ကိုနေဝင်း

phone_kyawDecember 24, 20111min1498

ကျနော့်ဘလောဂ်မှာ မဆဲဖို့ ကြင်နာအေးချမ်းစွာပြောလာတဲ့ အမေရိကန်ပြည်ထောင်စုနေ ကိုနေဝင်းကိုဂုဏ်ပြုတဲ့အနေနဲ ့ဒီစာကိုရေးပါတယ်။ သူ ့ကိုတွေ ့တုန်းက နို့ဘိုးဒုက္ခသည် စခန်းထဲမှာဖြစ်ပါတယ်။ အသားဖြူဖြူ လူကောင်ကြီးကြီးနဲ ့ကိုနေဝင်းဟာ အတော့်ကိုအေးချမ်းတဲ့ မျက်နှာရှိတယ်။

သဘောကောင်းတယ်။ စိတ်ထားဖြူစင်တယ်။ လောဘမကြီးဘူး။ ပျော်ပျော်နေတက်တဲ့လူတစ်ယောက်ပါ။ ၁၉၈၈-ခုနှစ်မှာ ကျောင်းသားတွေတောခိုတော့ သူလဲရောရောင်ပြီး သူငယ်ချင်းတွေနဲ့ တောထဲကိုလိုက်ခဲ့တယ်။ ၁၀-တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကိုနေဝင်း၊ သူ့အဖေရဲမှုးကြီးကို ဖီလာဆန့်ကျင်လုပ်ပြီး မုဒုံနယ်ကနေ KNU နယ်မြေထဲကို သေနတ်ကိုင်ဖို့ရောက်ခဲ့တယ်။ ABSDF အဖွဲ့ဝင်အဖြစ် ဆန်ကြိုးကိုလွယ်၊ ငှက်ပျောအူစားပြီး AK47 ကို ရင်ဝယ်ပိုက်ခဲ့တဲ့ လူတစ်ယောက်ပါလို့ မှတ်သားဘူးတယ်။

၉၉-ခုနှစ်မှာ သူ့ကိုတွေ ့တော့ သမီးလေးနေခြည်ဇာလှိုင်က လသားအရွယ်လေး။ ချစ်ဇနီး မမှုက KNU က ဆေးမှုး။ တော်လှန်ရေးစိတ်ဓာတ်တကယ်ပြည့်ဝတဲ့ မိန်းမသားတစ်ယောက်။ တောထဲမှာမွေး၊ တောထဲမှာကြီး၊ ကေအန်ယူကျောင်းမှာ ၁၀-တန်းအောင်ပြီး ဆေးမှုးလုပ်ရင်းနဲ့ ကိုနေဝင်းနဲ့ နောက်ကြောင်းပါတယ်။ ဗိုလ်နေလို့ချစ်စနိုး ခေါ်ခံရတဲ့ကိုနေဝင်းက ဓာတ်ခွဲခန်းမှာ ငှက်ဖျားပိုးရှိမရှိ စမ်းသပ်ရတဲ့ လူ။ ဒုက္ခသည်စခန်းက ဆေးရုံးမှာ အလုပ်လုပ်တယ်။ လစာက ထိုင်းဘတ်ငွေ ခြောက်ရာ၊ ခုနှစ်ရာပဲရတယ်။ လွန်ခဲ့တဲ့ ၁၃-နှစ်လောက်က။

သူက ဗမာဆိုတော့ မမှုရဲ  ့အသိုင်းအဝိုင်းက သဘောမတူ။ ဗမာဆိုရင်တောထဲက ကရင်အများစုက မကြည်ဘူး။ အတော်ဆိုးတဲ့ ဗမာဆိုပြီး သူတို့ခေါင်းထဲမှာရှိတယ်။ လူသတ်တယ်။ ရွာကိုမီးရှို  ့တယ်။ သူတို့တောင်ယာတဲတွေကိုဖျက်ဆီးတဲ့ ဗမာတွေဆိုပြီး ကရင်တွေက ပြောတယ်။ ဗမာကို ကရင်လို ပရော်လို့ခေါ်တယ်။ တောထဲက ကရင်တွေက ပရော်ဆိုရင်အတော်ရွံတယ်။ ဒီအသိုင်းအဝိုင်းမှာ ကြီးလာတဲ့ မမှုက ပရော်ကို အတော်ချစ်လို့ ကိုနေဝင်းနဲ့ညားလေတယ်ပေါ့။

