ငါဟာ သူမအပြင်ဘက်က ဝေါဟာရ

comegyiDecember 24, 20111min20523

ပီကာဆိုကြီးကတော့ သေခြင်းတရားကို မိန်းမတစ်ယောက်လိုပဲ သဘောထားသည်ဟု ဆိုသည်။ ဘဇာ ကြောင့် ထိုသို့ ဆိုလေသည်ကို ကျွန်တော်မပြောတတ်ချေ။ သူ့အလိုအရဆိုလျှင်တော့ ကျွန်တော် လည်း သေခြင်းတရားကို ကြုံခဲ့ပြီးပြီဟု ထင်သည်။ လူကိုယ်တိုင် လုံးလုံးလျားလျား မသေသွားသော်လည်း စိတ်သေသွားခဲ့သည်မှာ ကြာခဲ့ပါပြီ။ ထို့ကြောင့် ပီကာဆိုကြီး တော်သည်ဟု ကျွန်တော့်အယူအဆနှင့် ကျွန်တော် ထောက်ခံပါသည်။

 

အထက်တန်းကျောင်းသားဘဝကတည်းက ကျွန်တော့်မှာ မီးမကင်ရသေးသော ပေါင်မုန့် လုံးလုံးဝိုင်းဝိုင်းလေး တစ်လုံးရှိပါသည်။ ထိုပေါင်မုန့်ကလေးသည် စားချင်စရာကောင်းလှအောင် ကျွန်တော်မစားရက်သော ပေါင်မုန့်ကလေးလည်း ဖြစ်သည်။

ရဲရင့်သန္တာကို ကျွန်တော်ခိုးခေါ်သော နာမည်မှာ ပေါင်မုန့်ကလေးဖြစ်ပါ၏။ ထိုစဉ်ကတည်းက ပေါင်မုန့် ကလေးအား ကျွန်တော်ရည်းစားစကား ပြောလိုလှနေပြီ။ သို့သော်လည်း မပြောဖြစ်ခဲ့ပါ။ အရသာရှိမည်ဟု မထင်သေး၍ ဖြစ်ပါသည်။ ချစ်တယ် ဟူသော စကားလုံးအား ငြီးငွေ့သဖြင့်  စကားလုံးအသစ်ရှာဖွေနေစဉ်ကာလည်းဖြစ်၏။ ကျွန်တော်ပေါင်မုန့်ကလေးသည် အတန်းထဲတွင် ငပလီကမ်းခြေရာသီဥတုတစ်ခုဖြစ်လေသည်။ ထို့နောက် သူမနှင့် ကျွန်တော်သည် စာတော်ပြီးအပေါ်စီးက နေလိုသည့် တစ်ကိုယ်ကောင်းဆန်လောင်းလျာကလေးများကို မုန်းတတ်သည့်နေရာတွင် အကြိ်ုက်ချင်းတူညီကြသည်။

 

ကျွန်တော်သည် ရဲရင့်သန္တာအား ရည်းစားစကားပြောရန် အရသာရှိမည့်အချိန်ကိုစောင့်လာခဲ့သည်မှာ တက္ကသိုလ် နောက်ဆုံးနှစ်သို့ပင် ရောက်ခဲ့လေပြီ။ ရည်စားစကားပြောရာ၌ အရသာရှိမည်ဆိုခြင်းကို လူအများနဝေတိမ်တောင်ဖြစ်ချင်ဖြစ်နေပေမည်။ ကျွန်တော့်အတွက်ကတော့ အဓိပါယ်ပြည့်စုံပါပေသည်။ ကျွန်တော်၏ ပေါင်မုန့်ကလေးနှင့်ဆိုင်သော ပျော်ခြင်း၊ မပျော်ခြင်းကိစ္စကို လူအများနားလည်းဖို့ သိပ်မလိုအပ်ဟု ကျွန်တော် ရိုးသားနှိမ့်ချစွာ ယူဆပါသည်။ ဤသို့ ဆိုလေသဖြင့် တစ်ချို့ အဆိုးမြင်ဝါဒီများ၏ အမြင်တွင် သဝန်ကြောင်သည်ဟု ထင်လောက်ပါသည်။

