သွပ်ပြားအမိုးပေါ် မိုးရေကျသံများ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ည၏ တိတ်ဆိတ်ခြင်းကို ကျယ်လောင်စွာ ဖြိုခွင်းနေသဖြင့် မဇင်ဇာသည် အိပ်ယာထက်တွင် အေးမြလှသော ရာသီဥတုကြား အိမ်စက်ခြင်းငှာ မပြုနိုင်ပဲလူးလူးလွန့်လွန့်ဖြင့် ရှိနေသည်။ ပြင်ပလောကသည်ကား အေးချမ်းမှုအတိဖြင့်ရှိသော်လည်း မဇင်ဇာရင်မှာမူ ပူလောင်လွန်းလှပေပြီ။ များမကြာမီကာလကပင် အိမ်သို့နောက်ဆုံးရောက်ခဲ့သော စာတစ်စောင်ကြောင့်ဖြစ်သည်။ လင်ယောကျာ်းပြန်လာတော့မည်ဆိုသည့်အကြောင်း အသိပေးစာတစ်စောင်ကြောင့် သူမ၏ အသားကျနေသောဘ၀လေး တည်ငြိမ်နေသည့် ကန်ရေပြင်ကို ခဲဖြင့် အပေါက်ခံလိုက်ရသည့်အလား အတွေးစဉ်လှိုင်းများ တစ်လိမ့်ချင်း၊ တစ်လိမ့်ချင်းနှင့် ဟိုးစဉ်က သူမ၏ လင်တော်မောင်နှင့် စတင်တွေ့ဆုံခဲ့စဉ်က အခြေအနေများကို ပြန်ပြောင်းမြင်ယောင်မိတော့သည်။

========================================================
တစ်ကယ်တော့ ဇင်ဇာခက်ကျော်ဆိုသော မိန်းမသားသည်ကား ဧရာဝတီတိုင်းတွင်းမှ မထင်မရှားမြို့နယ်လေးရှိ အတော်ပင် ဝေးလံခေါင်ဖျားလှသောရွာလေးမှ ကျေးတောသူလေးသာဖြစ်သည်။ အသားအရေမှာလည်း ငယ်စဉ်က အနာစက်များပေါက်ခဲ့ဖူးသဖြင့်လည်းကောင်း၊ ကောက်စိုက်လိုက်ခဲ့ဖူးသဖြင့်လည်းကောင်း အတန်ငယ်ပင် ညိုစိမ့်စိမ့်နှင့်ဖြစ်သည်။ အသက် ၄၀ ကျော်မှ ကံပေါ်သဖြင့်ရခဲ့သော အထွေးဆုံးသမီးလေးမို့ မိဘများမှာ ငယ်စဉ်ကပင် အထူးအလေးပေးခြင်းခံခဲ့ရသည်။ မွေးချင်း ၈ ယောက်ရှိသည့်အနက် အကြီးဆုံးအမသည်ကား ၂၅ နှစ်ခန့်မျှခြားလေသဖြင့် မိသားစုအတွင်းတွင် ကလေးသာသာ သတ်မှတ်ခံရပြီး လူရာသွင်းခြင်းလဲမရှိပေ။ အပျိုဖော်ဝင်လာသောအခါတွင်ကား သူမ၏ အစ်မမှာ မြို့ပေါ်တွင် အိမ်ထောင်ရက်သားကျနေပြီး အဆင်ပြေနေသဖြင့် နောင်ရေးကို ကြိုတွေးကာ မိဘများမှ ပို့ဆောင်ကျောင်းထားခြင်းခံရသဖြင့် ကျေးတောသူလေးမှာ စည်ကားလှသော မြို့ပြကြီးသို့ ရောက်လာရပြီဖြစ်သည်။ အမှန်ဆိုရလျင်မူ ငယ်စဉ်က တစ်ခေါက်ရောက်ခဲ့ဖူးသော မြို့ကြီးကို လွန်စွာသဘောကျလွန်းသဖြင့် မိဘများအား မရမက ပူဆာတောင်းဆိုခြင်းကြောင့် ရောက်လာရခြင်းဟုဆိုကလည်း လွန်အံ့မထင်။