ဒုက္ခသည်စခန်းဆိုတာ မီးမရှိတော့ ညဖက်ဆိုရင် မှောင်နေတာပေါ့။ မှောင်သောညတစ်ညမှာ ကိုနေဝင်းက မမှုကို ဥ လိုက်တာ မမှုဂုံးထောက်သွားတယ်။ သူတို့မင်္ဂလာဆောင်တော့ မမှု ဗိုက်ဖောင်းဖောင်းနဲ့။ ဒီလိုမျိုး ပရော်ကိုနေဝင်းက သွက်တယ်။

ခလေး လသားလေးကို ထားပြီး ကိုနေဝင်းရှေ  ့တန်းထွက်တယ်။ ခြောက်လလောက်ကြာတယ်။ ကော့ကရိတ်ဘက်မှာ ပတ်ပြီး ထမင်းချက်စားတယ်။ အရက်သောက်တယ်။ ရွာသားတွေကို စွတ်ပြီးတရားဟောတယ်။ ဒါက ကိုနေဝင်းရဲ  ့ရှေ  ့တန်းမှာလုပ်ရတဲ့အလုပ်။ မိန်းမကိုသတိရပြီဆိုရင် ပုခတ်ပေါ်ကနေ စိတ်ကူးတွေယဉ်တာကလွဲလို ့ သူ ့ခဗျာ သနားစရာ။

ကျနော်က သူတို့အိမ်မှာနေတယ်။ တခါတလေ သူများအိမ်မှာလိုက်ပြီး အိပ်တယ်။ သောက်တယ်။ ပွားတယ်။ အလုပ်က ဒါပဲရှိတယ်။ ဒုက္ခသည်စခန်းက အိမ်ဆိုတာကလည်း တိုက်အိမ်မဟုတ်။ အဲယားကွန်းမရှိ။ ရှိတာက သက်ကယ်မိုး၊ ဝါးထရံကာ၊ ဝါးခင်း။ အကုန်လုံးက သဘာဝနဲ့ညီညွတ်တယ်။

ဝါးနံ ့သင်းသင်းနဲ့ အိမ်ရှေ  ့က ဒေါနတောင်တန်းကြီးကို ကြည့်ပြီး အရက်သောက်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်။ အိမ်ရှေ  ့က ဝါးရံတာမှာ စုထိုင်ပြီး၊ ဂစ်တာအစုတ်ကိုတီး။ သီချင်းဆိုပြီး အပျော်ရှာရတယ်။ ဖယောင်းတိုင်မီးနဲ့ ဆိုတော့ အတော်လေးကို အေးချမ်းလှတယ်။ တည်ငြိမ်လှတယ်။ ဒါက ကိုနေဝင်းတို့ရဲ  ့မဟာအိမ်တော်ကြီး။ အိမ်ထဲမှာ TV ရေခဲသေတ္တာ အဝတ်လျှော်စက်ရှိလားဆိုတော့ တစ်ခုမှမရှိ။ ရှိတာက အဝတ်အစားအစုတ်တွေကိုထည့်ဖို့အတွက် ယိုးဒယားလုပ် ကော်ခြင်းကြီးနှစ်ခုပဲရှိတယ်။ ဒီအတိုင်းနေရလို  ့ကိုနေဝင်းတို့ ဇနီးမောင်နှံ အားငယ်တာ၊ စိတ်ဓာတ်ကျတာ၊ ရှက်တာ မရှိ။ တချိန်လုံး ကွေးနေအောင် ပျော်ကြတယ်။ ပတ်ဝန်းကျင်က လူတွေကလည်း ကိုယ့်ထက်ချမ်းသာတဲ့လူတွေဆိုတော့ မနာလိုတာ ပြိုင်တာဆိုင်တာမရှိ။ အားလုံးက ကိုယ့်ထက်မွဲတဲ့သူတွေချည်းပဲဆိုတော့ သနားစရာ။