ခြောက်နာရီကျော်ပြီးနောက်ပိုင်း ဘတ်စ်ကားခဈေးတတ်သည်မှာ ရန်ကုန်၏ သဘောသဘာဝတစ်ခု ဖြစ်ပါ၏။ ထို့ အတူ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသူနှင့် ဖျက်ဆီးသူဆိုသည်မှာလည်း လောကသဘာဝတစ်ခုဖြစ်ပါ၏။ ထို့အတူ ကျွန်တော်၏ ပေါင်မုန့်ကလေး သည်လည်း တစစနှင့် အရောင်ပြောင်းတတ်လာသည်မှာလည်း သူမ၏ သဘာဝတစ်ခုပင်ဖြစ်မည်ထင်ပါသည်။

 

ဆောင်းနံနက်ခင်းတစ်ခု၏ ချမ်းလည်းမချမ်း နှင်းလည်းမကျသော တစ်မနက်တွင် ဖယ်ရီဂိတ်သို့ သူမအရင်ရောက်နှင့်နေသည်။ ကျွန်တော်ရောက်သွားသောအခါ သူမက သူမနှင့်တူသော ပေါင်မုန့်ကလေးကိုဝါးနေပြီး ကျွန်တော့်အားမကျွေးပါ။ ကျွန်တော်ကလည်း မစားရက်ပါ။ ပေါင်မုန့်ကလေး ပုံသဏ္ဍာန်ပျက်သွားမည်ကို ကျွန်တော်မလိုလားပါ။ အပေါစားစီးကရက်တစ်လိပ်ကိုသာ အဆုတ်ပူသွားအောင်ရှိုက်ဖွာလိုက်သည်။  သို့သော် ကျွန်တော့်ပေါင်မုန့်ကလေးသည် တဖြည်းဖြည်းဆင့်ပွားပြောင်းလဲလာနေပါသည်။

 

သူမနဲ့ကျွန်တော်သည် အမြဲလိုလိုဖယ်ရီကို တူတူစီးကြသည်။  သည်နေ့လည်း သူမနဲ့ကျွန်တော်ဖယ်ရီတူတူစီးကြပါ၏။ ကားကက်ဆက်မှ လွင့်ပျံ့လာသော လေးဖြူ၏  ြမင်နိုင်ရင်လေ ကိုယ့်ရင်ထဲ တားဆီးကြည့်မနေနဲ့ အုံ့ပုန်းရဲ့ အချစ်စိတ်ရိုင် သီချင်းကို ကျွန်တော့်စိတ်ကူးထဲမှ သူမက လုယူသွားသည်။

ဟဲ့ ကဗျာဆရာ ငကြောင်…ညနေ .ငါဖယ်ရီနဲ့မလိုက်ဘူး …နင့်ဟာနင်ပြန် သူငယ်ချင်းနဲ့လိုက်သွားမလို့   ဟုသူမက ပြောသည်။ တက္ကသိုလ်ရောက်ပြီးနောက်ပိုင်း ကျွန်တော့်အားရဲရင့်သန္တာခေါ်တတ်သော နာမည်မှာ  ကဗျာဆရာငကြောင်  ဖြစ်ပါ၏။ ထို့အပြင် သူမမှာ ကျွန်တော့်ထက်ရင်းနှီးသော သူငယ်ချင်းဘယ်အချိန်ကရရှိသွားသည် ဆိုသည်ကိုလည်း ကျွန်တော် မသိလိုက်ပါ။ ကျွန်တော်သည် ဖယ်ရီပေါ်မှာသာ သူမသူငယ်ချင်း ဖြစ်ခဲ့ရပြီး အတန်းထဲ ရောက်သွားသောအခါ သူမဟာ ရှားပါး သဲကန္တာရ ပန်းတစ်ပွင့်၊ ရော့ခ်ဘုရင်မ၊ နှုတ်ခမ်းဖူးဖူးပိုင်ရှင်။

အတန်းပြီးသောအခါ ကိုရီးယားမင်းသားလေးနှင့်တူသော ကောင်လေးတစ်ယောက်၏ ကားပေါ်တွင် သူမလိုက်ပါသွားသည်။ အပေါစား ဗွီဒီယိုဇာတ်ကားထဲကလို သူငယ်ချင်းလေ  ဟုလည်း ပြောသွားသည်။

