မမ .. ဆံပင်ဖြူတစ်ချောင်းတွေ့တယ် .. နှုတ်လိုက်ရမလားဟင် ….” ကျွန်မညီမလေးက ဆံပင်ညှပ်ပေးရင်း ရုတ်တရက်မေးလိုက်တယ်။
ဟင် .. တကယ်လား … မဖြစ်နိုင်ဘူးထင်တယ် … အနက်ကပြောင်နေတာကိုများ မျက်စိမှားတာလား” မယုံကြည်တဲ့လေသံနဲ့ ပြန်မေးလိုက်မိတယ်။
သေချာပါတယ်ဟာ … ဆံပင်ဖြူအစစ်ပါ … မယုံရင် နှုတ်ပြမယ် …” နှုတ်ပြီး ကျွန်မလက်ထဲကို ထည့်လိုက်တယ်။
ဟယ် … ဟုတ်ပါရဲ့ … ထပ်ကြည့်ပါအုန်း ရှိသေးလားလို့ …”
မရှိတော့ဘူး … တစ်ချောင်းထဲပါပဲ …”

ဒီတစ်ခေါက် ဇရာတံခါးခေါက်သံက တော်တော်ပြင်းသွားပါတယ်။ ကျွန်မကိုယ်တိုင် သေချာကြားလိုက်ပြီး တုန်လှုပ်မိသွားပါတယ်။ လူ့သက်တမ်း ၃ ပုံ ၂ ပုံလောက် ရောက်နေပေမယ့် ဆံပင်တစ်ချောင်းမှ မဖြူသေးတာကို ဂုဏ်ယူခဲ့သမျှ သွားပါပြီ … အဖွားကြီးစာရင်းဝင်သွားပြီ … ၀မ်းနည်းစိတ်နဲ့ထပ်တူ သံဝေဂစိတ်တွေလဲ ဖြစ်ပေါ်လာပါတယ်။

ဖြစ်ပြီးရင် ပျက်မှာပဲတဲ့ … လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရုပ်မှုန်လေးတွေရဲ့ ပျက်စီးမှုက တစ်စက္ကန့်မှာ ကုဋေငါးထောင်နှုန်းရှိတယ်တဲ့ … အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတရားတွေကို မြင်အောင်ရှုကြည့်ရမယ်တဲ့ … ဘယ်လိုပဲ ဘုရားဟောခဲ့ဟောခဲ့၊ ဘယ်လောက်ပဲ တရားနာနာ၊ တရားတွေ အကြိမ်ကြိမ်ထိုင်ကြသော်လည်းပဲ ခဏတာပါပဲ။ အရာအားလုံးကို မြဲသည်လို့ပဲ ထင်နေတတ်ကြတာ လူ့သဘာဝသာဖြစ်ပါလိမ့်မယ်။

တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာပြီလို့ သိနေပေမယ့် ဇရာကို ဥပေက္ခာပြုနေခဲ့မိတယ်။ ဇရာက နေ့တိုင်းနေ့တိုင်း တိုးတိုးလေး တံခါးလာခေါက်လေ့ရှိပေမယ့် မကြားချင်ယောင်ဆောင်နေခဲ့မိတယ်။ ရွယ်တူတွေကြားထဲမှာ အနုနယ်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူများတွေမြှောက်ပြောတာကို သာယာရင်း ဇရာဆိုတာ ကိုယ်နဲ့မဆိုင်သလို နေခဲ့လိုက်ပါတယ်။ သွေးတိုးရောဂါဖြစ်နေကြပြီဖြစ်တဲ့ သူငယ်ချင်းတွေကြားမှာ ကျွန်မက အလွန်ကျန်းမာရေးကောင်းနေသေးတယ်လေ။ ဆံပင်ဖြူနေကြတဲ့ သူငယ်ချင်းတွေကြားမှာ တစ်ပင်မှ မဖြူသေးဘူးလို့ ဂုဏ်ယူနေခဲ့ပါတယ်။ အ၀လွန်တွေကြားမှာ ဘော်ဒီထိန်းနေနိုင်သေးတယ်။