ငယ်စဉ်ကပင် စာတော်သူဖြစ်သောကြောင့် ဆယ်တန်းစာမေးပွဲကို နှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီးနောက် တညင် GTC သို့ ပထမနှစ်တက်ချိန်မှာပင် သူမ၏ဘ၀အား ကံကြမ္မာမုန်တိုင်းများ တစ်ခုပြီးတစ်ခု ရက်ရက်စက်စက် တိုးဝင်လာတော့သည်။ အစ်မခင်ပွန်းဖြစ်သူမှာ လွန်စွာ အနေရိုးပြီး အစ်မထက် ၁၅ နှစ်ခန့်ကြီးသဖြင့် အစ်မဖြစ်သူမှာ လင်ယောကျာ်းအားဆိုးချင်တိုင်းဆိုးနေတော့၏။ ငယ်ရွယ်သူဟူသည့်အကြောင်းပြချက်ဖြင့် အစိုးရ၀န်ထမ်း၊ လူရိုးအေးကြီးလင်ယောကျာ်းအား နွားဖားကြိုးထိုး ငွေရှာခိုင်းရာမှတစ်ဆင့် အခန့်မသင့်သဖြင့် နိုင်ငံတော်ပိုင်ပစ္စည်း အလွဲသုံးစားမှုတိုက်ဖျက်ရေး စီမံချက်ကာလတွင် အဖမ်းခံလိုက်ရပြီး ၁၅ နှစ်ဟူသော ထောင်ဒဏ်ကြီးကို အင်းစိန်ထောင်ကြီးတွင် မိန့်မိန့်ကြီး စံစားသွားရတော့သည်။ အမှုဖြစ်စဉ်က အထက်လူကြီးများမှ အလွန်ဆုံးကျလ ထောင် ၆လပေါ့ဟုဆိုကာ ဇွတ်ခေါင်းငြိမ့်ခိုင်းသဖြင့် လူရိုးအေးကြီးမှာ ထောင်နန်းစံရတော့၏။ အမှုရင်ဆိုင်နေစဉ်ကာလအတွင်း ၀န်ထမ်းအိမ်ယာများမှ ဖယ်ရှားခံရသဖြင့် သူမမှာလည်း အမဖြစ်သူပြောင်းရွှေ့နေထိုင်ရာ အစွန်အဖျားမြို့နယ်လေးရှိ အိမ်လေးသို့ ပြောင်းရွှေ့နေထိုင်ရတော့သည်။ အစ်မဖြစ်သူမှာကား မျက်ရည်လည်ရွှဲဖြင့် အချုပ်သို့ သွားတွေ့တိုင်း သူမ၏ခင်ပွန်း သူတော်ကောင်းကြီးအား ယခုကဲ့သို့ဖြစ်အောင် မိမိကိုယ်တိုင်ပင် လုပ်ရက်လေခြင်းဟု အကြိမ်ကြိမ်အခါခါတောင်းပန်ခြင်းများ ပြုရခြင်းမှာလည်း နှောင်းနောင်တများသာဖြစ်ပေသည်။

ကံကြမ္မာဖန်လာလေသည်လားတော့မသိ၊ အချုပ်သို့ နေ့စဉ် မျက်ရည်လည်ရွှဲဖြင့်လာတွေ့သော ငယ်ရွယ်သည့် မိန်းမပျိုအားတွေ့မြင်ရာမှ ကြင်နာသနားခြင်း ဖြစ်လာလေသော အနှီယောကျာ်းတစ်ယောက်သည်ကား မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးကို လူမမြင်အောင် အသာထိုးသိပ်ရင်း ကူညီပါရစေဟု အကြောင်းဆိုလာသဖြင့် အပူသည်မိန်းမအဖို့မှာကား ကောက်ရိုးတစ်မျှင်သာ အားကိုးရာဟုထင်မှတ်ပြီး ထိုလူ့အား ယုံမှတ်ခြင်းသို့ ရောက်တော့လေသည်။ နောင်တွင်တော့မူ ခင်ပွန်းသည်ကိစ္စလိုက်လံလုပ်ကိုင်ရင်းနှင့် အားကိုးရာမဲ့လာသော သူမ၏အစ်မမှာကား ကျေးဇူးတုန့်ပြန်သည့်အနေဖြင့် အိမ်သို့ခေါ်ဆောင်ပြုစုခြင်းဖြစ်သဖြင့် မဇင်ဇာမှာမူကား ညစဉ်ပင် သက်ပြင်းမောကြီးများကို ချနေရတော့သည်။ သူမ၏အစ်မမှာ သူမနှင့်အတူ မအိပ်တော့သည်မှာ ထိုမှပင် မဟုတ်ပါလား။ ပိုင်စိုးပိုင်နင်း ၀င်ခွင့်၊ ထွက်ခွင့်ရထားသော ထိုသူမှာကား သူမ၏ ပွင့်ဖူးစ အပျိုစင်သဘာဝများကိုလည်း တပ်မက်ခြင်းများစွာဖြင့် ကြည့်လေသည့်အတွက် အစ်မဖြစ်သူအား ပြောလေလျင်တော့ ညည်းမှ အနေအထိုင်မတတ်တာဟုပင် အပြောအဆိုခံရခြင်းပင်ဖြစ်တော့သည်။ အိမ်တွင်အနေမပျော်တော့သော သူမမှာ အားလပ်ချိန်များတွင် စကားပြောသင်တန်းများကိုသာ လိုက်တက်ဖြစ်တော့သည်။ နောင်တွင်မတော့ သူငယ်ချင်းတစ်ယောက်၏ အဆက်အသွယ်ကြောင့် စက်ရုံတစ်ရုံတွင် Receptionist ရာထူးဖြင့် ခန့်အပ်ခြင်းခံရသဖြင့် သူမ၏ဘ၀ ပြောင်းလဲခြင်းများ အကြီးအမားဖြစ်ဖို့ရန် ဖန်လာတော့ပြန်သည်။

