အက်သလက်တီကိုမက်ဒရစ်အသင်း အာဆင်နယ် ကွင်းလယ်လူ ဖရန်မာရီဒါကို စာချုပ်ခေါ်ယူ၊ နည်းပြကို သက်တမ်းတိုး

introMay 27, 20101min810

ယူူရိုပါလိဂ်ချန်ပီယံဆုဖလား ပူပူနွေးနွေး ရရှိထားသည့် စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသည် လာမည့် ဘောလုံးရာသီအတွက် အင်အားဖြည့်တင်းသည့်အနေဖြင့် အာဆင်နယ်အသင်းမှ ကွင်းလယ်ကစားသမား မာရီဒါကို (၄) နှစ်သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။

မာရီဒါသည် ဇွန်လ (၃၀) ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်သည့်အတွက် သူ့အား အက်သလက်တီကိုမက်ဒရစ်အသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အသက် (၂၀) အရွယ်ရှိ မာရီဒါသည် ဘာစီလိုနာလူငယ်အသင်းမှ ထင်ပေါ်လာသူဖြစ်ပြီး ၂၀၀ရ ခုနှစ်တွင် အာဆင်နယ်ပထမအသင်းနှင့် ပွဲဦးထွက် ကစားခွင့်ရခဲ့ချိန်မှစ၍ စုစုပေါင်း (၁၆) ပွဲကစားကာ (၂) ဂိုး သွင်းယူပေးခဲ့သည်။ လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ကားလင်းဖလား ဘောလုံးပွဲစဉ်တွင် အာဆင်နယ်အသင်းအတွက် သူ၏ ပထမဂိုးကို သွင်းယူခဲ့သည်။

သူ၏ အနာဂတ် အလားအလာနှင့်ပတ်သက်၍ အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးက “လုံးဝ အံ့အားသင့်ဖို့ကောင်းတဲ့ ကစားသမားပါ” ဟု မှတ်ချက်ပြုခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်အသင်းသို့ အငှားဖြင့် သွားရောက်ကစားခဲ့ပြီး (၁၄) ပွဲ ကစားကာ (၁) ဂိုး သွင်းယူပေးခဲ့သည်။ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းသို့ ပြန်လည်ရောက်ရှိကာ ရှဖီးယူနိုက်တက်အသင်းကို (၆-၀) ဖြင့် အနိုင်ရရှိသည့်ပွဲတွင် အာဆင်နယ်အသင်းနှင့်အတူ ပြန်လည်ကစားခွင့်ရခဲ့သည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် မာရီဒါကို စာချုပ်ခေါ်ယူပြီးနောက် လက်ရှိနည်းပြ ကွီကွီဆန်းချက်ဇ်ဖလောရက်စ်ကိုလည်း (၁) နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။ ဗလင်စီယာအသင်းနှင့် ဂီတာဖေးအသင်းနည်းပြဟောင်းဖြစ်သူ ဆန်းချက်ဇ်ဖလောရက်စ်သည် ဗုဒ္ဓဟူးနေ့တွင် စာချုပ်လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ဆန်းချက်ဇ်ဖလောရက်စ်သည် ၂၀၀၉-၂၀၁ဝ ပထမရာသီဝက်တွင် နည်းပြ အဘယ်လ်ရီစီနို၏ နေရာကို အစားထိုးတာဝန်ယူခဲ့ပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းကို ယူရိုပါလိဂ်ဆုဖလား ရရှိအောင်နှင့် စပိန်ဘုရင့်ဖလားနောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဆီဗီလာအသင်းကို (၂-၀) ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ဆန်းချက်ဇ်ဖလောရက်စ်၏ ဖလားနှစ်လုံးအိပ်မက် ပျက်ပြယ်ခဲ့ရသည်။