စိတ်အစဉ်ဝယ်ဖြူစင်စေဖို့ အရဟံ ဂုဏ်တော်ပွားကြပါစို့။

who whoDecember 24, 20111min1245

စတုတ္ထနေ့
ဒီနေ့နဲ့ဆို လေးရက်တောင် ရှိပါပေါ့လား။ တစ်ရက် ၊ တစ်ရက် ကုသိုလ် အလုပ်တွေ လုပ်ပြီးတိုင်း “တစ်ရက်အောင်ပြီ”ရယ်လို့ ကြွေးကြော် လာခဲ့ကြတာ ခုဆို ကိုးရက်ဓိဋ္ဌါန်က လေးရက်မြောက်တောင် ရောက်လာပါပြီ။ ဒီနေ့ ပွားရမယ့် ဂုဏ်တော်ကတော့ အရဟံ ဂုဏ်တော်ပါပဲ။
အရဟံ ဂုဏ်တော်
ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝဗောဓိဆုကို တောင်းခဲ့ စဉ်က စလို့မြတ်ဘုရားရဲ့ ဂုဏ်ရည်တွေကိုမှန်းမျှော်ရင်း ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများ လာခဲ့ကြတာလေးကို ရောက်သလောက်ထိ ပြန်ပြီး ကြည်ညိုသဒ္ဒါ ပွားမိနေသည်။ ကိုယ်တော်တိုင် သစ္စာလေးပါးကို သိမြင်သလို သတ္တဝါ အနန္တတို့ကိုပါ သိမြင်အောင် ဟောပြတော်မူခဲ့သော မြတ်ဘုရားရဲ့ ဗုဒ္ဓေါ ဂုဏ် တော်၊ အဲလို ဆုတောင်းခဲ့တဲ့ အတိုင်း ပြည့်ဝစေဖို့ ပါရမီတွေဖြည့်ကျင့်ခဲ့တယ်။ ဘယ်လိုပါရမီတွေများ ဖြည့်ခဲ့ပါလိမ့်ဆိုတော့
(၁)မူလပါရမီဆယ်ပါး (ရွှေ၊ငွေ၊ ဆင်၊မြင်း စတဲ့ ပြင်ပ စည်းစိမ်ဥစ္စာတို့ကို လှူခြင်း)
(၂)ဥပပါရမီ ဆယ်ပါး(ခြေ၊ လက်၊ နား၊ နှာခေါင်း စတဲ့ ကိုယ်အင်္ဂါလှူခြင်း)
(၃)ပရမတ္ထပါရမီ ဆယ်ပါး(အသက်ကိုလှူခြင်း)
စတဲ့ သုံးဖြာဆယ်လီ ပါရမီတော်တွေနဲ့ ကိုယ်ကျိုး အသက်မငဲ့ပဲ ဖြည့်ကျင့် လာခဲ့တယ်။
ဒါတင်ပဲလားဆိုတော့ ဘယ်ကမလဲ။ စွန့်ခြင်းကြီးငါးပါးကိုလည်း ရဲရဲရင့်ရင့် စွန့်နိုင်ခဲ့တယ်။
(၁)စည်းစိမ်ကိုစွန့်ခြင်း
(၂)သားသမီးကိုစွန့်ခြင်း
(၃)မယားကိုစွန့်ခြင်း
(၄)ခြေ၊လက် စသော အင်္ဂါကြီးငယ်တို့ကို စွန့်ခြင်း
(၅) အသက်ကို စွန့်ခြင်း
ဆိုတဲ့ သာမန်လူတို့ လုပ်နိုင်ခဲသော အလုပ်ကို လုပ်နိုင်ခဲ့တယ်လေ။
အင်း စရိယသုံးပါးကိုလည်း အစွမ်းကုန် ကျင့်ဆောင်ခဲ့တာပါကောလားနော်။
(၁)လောက လူသား သတ္တဝါများအကျိုးကို ကျင့်ဆောင်တော်မူခြင်း
(၂) ဆွေမျိုးသားချင်းများအကျိုးကို ကျင့်ဆောင်ခြင်း