သူ.. ထိုသူ

ထိုသူသည်ကား.. လက်ရှိသူမ၏ခင်ပွန်း၊ တစ်ချိန်က ထိုလူသားမှာတော့ သာမန်အညတရလေးသာဖြစ်သည်။ သူမကဲ့သို့ အသက်အရွယ်ကြီးရင့်သော မိန်းမတစ်ယောက်အား လာရောက်ချစ်ရေးဆိုသည့် တစ်ကောင်ကြွက်၊ တစ်မျက်နှာ ခပ်ငယ်ငယ်၊ ခပ်ချောချောကောင်လေးအား သူမ မငြင်းဆိုခဲ့သည်မှာ လွန်အံ့မထင်ပေ။ အစကတော့ အပျော်သဘောနှင့် လိုက်လျောဆက်ဆံခဲ့သော်လည်း နောင်တွင်မတော့ သနားခြင်းများလွန်စွာတိုးခဲ့သည်ကတစ်ကြောင်း၊ စကားလုံးများ ချိုသာလွန်းသည်ကတစ်ကြောင်းကြောင့် ချစ်သူတွေဘ၀ အလိုအလျောက် ရောက်ခဲ့ပြန်တော့သည်။ အများက ကလေးမုန့်ပေးကြိုက်သည်ဟု ကဲ့ရဲ့ကြသော်လည်း သူမအဖို့ အိမ်တွင် မွန်းကျပ်ခဲ့သမျှ ထိုကောင်လေးနှင့်မှ စိတ်သက်သာရာ ရတော့သည်။ နောက်ဆုံးတွင်မတော့ မိမိ၏ ကျဉ်းကျပ်လှသောဘ၀မှ လွတ်မြောက်ရေးအလို့ငှာ ထိုကောင်လေး လုပ်ငန်းအဆင်ပြေသောအခါတွင် ခိုးရာလိုက်ပြေးပြီး နှစ်ယောက်တည်းဘ၀ ထူထောင်ခဲ့လေရာ လွန်စွာမှပင် သာယာငြိမ့်ညောင်းခြင်းရှိတော့သည်။ ငွေရေးကြေးရေးလဲမပူရ၊ ဆွေမျိုးများနှိပ်စက်ရာလဲ ဝေးလှသောကြောင့် ပါတ်ဝန်းကျင်က အားကျရလောက်အောင်ပင် ပျော်ရွှင်သောအိမ်ထောင်သည်ဘ၀လေးကို ပိုင်ဆိုင်ရတော့သည်။