ကျနော်တို့ ရပ်ကွက်နံပါတ်က (၁) ။ ရက်ကွက် (၁) မှာ နေတဲ့လူတွေအများစုက သူပုန်တွေ။ ကေအန်ယူလူကြီးတွေ။ ကျနော်တို့ နေတဲ့တောင်ကုန်းမှာ လူ့ဘောင်သစ်အဖွဲ ့၊ NLD-LA နဲ့ ABSDF တို ့ရှိတယ်။ ရှေ  ့တန်းဆင်းရင် အဲဒိကနေဆင်းတယ်။ ရှေ  ့တန်းက ပြန်လာရင် အဲဒိမှာနားတယ်။ မှုးလာရင် ရန်ဖြစ်တယ်မရှိ။ အားလုံးပျော်ပျော်ပါးပါး။ တခါတလေ ဆေးခြောက်ရှုတယ်။ မဝယ်ရဘူး။ အားလုံးအလကားရတယ်။

တအိမ်က ထမင်းမရှိရင် အခြားအိမ်မှာတက်စားလို့ရတယ်။ တောင်းစားလို့ရတယ်။ ရှက်စရာမလို။ ဒါ့ကြောင့် ကျနော်တို့ သူပုန်တွေအတောင်းအစား အရမ်းဝါသနာပါတယ်။ မတောင်းတတ်ရင် ငတ်ပေါ့။ တောင်းဖို့အတွက်ဆိုရင် မျက်နှာကဖြီးနေတာပဲ။ ဒီလောက်တောင် အရှက်မရှိတာ။

အမြဲတမ်း ကုလားပဲနဲ့ ဟင်းနုနွယ်၊ ငါးသေတ္တာနဲ့သင်္ဘောသီး။ ငါးပိထောင်း။ မနက် ကိုးနာရီဆိုရင် ထမင်းစားပြီးပီ။ ထမင်းကြမ်းလဲဒါပဲ။ နေ ့လည်စာလည်း ဒါပဲ။ မုန် ့ပဲသရေစာ ဝယ်မစားနိုင်။ ညနေသောက်ဖို့အတွက် စုထားရတဲ့သဘော။ မမှုက ငါးပိထောင်း ပရော်ဖတ်ရှင်နယ်။ စပါယ်ရှယ်လစ်။ အရမ်းတော်တယ်။ ကမ္ဘာပေါ်မှာ စားဖူးတဲ့ ငါးပိထောင်းတွေထဲမှာ အကောင်းဆုံးက မမှုရဲ  ့ငါးပိထောင်း။ ဒါ့ကြောင့် ကိုနေဝင်း ဝ ဖီးနေတာပေါ့။ ဒီလောက်တောင် ကျွမ်းတယ်။ တက္ကသိုလ်မှာ Bachelor of Ngapihtaung ဘွဲ ့ရသလားတောင်ထင်ရတယ်။ ငါးမိနစ်အတွင်း လျှာလည်နိုင်တဲ့ ကရင်ငါးပိထောင်းကို ထောင်းနိုင်တယ်။

ငါးပိထောင်းပဲကျွမ်းတယ်ထင်လား။ ကရင်လိုအခေါ် တာလပေါဆိုတဲ့ ဝက်စာလိုမျိုး အစားအစာကိုလည်း အတော်ကျွမ်းတယ်။ ဆီမပါ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကရင်ဟင်းဆိုတော့ မိုက်တယ်။ ကျနော်က အတော်ကြိုက်တယ်။

သူတို့လင်မယားက ရန်မဖြစ်သလောက်ပဲ။ ပိုက်ဆံတစ်ကျပ်ရှိရင် သူများတွေကို တစ်ဝက်ခွဲပေးချင်တဲ့စိတ်ရှိတော့ သူတို ့အိမ်မှာ ပိုက်ဆံရှိတယ်လို့ကိုမရှိဘူး။ ဒီလောက်ထိ ရဲဘော်ရဲဘက်စိတ်ရှိတယ်။ ကျနော့်သားအကြီးကောင်ကို မမှုပဲ ကြည့်ရှု  ့စောင့်ရှောက်၊ ချီး ကြုံးပေးခဲ့တဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်။ အမှတ်တမဲ့ကနေ အမှတ်တရတွေကို ပြန်ပြောပါရစေအုံး။