(၃) ဘုရားဖြစ်ရန် ကျင့်ဆောင်တော်မူခြင်း ဆိုတဲ့ စရိယသုံးပါးကို ကျင့်ရင်း ပါရမီတွေဖြည့်လာခဲ့ပါတယ်။
ဒီလို အကျင့်ထူးတွေနဲ့ မိမိကိုယ်ရော၊ စိတ်ပါအစဉ်တစိုက် စောင့် ရှောက်လို့ ဘုရားဖြစ်သည့်တိုင်အောင် သတိနဲ့ စောင့်ထိန်းခဲ့တာကြောင့် သုဂတော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
စရဏ(၁၅)ပါးဆိုတဲ့အကျင့်တွေကိုအသိဉာဏ်နှင့်ယှဉ်လို့ကျင့်ဆောင် ခဲ့တာကြောင့် ဝိဇ္ဇာ(၃)ပါး။ ဝိဇ္ဇာ(၈)ပါးဆိုတဲ့ ဉာဏ်တော်တွေနှင့် ပြည့်စုံခဲ့သော မြတ်ဘုရားရဲ့ဝိဇ္ဇာစရဏ သမ္ပန္နောဆိုတဲ့ ဂုဏ်အင်ကို ပွားများခဲ့ရတာနဲ့တင် ကြက်သီးများတောင်ထမိလောက်အောင် ဖြစ်မိပါတယ်။
ဒီနေ့အဖို့ အဲဒီကမှ ဆက်ကြပါစို့ဆိုတော့ မြတ်ဘုရားအလောင်းဟာ အဲလို ဝိဇ္ဇာဉာဏ်တွေကို ပိုင်နိုင်စွာရရှိလို့ ဘုရားအဖြစ်ကို ရောက်တဲ့အခါမှာ တော့ ဒို့ဘုရားရဲ့စိတ်တော်အစဉ်မှာ ကိလေသာဟူသမျှ မြူငွေ့လောက်တောင်
မကျန်အောင် ကိလေသာ အနောက်အကျူမှ ကင်းစင်သဖြင့် အမြဲ ကြည်လင် နေတာကြောင့် အရဟံ ဂုဏ်တော်နဲ့ ပြည့်စုံနေပါတယ်။ တစ်ထောင့်ငါးရာ ကိလေသာတို့ ဝါသနာဓလေ့ ထုံအငွေ့မျှ မငွေ့မရိပ် ဝင်းဝင်းဖိတ်သို့ ရွှေစိတ် ပျံ့သင်း လွန်သန့်ရှင်း၍ မင်းနှင့်ပြည်သူ ကြည်ဖြူကော်ရော် အလှူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း အရဟံ အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော် ကြားထင်ရှားတော်မူပါပေ၏လို့တောင် မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ ဂုဏ်ရည်ကျမ်းမှာ အခုလို ပူဇော်ထားပါတယ်နော်။
ကဲ အခုလို မြတ်ဘုရားရဲ့ အရဟံဂုဏ်တော် အကြောင်း သိရှိခွင့် ရတာနဲ့တင်ကို ကြည်ညိုသဒ္ဓါတွေ ယိုဖိတ်လာရပြီမို့ ဒို့တွေရဲ့စိတ်အစဉ်ကို ဂုဏ်တော်နဲ့ ထုံမွမ်းလို့ ကြိုးစားပွားများကြပါစို့လား။
အရဟံ – ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
– ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
– လူမင်း၊နတ်မင်း၊ဗြဟ္မာမင်းတို့နှင့်တကွ လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူ ထိုက်သော မြတ်စွာ ဘုရား။