မိန်းမတို့၏ ချစ်ခြင်းကို ဒါဝင်ကလည်းပြောမသွားပါ။ နယူတန်လည်း မေ့ကျန်ခဲ့ဟန်တူသည်။ အိုင်စတိုင်းကတော့ နယူးကလီးယားကြောင်ကြောင်သွားခြင်း ဖြစ်နိုင်ပါသည်။

တည်တည်ခန့်ခန့်အလုပ်တစ်ခုလုပ်ပါလား ဂျစ်ပစီလိုပဲ စိတ်ကုန်တယ် ကဗျာက ဘာလုပ်ရမှာလဲ အောက်လိုက်တာ

ကျွန်တော် အမျိုးသားစာကြည့်တိုက်မှာသွားသွားထိုင်တတ်သည်ကို သူမက မျက်စိစပါးမွှေးစူးဟန်တူသည်။ နောက်ဆုံးပေါ် ဖက်ရှင်အကြောင်း အတန်အသင့်သိနေခြင်းသည် သူမအတွက် ကုန်ထုတ်လုပ်ငန်းတစ်ခု တိုးလာသလား မပြောတတ်ပါ။ ကျွန်တော်ရှာဖွေနေသော ဝေါဟာရကို ကိုရီးယားမင်းသားလေးနှင့်တူသော ကောင်လေးက လုယူသွားသည်။

ငါတို့နှစ်ယောက်တွဲနေကြပြီ နင်ဘယ်လို မြင်လဲ

ကျွန်တော့်အား သူမက မဆင်မခြင်မေးသည်။

နင်က မီလာနီလို မဖြစ်နိုင်ဘူး စကားလက်အိုဟာရာ လိုမိန်းမ

မာဂရက်မစ်ချယ်၏ လေရူးသုန်သုန်ကို သတိရပြီး ပြောမိတော့ သူမက ကျွတ်တစ်ချက်သပ်လိုက်ပြီး

ချီးထုပ် ဟုု ကျွန်တော့်အား ထောပနာ ပြုပါ၏။

ကျွန်တော် ရယ်နေရင်း စိတ်သေသွားပါသည်။

အသည်းကွဲလို့ အရက်သောက်တယ်ဆိုတာ လူပျော့လူညံ့တို့ရဲ့ အလုပ်ဟူသော စကားကို ကျွန်တော်သတိရသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ရန်အတွက် အရက်ဆိုင်ထဲသို့ ဝင်ပြီးကာမှ အရက်မသောက်ဖြစ်ဘဲ အအေးသောက်ပြီး ပြန်ထွက်လာခဲ့သည်။

ခင်ဗျားတို့လည်း ပေါင်မုန့်ကလေးကို အပြစ်မတင်ကြပါနဲ့။

ကျွန်တော့်အခန်းထဲတွင် လင်းနို့တစ်ကောင်မွေးထားရန် အကြံရသည်။ ဇောက်ထိုး မြင်နည်းကို လေ့ကျင့်လို၍ ဖြစ်ပါ၏။ တစ်စုံတစ်ယောက်ကိုမှ  ထိခိုက်လိုခြင်းမရှိဘဲ မှန်ထဲတွင်ပေါ်နေသော စာတစ်ကြောင်းကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ပဟေဋိဖွက်ထားချင်၍ ဖြစ်ပါသည်။

တစ်နေ့တွင် ကျွန်တော်စီးလာသော ဖယ်ရီကား ပကတိအတိုင်းတိမ်းမှောက်သွားသည်။ အားလုံးဘာမှ မဖြစ်ဘဲ ကျွန်တော်တစ်ယောက်တည်းကွက်ပြီး သေဆုံးသွားခဲ့သည်။ အဲဒီအတွက် ကိုရီးယားမင်းသားလေးနှင့်တူသောကောင်လေးကို ကျေးဇူးတင်ရပေမည်။ အကြောင်းမှာ ကျွန်တော့် ပေါင်မုန့်ကလေးကို သူ၏ကားပေါ်တွင် ဖြူဖြူလွင်လွင်လေး ရယ်မောလိုက်ပါသွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်ပါ၏။

