေးပါ့မယ်။
    nature ရေ အတူတူပဲထင်တယ်။ မမှီလည်း ဒီက ဆော်ဒါကို ရန်ကုန်ကလို ထင်လို့ နဲနဲထည့်တာ မုန့်သား မပွဘူး။ ဘာကွာလို့လဲ မသိဘူး။ ဒီနေ့လည်း ရွှေတောင် အုန်းနို့ ခေါက်ဆွဲလုပ်စားတယ် မနက်ဖြန်မှ တင်တော့မယ်။ 🙂

  • ဆူး

    December 26, 2011 at 11:04 am

    မမမှီ ရဲ့ ပေါက်ဆီ ကို လာဝင်စားသွားပါတယ်။
    ပေါက်ဆီ ကိုတော့ ဒီမှာ သိပ်မစားဖြစ်ဘူး ဆိုင်တွေက ပေါက်ဆီ တော်တော် မျာများက ကြက်သွန်တွေ များလို့ ကြက်သွန်ပေါက်ဆီ လို့ ပြောရမလို ဖြစ်နေပြီ။ ပေါက်ဆီဆိုရင် ပဲပေါက်ဆီ လောက်ပဲ စားတယ်။ ကြက်သွန် အရသာ ကို ပေါက်ဆီထဲ ပါတဲ့ အနေအထား သိပ်သဘောမကျလို့..
    ဒင်းဆန်း ဆိုင်တွေက အသားကင် ပေါက်ဆီ ဆိုရင်တော့ ကြိုက်တယ်။ ကြက်သွန်မပါလို့..
    အိမ်မှာတော့ လုပ်မစားဖြစ်ဘူး။ စားမဲ့သူက မရှိဘူး လုပ်ပြီး ကိုယ်ဟာကို စားဖို့ကျတော့လည်း လုပ်ပြီးရင် မောပြီး မစားချင်တော့ဘူး။ နည်းစနစ်တွေကိုတော့ မှတ်သားသွားပါတယ်။

  • နီကီတာ

    December 26, 2011 at 11:47 am

    ဗိုက်ဆာနေချိန် ဝင်ကြည့်မိတာကိုက.. မှားတာ
    တော်ပြီ ရေးရင် ဗိုက်ဆာလာပီ
    ပေါက်စီသွားဝယ်စားတော့မယ်… 😛

  • etone

    December 26, 2011 at 2:56 pm

    မမှီရေ … ရုံးမှာ ဗိုက်ဆာလို့ ကော်ဖီထဖျော်လျှင် ကောင်းမလား တွေးမိတုန်း မမှီရဲ့ လက်ဖြစ် ပေါက်စီပို့မြင်တာနဲ့ … ဗိုက်တွေ အရမ်းဆာသွားပြီ … ။ ဟီးဟီး …. လုပ်တော့စားချင်တယ် .. မလုပ်ခင် ပြင်ဆင်ရတာရယ် .. လုပ်ပြီးသွားလျှင် ပြန်ဆေးကြော ရှင်းလင်းရတာရယ်ကြောင့်… ရယ်ဒီမိတ်ပေါက်ဆီကိုပဲ … ရေနွေးငွေ့ပေးပြီး … ပြန်နွှေးစားတယ် .. ဟီး 😀

Leave a Reply