တညနေ သူတို့အိမ်မှာ ကျနော်အိပ်မလို ့လုပ်တုန်း။ ကိုနေဝင်းက တင်းပြီး ဒီလိုပြောတယ်။

” မင်းကွာ အလိုက်ကန်းဆိုးကို မသိဘူး။ တခြားအိမ်မှာသွားအိပ်တော့”

ဒီလိုပြောတော့ ကျနော်တင်းတာပေါ့။ နောက်မှ စဉ်းစားကြည့်တော့ ဒီလိုကိုး။ သူတို့အိမ်က ဝါးကြမ်းတွေနဲ ့ဆိုတော့ ဟိုဟာလုပ်ရင် မလွတ်လပ်ဘူး။ အသံကြားရတယ်။ သူတို့လွတ်လွတ်လပ်လပ်လုပ်ချင်လို့ ကျနော့်ကို မောင်းထုတ်တာ။ ကျနော်လည်း ရှိစုမဲ့စု စောင်နဲ့ခေါင်းအုံးအစုတ်လေးသယ်ပြီး ကုတ်ချောင်းကုတ်ချောင်းနဲ့ သူများအိမ်မှာ သွားအိပ်ရပါတော့တယ်။

စိတ်ကြီးပဲ ကိုနေဝင်းကလည်း။ ဖြည်းဖြည်းပြောလည်း ကိုးပါပဲ။

ဒီလောက်တောင် ရိုးသားတဲ့ လူ။

8 comments

  • KoNyeinChan

    December 24, 2011 at 8:58 am

    ကိုဘုန်းကျော်..ဆက်ရေးဗျာ ဖတ်လို ့ကောင်းတယ်

  • ငပေါက်ဖော်

    December 24, 2011 at 10:08 am

    တူများတားတမီး..အာဝါဟ..ဝိဝါဟ ချင်မပေါ့
    အလိုက်မသိတဲ့..ငပြောင်ဂျီး..
    နာ့အိမ် လာအိပ်ရင်တော့..လက်ပစ်ဗုံး နဲ ့..ပစ်ထဲ့ပစ်မယ်..
    🙄

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 24, 2011 at 10:13 am

      တော်သေးဒယ် လက်ပစ်ဗုံးနဲ့ထုလို့
      ကိုယ့်စိတ်ဓာတ်နဲ့ဆို
      ဟိုဖက်မရရင် နင့်Fင် ပြဿနာရှာမယ်ဆို
      ဒုက္ခ 😀 😀 😀

    • KING

      December 24, 2011 at 10:27 am

      ဦးဖော်
      သင်္ကြန်ဗုံးနဲ့ ပစ်မှာလားဗျ … 😛

  • ကြောင်ကြီး

    December 24, 2011 at 12:03 pm

    နောက်တခါသွားရင် နားမှာဂွမ်းဆို့ထားတာ မြင်အောင်ပြပြီးမှ သွားအိပ်ပေါ့ဗျာ… 😀

    • ငပေါက်ဖော်

      December 24, 2011 at 12:13 pm

      နားမှ ဂွမ်းဆို ့ထားပေမဲ့…သူ ့ဝါးတဲ အကြောင်း သူသိလို ့..နှင်ထုတ်တာပေါ့ဂျ
      😕

  • chityimhtoo

    December 24, 2011 at 5:54 pm

    နေပါဦး ဘုန်းကျော်ရေးသမျှ ko nyein chan က ထောက်ခံနေတာဘာလည်းတစ်ယောက်ထဲလား….
    အယုံသွင်းနေတာလား။

  • zaw min

    December 24, 2011 at 9:18 pm

    သူများအကြောင်းလေးကိုဆီကာပတ်ကုံး၊ရေးသလို မောင်ရင်ဘုန်းကျော်ရဲ့ တောခိုရခြင်းအကြောင်းလေးရေးရင်ပိုပြီးစိတ်ဝင်စားတယ်။

Leave a Reply