အပြင်မှာ မှောင်နေပြီ။         ။

23 comments

  • ငပေါက်ဖော်

    December 24, 2011 at 5:29 pm

    ဘာပေါင်မုန် ့တုန်း..
    ဝမ်းဒါးပေါင်မုန် ့လား..ဂွတ်တမောနင်းပေါင်မုန် ့လားဗျ
    တစ်ကယ်တော့..ပေါင်မုန် ့ပဲဖြစ်ဖြစ်.ကိတ်မုန် ့ပဲ ဖြစ်ဖြစ် စားလိုက်ရင် အီးဖြစ်သွားမှာပါဗျာ..

    အပြင်မှာ မှောင်နေပြီ.
    သွားဂလုရအောင်..ကမ်းအွန်..ခမ်းအွန်

    ပုံ၊
    ဘီယာနဲ ့ပေါင်မုန် ့တွဲမြည်းသူ

  • windtalker

    December 24, 2011 at 7:33 pm

    ရဲဘော်ရေ
    ပေါင်မုန် ့တောင် မစားရက်တော့ပါဘူးဗျာ
    ခင်ဗျားက ပီကာဆိုနေရာမှာ ဂေါ်ကီ့ အယူအဆ သွင်းခဲ့ရင် ဗင်ဂိုးအဖြစ် ကျုပ် ဝင်ပေးမယ် ဗျို ့

  • TTNU

    December 24, 2011 at 7:54 pm

    ကိုပေါက်ဖော်ရေ… ပေါင်မုန့်ဆိုတာ ငပိကြော်နဲ့ စားရတာကွ။
    Comegyi ရေ သူတို့ခေါ်သလို ကိုကမ်းကြီးလား၊ သို့မဟုတ် ကိုမဲကြီးလား။အမြန်
    အကြောင်းပြန်ပါ။ သူမခေါ်သလို “ချီးထုပ်” ဟုမခေါ်ရက်ပါ။

    မေတ္တာဖြင့်
    တီချာ

    • ငပေါက်ဖော်

      December 24, 2011 at 8:15 pm

      တစ်ခုမှ ဟုတ်ပါဝူးဂျာ
      ကိုမီးဂျီး ပါ
      😆

  • pooch

    December 24, 2011 at 8:21 pm

    ဒီစာလေးဖတ်မိတော့ ဘာမဆိုင် ညာမဆိုင် သွားလေသူ နီကိုရဲ ကို သတိရမိတယ်….
    ကဗျာဆရာ တွေ စာရေးဆရာတွေများ အလွမ်းဓာတ်ခံလေးသာ ရှိလို့ကတော့ သူတို့ စာတွေ ဖတ်လိုက်ရင် ကိုယ်ပါ ရောပြီး လွမ်းလွမ်းသွားတယ်….

  • inz@ghi

    December 24, 2011 at 8:25 pm

    ကျွတ်ဆင် ….ကျွတ်ဆင် ….
    သည်လူကြီးလုပ်ချလိုက်ရင်ကျွတ်ဆင် ….
    သူတင်စားလိုက်ရင်…ကျွတ်ဆင် ….
    အို …စ-လယ်-ဆုံး…ကျွတ်ဆင် ….
    ရသမြောက်တဲ့….ကျွတ်ဆင် ….
    ကျွတ်ဆင် ……ကျွတ်ဆင် ….ကျွတ်ဆင် ….

    • ငပေါက်ဖော်

      December 24, 2011 at 8:58 pm

      ဟဲ့.ဟဲ့..
      အသာလုပ်ပါကွဲ ့..
      ကျွတ်ပါဆိုနေမှ ဆင်လောက်ရှိပါ့ မလားလို ့
      😆

  • blackchaw

    December 24, 2011 at 9:07 pm

    ကမ်းကြီး ဆိုရင် ကျွန်တော်ကတော့
    အငယ်အနှောင်း ပဲ သတိရနေမိတယ်ဗျာ။
    အောင်မြင်တယ်လို့ ခေါ်မလား ကမ်းကြီးရေ။