ဗုဒ္ဓါနုဿတိ ဆိုတဲ့ ဘုရားဂုဏ်တော်ကို အစဉ်အမြဲ အထပ်ထပ် အခါ ခါ အောက်မေ့နိုင်ကြလို့ စိတ်အစဉ် ဖြူစင်နိုင်ကြပါစေ။
မှတ်ချက်။ ။ လိုအပ်ချက်များရှိပါက လမ်းညွှန်နိုင်ပါကြောင်း။

5 comments

  • KMN

    December 24, 2011 at 1:14 pm

    မူရင်းကောင်းမှ မိတ္တူကောင်းထွက်သလို၊ နောက်ကျုနေတဲ့ ကျနော့်တို့စိတ်တွေကိုလဲ ဖြူစင်ရှင်း
    သန့်တဲ့ မြတ်စွာဘုရားရဲ့စိတ်နဲ့ မိတ္တူကူးပွားသင့်ကြောင်း ———————– ။

  • TTNU

    December 24, 2011 at 1:46 pm

    စတုတ္ထနေ့ အောင်မြင်စွာပါဝင်ဆင်နွှဲနေသည်။

    ဆွတ်ဆွတ်ဖြူအောင် စိတ်ကလေး၊
    ဂုဏ်တော်ပွားရင်း အားတွေမွေး။
    မေတ္တာထားရင်း အလှူပေး၊

    ဘာဝနာပွားရင်း သီလလေး၊
    ဆက်လက်မနှေး ဆောက်တည်ပေး။

    မေတ္တာဖြင့်
    တီချာ

  • whowho

    December 24, 2011 at 5:38 pm

    ဟုတ်ကဲ့ပါ။ တီချာရေ။ ဘာလိုလိုနဲ့ လေးရက်တော့ အောင်ပြီလို့ ကြွေးကြော်လိုက်ပြီနော်။

  • ကြောင်ကြီး

    December 25, 2011 at 1:44 pm

    အရဟံ ဂုဏ်တော်မှာ “ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား” ဆိုတာကို အယင်က နားမလည်ခဲ့ဘူး။ မကောင်းမှုကို သူတော်ကောင်းများလည်း မပြုတာဘဲ။ ပုထုဇဉ် အရိယာ ခွဲပြောကြေးဆိုရင်တောင် ရဟနာ္တဖြစ်သွားရင် ကိလေသာကင်းလို့ ဒီဂုဏ်တော်ရှိတယ်။ ဂိတ်ဆုံးခြင်းအတူတူကို ဘာကြောင့် ဘုရားရှင်ဂုဏ်တော်အဖြစ် ထည့်သွင်းသတ်မှတ်တာလည်း မရှင်းခဲ့ဘူး။ ဝိပဿနာ ကမ္မဌာန်းအားထုတ်တဲ့ အကျင့်ရလာတော့မှ စိတ်သဘော သဘာဝကို ရိပ်စားမိလာတယ်။ အဲဒီဂုဏ်တော်ကို အခြား အရဟံ ဂုဏ်တော်တမျိုးဖြစ်တဲ့ “ကိလေသာ အညစ်အကြေးများကို ဝါသနာမျှမကျန် ပယ်စွန့်အောင်နိုင်ပြီးသော” နဲ့တွဲမြင်မှ စိတ်ကျသွားတယ်။ ဒါကြောင့်ပဲ “ပူဇော်အထူး ခံယူတော်မူထိုက်သော” ဂုဏ်တော်ကို ပညာနဲ့ယှဉ်တဲ့ သဒ္ဓါစိတ်ထားလို့ရသွားတယ်။
    ဒီမှာပြောချင်တာ ဝိပဿနာ အစစ်မဟုတ်ဘဲ သမထအာရုံများသာ ထားတတ်လို့ကတော့ ရုပ်နာမ်ဓမ္မသဘောကို မရိပ်စားမိလို့ ဂုဏ်တော်အချီးအမွှမ်းပိုလွန်းတယ် ကဲ့ရဲ့မိတတ်တာ သတိပြုကြစေလိုပါတယ်။။။။။။

    • whowho

      December 25, 2011 at 3:55 pm

      ဟုတ်ကဲ့။ ခုလိုပြောပြတာဖတ်ရတာနဲ့ကို စိတ်မှာ အရဟံဂုဏ်အပေါ် ကြည်နူးစိတ်တွေ ယိုဖိတ်ရပါပြီ။ နောက်ပြီး ကျနော်နားလည်ထားတာလေးတစ်ခုပေါ့။ ကိုယ့်အထွာလေးနဲ့ကိုယ် တော့ ဂုဏ်တော်တွေအပေါ်နားလည်သဘောပေါက်ပုံခြင်း ကွာသွားလိမ့် မယ်လို့။ …ကျနော် ဟိုနေ့က မဂ္ဂင်ငါးပါးလေး နားလည်သလိုရှင်းထားတာလေး ဖတ်ကြည့်ပေးပါဦး။သူများနားလည်မလည်တော့မသိ။ ကျနော်တော့ ရှင်းရတာ အရသာရှိသဗျာ။လိုအပ်ချက်ရှိရင်လည်း ပြောပါဦး။ ကျေးဇူးတင်ပါတယ်။

Leave a Reply