မိမိအနေနှင့်မူကား အင်္ဂလိပ်စကားပြောသင်ကြားခြင်းဖြင့် ကိုယ်ပိုင်ရပ်တည်နိုင်သဖြင့် လင်ယောကျာ်းဖြစ်လာသော ကိုအောင်ခန့်ဟူသော ထိုချာတိတ်အား လားလားမျှ မှုရန်မလိုပေ။ တစ်ခြားမိန်းမတွေလို ယောကျာ်းလစာမျှော်ရသည့်ဘ၀မဟုတ်သဖြင့်လည်း အတော်လေးပင် ဂုဏ်ယူမိပြန်သေး၏။ သူလဲတစ်နေကုန်အလုပ်သွား၊ ကိုယ်လဲတစ်နေကုန်အလုပ်သွားနှင့် သူအလုပ်ပြန်ချိန်နှင့် ကိုယ်အလုပ်ပြန်ချိန်များတိုက်ဆိုင်သည့်အခါများတွင် ဆိုင်တစ်ဆိုင်ဆိုင်တွင် ၀ယ်စားခြင်းဖြင့်လည်းကောင်း၊ သူအရင်ပြန်ရောက်လျင်သော်လည်းကောင်း၊ မိမိအရင်ပြန်ရောက်လျင်သော်လည်းကောင်း ဆိုင်တစ်ဆိုင်ဆိုင်မှ ထမင်းနှင့်ဟင်းကို ၀ယ်ထားပြီး ပန်းကန်တွင်းထည့်ပုံစားခြင်းဖြင့်လည်းကောင်း စားရေးသောက်ရေး ပူပန်ရခြင်းလဲမရှိပေ။ အိမ်ထောင်ရှင်မဟုသာဆိုသော်လည်း ဟင်းတစ်ခွက်ကောင်းကောင်းမချက်တတ်သေးဘဲ အိမ်ရှင်မဖြစ်လာသော မိမိကိုယ်လဲ ဂုဏ်ယူဝင့်ကြွားဖြစ်မိပြန်သေးသည်။ ဘာပဲပြောပြော… လင်အောင်ခန့်မှာ ဟင်းချက်တော်ပေသည်မလား။ အချိန်တန် သူချက်တာလေးကိုစားရင်း လိုတာထက်ပိုပိုသာသာလေး ချီးကျူးပေးခြင်းဖြင့် မီးဖိုချောင်အရေး တွေးဖို့အေးနေသည်မှာ ညားကတည်းကပင်။

ဖြစ်ချင်လာတော့ပြန်တော့လည်း လင်ယောကျာ်းဖြစ်သူမှာ အလုပ်မှ ပြုတ်လာပြီးနောက် အိမ်တွင်သောင်တင်ခြင်းသို့ဖြစ်တော့သည်။ စုဆောင်းထားသမျှလေးများမှာလည်း အိမ်ဆောက်လိုက်ကတည်းက ကုန်သလောက်ရှိသွားပြီဖြစ်သည်။ တစ်ခါတစ်လေ အိမ်တွင်ကပ်မိသည့်တစ်ခဏ လင်ယောကျာ်းဖြစ်သူ၏ စိတ်ပျက်လက်ပျက်စကားများကို နားထောင်ရသည်မှာ စာသင်ပြီးမောပန်းလာသော သူမအား ရင်ဝကိုဆောင့်ကန်ခံရသကဲ့သို့ဖြစ်သည်။ ငယ်ရွယ်သူဖြစ်သည့်အားလျော်စွာ သူမထံပါးတွင် ပွတ်သီးပွတ်သပ်နေလိုကြောင်းသိသော်လည်း သူ့အကြောင်း စိတ်ညစ်စရာများကိုနားထောင်လိုခြင်းတော့မရှိပေ။ ကိုယ့်ဖာသာ ပင်ပန်းလာသမျှ အေးအေးချမ်းချမ်းနားလိုခြင်းသာဖြစ်သည်။ တစ်နေ့တွင်မတော့ သူ့ထံမှ အထူးအဆန်းသတင်းတစ်ခုကိုကြားရသည်။ သူ… နိုင်ငံခြားထွက်တော့မည်ဟု။ ယခုမှပင် သူမရင်ထဲမှ ပူပန်ခြင်းများလျော့သွားတော့သည်။ အလုပ်မရှိ၊ အကိုင်မရှိ လင်ယောကျာ်းတစ်ယောက်ကို အားကိုးရမလားရယ်ဟု လက်ထပ်ခဲ့မိကာမှပဲ အိမ်တွင် တင်ကြွေးနေရသည့်အဖြစ်မှ လွတ်ကင်းတော့မည်ဟု တွေးမိသည့်တစ်ခဏ သူ့အပေါ် စိတ်ကွက်ခဲ့မိသည်များပြေပျောက်ပြီး မသွားခင်လေး အတိုးချချစ်ဖို့အရေး ကြိုစားလုပ်ကိုင်မိတော့သည်။

သူသွားသည့်နေ့ကတော့ သူမ ရှိုက်ကြီးတစ်ငင် ငိုမိပါသည်။ နှစ်ယောက်တည်းသာရှိသောဘ၀မှ သူ.. ကျွန်မအားထားခဲ့ပြီ မဟုတ်ပါလား..

(အငှားခံစားချက် အဖြစ်မှန်သက်သက်ဖြစ်ကြောင်း)

ရှူံးနိမ့်မှုများနဲ့လူ
(ခေတ္တလူ့ပြည်)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..