  • အပြင်ထွက်နေတဲ့ ငါဆိုတဲ့သူကို ခပ်နက်နက်လေးတူးဆွကြည့်လိုက်ပါတယ်

    ပထမဆုံးတော့.. အဖြူရောင် ခပ်နွမ်းနွမ်း သံယောဇဉ်လေးကိုတွေ့တယ်
    နောက်တော့.. တစ်ကိုယ်တည်း သိမ်မွေ့နေတဲ့ မေတ္တာ အဆွေးအနွမ်းလေးတွေ့တယ်
    အဲဒီနောက်မှာတော့.. ကြေမွနေတဲ့ နှလုံးသားအပိုင်းအစတစ်ခုကို အသံကျယ်ကျယ်နဲ့ ထိလိုက်မိသံကြားရတယ်

    နောက်ဆုံးမှာမှ..
    အလွမ်းတွေကို တူးဖော်မိသွားပါကြောင်း။

  • comegyi

    December 25, 2011 at 3:59 pm

    ပေါက်ဖော်……ဝမ်းဒါးလည်းဟုတ်ဘူး….
    ဂွတ်မောနင်းလည်းဟုတ်ဘူး
    နင့်ကို ဘီယာတစ်ဗူးနဲ့
    ဗမာဆေးများများကွမ်းတစ်ရာ ကျွေးမယ်…..
    ………………….
    ရဲဘော်ရေ့
    ပီကာဆိုတို့ ဗန်ဂိုးတို့က
    မှော်ရုံတောမှာ မောကြတာ
    ကျုပ်တို့က ဘယ်နေရာမှာ မော့ကြမတုန်းဗျ
    ကျုပ်တို့က ခွက်ပြိုင်တွေ ဆိုတော့ကာ ..
    မော့တာတော့ မော့မှကိုဖြစ်မယ်နော့……..
    …………………
    တီချယ်ခင်ဗျား
    ကမ်းကြီးပဲဖြစ်ဖြစ် မဲကြီးပဲဖြစ်ဖြစ်
    လိုရင်းသည်သာ အဓိကဖြစ်၍
    ခေါ်ချင်သလိုသာ ခေါ်ပါခင်ဗျား
    ဒါပေသိ ..ပေါင်မုန့်မ …ခေါ်သလို
    မခေါ်တဲ့အတွက်တော့ ကျေးဇူးပါခင်ဗျ……
    …………………
    Pooch ခင်ဗျား
    နီကိုရဲ
    ရဲ့ မကြည်ပြာကိုဖတ်ပြီး
    မရယ်တဲ့လူထဲမှာ
    ကျွန်တော်လည်း ပါတယ်ဗျ……
    …………………..
    ကိုဖိလစ်ပို ….
    ကျွတ်နဲ့ဆင် လယ်ပြင်မှာတွေ့ကြတော့ …
    ဘယ်လိုတွေဖြစ်ကုန်မယ်ဆိုတာ
    ကိုရင်ပဲ စဉ်းစားကြည့်လေတော့ ….ဟိဟိ…..
    ………………………
    ကိုဘလက်ရေ့
    အငယ်အနှောင်းကို အမြဲမှတ်မှတ်ရရ
    အားပေးနေတဲ့အတွက် ကျေးဇူးပါ
    အဲလိုကဗျာတွေကျတော့လည်း
    ခဏခဏကောက်ရဖို့
    ခက်တယ်ဗျာ့………
    ………………………….
    ကိုရှုံးရေ့ …..
    အလွမ်းတွေကို
    လိုလိုချင်ချင်တူးယူသွားတဲ့အတွက်
    ကျေးဇူးတင်ပါတယ် …..
    ကျွန်တော်လည်း ကိုရှုံးဆီမှာ ပြန်လာ
    တူးပါဦးမယ် ……
    ခင်တဲ့………….
    ကမ်းကြီး…….