ရွယ်တူတွေနဲ့ သွားနှိုင်းယှဉ်နေမိပြီး ကျေနပ်နေမိတာ ကျွန်မအမှားပါပဲ … တကယ်တော့ မနေ့ကနဲ့ ဒီနေ့ နှိုင်းယှဉ်ကြည့်ရင် ဇရာဆိုတာကို သတိထားမိနိုင်တာပေါ့နော်။ ကျွန်မက သတိထားမိမှာစိုးလို့ မှန်သိပ်မကြည့်ဖြစ်ဘူး။ မျက်စိတော်တော်မှုန်တဲ့ကျွန်မက မှန်ကြည့်ရင်လဲ မျက်မှန်မတပ်ပဲကြည့်တယ်လေ။ ခပ်မှုန်မှုန်နဲ့ဆိုတော့ သေချာမမြင်ရတော့ ဇရာကိုလဲ မသိတော့ဘူးပေါ့။ :P

ကျွန်မက ယနေ့အထိ သဘာဝအတိုင်းပဲ နေပါတယ်။ မိတ်ကပ်၊ ဆံပင် ပြုပြင်ခြင်း ၀ါသနာမပါဘူး။ အခုမှ ဆံပင်ဖြူဆိုတဲ့ အသံက ကျွန်မကို လှုပ်နှိုးလိုက်သလိုပဲ … အိမ်မက်က လန့်နိုးလာတဲ့လူတစ်ယောက်လို မယုံနိုင်သလိုဖြစ်နေပြီး ငိုင်နေမိတယ်။ မျက်မှန်သေချာတပ်ပြီး အကြာကြီးမှန်ကြည့်နေမိတယ်။ တကယ်အိုသွားပြီပဲ … မျက်နှာမှာ အရေးအကြောင်းတွေတောင်ပေါ်နေပြီ … စိတ်မကြည်လင်မှုက မျက်နှာကို အရောင်ဟပ်နေတယ် … ပြုံးကြည့်တယ် … မဲ့ပြုံးပဲ ပေါ်လာတယ် … ရုပ်မှုန်တွေရဲ့ပျက်စီးနေမှုကို လှစ်ကနဲမြင်လိုက်ရတယ်။

နောက်ဆို ဇရာက အခုထက်ပိုပြီး တံခါးပြင်းပြင်းခေါက်တော့မယ်။ ဥပေက္ခာပြုမလား၊ ခံနိုင်ရည်ရှိအောင်လေ့ကျင့်မလား၊ ဇရာကို ရသလောက်အနိုင်ယူမလား၊ သံဝေဂတရားတွေနဲ့ အသေမဦးခင် ဥာဏ်ဦးအောင် လုပ်မလား၊ အမျိုးမျိုးတွေးကြည့်မိတယ်။ ဒါပေမယ့် ကျွန်မအဖြေက လူပီသနေပါသေးတယ်။ ဇရာကို ရသလောက်အနိုင်ယူလိုက်ချင်ပါသေးတယ်။ အသားအရေနဲ့ ဆံပင်ကို ဂရုစိုက်ပြီး ထိန်းသိမ်းမယ်။ စိတ်၏ကြည်လင်မှုက ရုပ်ကိုတိုက်ရိုက်အကျိုးပြုတာမို့လို့ စိတ်ကို ကြည်လင်အောင် အားထုတ်မယ်။ လောဘ၊ ဒေါသ၊ မောဟ နဲအောင်လုပ်မယ်။ ပြုံးပြုံးလေးနေနိုင်အောင်ကြိုးစားမယ်။

ဘယ်လိုပဲ သံဝေဂစိတ်သွင်းသွင်း အဖြေကတော့ ကျွန်မ မအိုချင်သေးပါ …..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....