  • manawphyulay

    December 25, 2011 at 4:55 pm

    ပါမုန့်တွေကော ဘာတွေကော ရှုပ်နေတာပဲ… ဘာပါမုန့်ဖြစ်ဖြစ် စားလို့ရဖို့အရေးကြီးတယ် ဟုတ်တယ်မလား… 😛

    • etone

      December 27, 2011 at 11:12 am

      စား စား အစ်မ မနောရေ … ။
      ကြာကြာဝါးမယ့် သွား .. အရိုးတော့ကြည့်ရှောင်နော် … ဟိုစကားပုံလေးကလည်း ရှိသေးသကိုး .. ဘာတဲ့ … အသွားမတော် တလှမ်း ၊ အစားမတော် တလုပ်တဲ့.. ဟီးဟီး … ။ 😀

  • comegyi

    December 25, 2011 at 5:00 pm

    မမ ပိစိကွေးက
    စားမယ် ဆိုဒါဂျီးပဲ
    ဒါဂလောက်သာ ဆို…
    မေရီအင်တွိုင်းနက်ကိတ်မုန့်
    စား………ဗျား…….

  • thit min

    December 25, 2011 at 8:35 pm

    ပီကာဆိုကြီးကတော့ သေခြင်းတရားကို မိန်းမတစ်ယောက်လိုပဲ သဘောထားသည်ဟု ဆိုသည်။
    ဆိုတော့
    ရှင်ခြင်းတရားကို ယောက်ကျားတယောက်လိုသဘောထား၍၊ မသေမရှင်ဖြစ်နေခြင်းကို ဂေး၊အပုံး၊အချော်တကောက်
    လိုစဉ်းစားရသည်တမုံ့။
    (ဟဲ ဟဲ) မော်ဒန်စာတပုဒ်ကို ဘယ်လိုမန့်ရမှန်းလဲမသိ၊ ကိုကမ်းဝေးကိုလဲမန့်ချင်လို့ ပါဗျာ။

  • comegyi

    December 25, 2011 at 10:41 pm

    ဟား ဟား
    ကိုသစ်ကြီးရာ
    ရှင်ခြင်းတရား
    သဘောထားမှာ
    ဝီစိကိစ္ဆာတွေက
    များလှချည်လားဗျ……..

  • တစ်ရက်တော့ ဘတ်စကားစောင့်နေရင်း ဟိုဘက်ကားလမ်းမနံဘေးမှာ ခပ်ဖြူဖြူ လုံးလုံးလေးကို မြင်တော့ သွားကြည့်မိပါတယ် မှိုတက်နေတဲ့ပေါင်မုန့်လေး ပုံပျက်နေတဲ့ပေါင့်မုန့် အပဲ့လေးဖြစ်နေတာကိုမြင်မိပါတယ်။
    အဲဒီအချိန်ဝေါကနဲဖြတ်သွားတဲ့ကားလေးကို ဖျပ်ကနဲ ကြည့်မိတော့ ကျနော့်ပေါ်င်မုန့်လေးရဲ့မင်းသားဖြစ်နေပါတယ်
    ဒီတစ်ခါ သူ့ဘေးနား ပါသွားတာကတော့ ကျနော့်ပေါင်မုန့်လေးမဟုတ်တာ အသေအချာ။
    ကျနော့်ပေါင်မုန့်လေးရော မှိုတက်သွားပြီလား ပုံပျက်သွားပြီးလားတွေးမိတော့………………
    လွမ်းလိုက်တာကွယ်…………………………………………

  • FattyCat

    December 26, 2011 at 10:01 am

    ဘယ်လိုကြီးလဲမသိဘူး….နဲနဲတော့ခံစားရတယ်
    အချစ်ရယ်..ပေါင်မုန့်တစ်လုံးရယ်..ဘဝကို ရောင့်ရဲတယ်ပေါ့…
    အခုဟာက အချစ်ဟာ ပေါင်မုန့်ကြီးကွယ်…ဘဝကို ငါရောင့်ရဲတယ်…ဖြစ်သွားပြီ

  • နီကီတာ

    December 26, 2011 at 11:34 am

    ဂွတ်တယ်…
    ဒီလိုရသမျိုးတွေ အခုနောက်ပေါ်လာတဲ့
    စာရေးဆရာတွေတောင်မရေးနိုင်ဘူး
    (ငွေရှိတိုင်း စာအုပ်ထုတ်ပြီး…
    ရုပ်ပြစားနေသော စာရေးဆရာ အမည်ခံများကိုသာ ရည်ရွယ်ပါသည်..)
    ကိုကမ်းဂျီးရဲ့ အုန်းကျွန်းတွေ စုပြီး….. ဝတ္ထုတို ထုတ်ပါလား…. 😀

    • ကိုရင်စည်သူ

      December 27, 2011 at 2:13 am

      နီကီနီတာ က… ကိုကမ်းကြီးကို သွားမြှောက်ပေးနေတယ်…
      ဟိုက တကယ်ထုတ်တော့မယ်ကြားတယ်…
      တကယ်ထုတ်ရင် တကယ်အားပေးရမယ်နော်….

      ဟေ့လူကြီး ကိုကမ်းကြီး… ခင်ညားစာဖတ်ပြီး
      ရင်ထဲရှတတ ဖီလင်ခံစားရတယ်ဗျာ….
      အဲ့လို ရှတတလေးတွေ ထပ်ရေးပေးဦး

      • windtalker

        December 27, 2011 at 2:30 pm

        ရင်ထဲမှာ ရှတတ တာ ကမ်းဂျီး
        ရင်ပြင်မှာ ရှတတ ရင်တော့ ဘာဂျီး ဖြစ်မလဲ ဟေ့

  • etone

    December 27, 2011 at 11:31 am

    ကိုကမ်းကြီးရေ … စာအရေးသားကတော့ လန်ထွက်နေအောင် လန်းတယ်နော် ။
    ကိုယ့်ကို အရေးမလုပ်တဲ့ပေါင်မုန့်ကိုမျှော်မနေပါနဲ့တော့ ….
    နွားပိန်ကန်လို့ ပြန်လာမယ့်အချိန်ကျမှ အကြွေပန်းလည်း ကောက်ယူလည်း နမ်းမနေပါနဲ့တော့ … ။
    ကိုုယ့်ကို လူပီပီသသလို့ စိတ်ထဲမမှတ်ထားတဲ့ မိန်းကလေးအပေါ် … ချစ်တဲ့စိတ်တွေ … မာနနဲ့ရောချေလိုက်ပါတော့လေ .. ။မဟုတ်လျှင်ပင်ပန်းတယ် …. ။

    ကားမှောက်ပြီး ဆေးရုံရောက်တော့ … ပေါင်မုန့်ထက်ပိုမွှေးတဲ့ .. ကိတ်မုန့်ဆရာဝန်မလေးနဲ့တွေ့ပြီး .. ဇာတ်လမ်းတွေ ဆင်တဲ့အကြောင်းလည်း ဆက်ရန်လုပ်ပါဦးဗျို့ …. 😀 😀

  • နွယ်ပင်

    December 27, 2011 at 11:40 am

    အရေးအသားကတော့ ရေလည်ဂွတ်တယ်ဗျို့
    ဆက်ရေးပါဦး စောင့်မျှော်နေပါတယ် …………

  • comegyi

    December 27, 2011 at 7:53 pm

    ရဲဘော်ရေ့…..အထဲမှာရှတာရော
    အပြင်မှာ ရှတာရော….
    အနော်မသိပါဘူးဗျာ….
    အချစ်ဆိုတာ ဆေးကုလားမနဲ့ ကျောက်ကျော
    ရောသောက်ရသလိုပဲဗျ…..
    …………..
    မအိတုန်ရေ့…….
    ဆေးရုံတော့ မတက်ပါရစေနဲ့ခင်ဗျာ…..ကိတ်မုန့်မစားရရင်နေပါစေ..
    ဆေးရုံဆေးခန်းသွားပီး ပါလာတာလေးလည်း ကုန် …….ပါလာတာ .လေးလည်းကုန် ……××××××
    နေပါဦးမယ်…….ဟိဟိ…
    ………
    နွယ်ပင်ရေ့…
    အဲသလို မီးထိုးပေးတဲ့လူရှိလို့ကတော့
    ပါစီပါတောက်လို
    ရက်ရှစ်ဆယ်နဲ့မဟုတ်ဘူး
    ကဘာကြီးကို တစ်ရက်တည်းနဲ့တောင်
    ပတ်လိုက်ချင်သဗျား……ဟဲဟဲ…
    ……

Leave a Reply