ပဉ္စမနေ့
အရဟံ ဂုဏ်တော် ပြီးတော့ ဒီနေ့ကတော့ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော် ကို ဆက်ကြရပါမယ်။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
ကိုယ်၊ နုတ်၊ စိတ် သုံးပါးလုံးကို သတိနဲ့ စောင့်ရှောက်ထိန်းသိမ်းလာခဲ့ လို့ ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး စတဲ့ ဥာဏ်တော်တွေနှင့် ပြည့်စုံတော်မူခဲ့သော မြတ်ဘုရား…။ ထိုဥာဏ်တော်များကြောင့် စိတ်အစဉ်မှာ ကိလေသာတို့ မြူမှုန် မျှတောင် မရှိအောင်ထိ ကင်းစင်တော်မူသော မြတ်စွာဘုရား….။ အဲလို ကိလေသာ ကင်းစင်နေလို့ပဲ စိတ်တော်အစဉ် ကြည်လင်ဝင်းလက် တော်မူသော မြတ်စွာဘုရား….။ ထိုကဲ့သို့ ကြည်လင်သော စိတ်တော် အစဉ် ၀ယ် တွဲယှဉ်၍ မကြာမကြာ ဖြစ်ပေါ်လာသော ဥာဏ်တော်ကား သိဖွယ် ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူနိုင်ပါ သော သမ္မသမ္ဗုဒ္ဓ ဂုဏ်တော်နှင့် ပြည့်စုံပါပေသည်။
ဒီထိတော့ နားလည်ပေမယ့် သမ္မာသမ္ဗုဒ္ဓဂုဏ်တော် အကြောင်းကို ဒီ့ထက်ပိုသိချင်နေတာကြောင့် စာပေမှ ရှာဖွေရပါသော်…
မြတ်ဘုရားဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင် ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ရပါတယ်နော်။ အဲဒီလို ဘ၀ ဘ၀ပေါင်းများစွာ ဖြည့်ကျင့်ပြီးမှ ရရှိ လာတဲ့ ဥာဏ်တော်တွေဟာ တစ်ဆင့်တစ်ဆင့် မြင့်တက်လို့ လာခဲ့ရာက နောက်ဆုံး ဘုရားဖြစ်တဲ့ ဘ၀မှာတော့ သဗ္ဗညုတ ဥာဏ်တော်အဖြစ်ကို ရောက်လာခဲ့တယ်။ ဒီ ဥာဏ်တော်ဟာ လောကမှာ သိသင့် သိထိုက်တဲ့ တရား မှန်သမျှကို သိနိုင်တော်မူသော ဥာဏ်တော်ပါပဲ။ ဒါကြောင့် ဒီဥာဏ်တော်သည် အခေါင်အထွတ် ဖြစ်တဲ့ဥာဏ်တော်ပဲ ဖြစ်ပါတယ်။
အင်း…ဒီထိတော့ ဟုတ်ပါပြီ။ လောကမှာ သိသင့် သိထိုက်သော တရားတွေဆိုတာ ဘာတွေပါလိမ့်လို့ ထပ်သိချင်လာတာကြောင့် ထပ်လေ့လာ လိုက်သော်….
လောကမှာ သိအပ်သော တရား ငါးပါးရှိပါတယ်။
(၁)သင်္ခါရ (စိတ်တို့ စေတသိတ် ဆိုတဲ့ နာမ်တရား နှင့် တွေ့မြင်နေရတဲ့ ရုပ်တရား)
(၂) ၀ိကာရ (ဖောက်ပြန်တတ်တဲ့ ရုပ်တရား)
(၃)လက္ခဏ (လက္ခဏာရုပ်တွေကို ပြောပါတယ်)
(၄)ပညတ် ကတော့ လူ၊ နတ်၊ ဗြဟ္မာ၊ သစ်ပင်၊ တော၊ တောင်၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား ၊ ခွေး၊ ၀က် စတဲ့ အခေါ်အဝေါ် အမည်တွေကို ပြောပါတယ်။
(၅)နိဗ္ဗာန် (ရုပ်၊ နာမ်ပညတ်က ကင်းတဲ့ အငြိမ်းဓါတ်ကြီး)
ဆိုတဲ့ သိအပ်သော တရား ငါးပါးကို ကိုယ်ပိုင် ဥာဏ်ဖြင့် ထိုးထွင်း သိမြင်တော်မူနိုင်ခဲ့ပါတယ်။ အဲလို သိနိုင်သော ဥာဏ်ကို သဗ္ဗညုတဥာဏ် တော်လို့ ခေါ်ကြောင်းပါ သိလာခဲ့ရပါတယ်။
အင်း ဘာပဲဖြစ်ဖြစ် ခုလို ဥာဏ်မှာရှင်းရှင်းလင်းလင်း သိခွင့်ရလိုက် တော့ ဂုဏ်တော်ပွားတဲ့အခါ နှလုံးသွင်းတတ်သွားတာပေါ့နော်။ ဒါကြောင့်ပဲ မြတ်ဘုရား၏ အလွန်ထက်မြက်လှသော ဥာဏ်တော်ကို ဂုဏ်တော်ပွားလို့ ပူဇော်ကြပါစို့လား။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော် – သိစရာ အားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။

မြတ်ဗုဒ္ဓ၏ ထူးမြတ်လှသော ဥာဏ်တော်ကို အာရုံယူလို့ ပွားများနိုင်ကြလို့ သစ္စာလေးပါးကို အလွယ်တကူ သိမြင်နိုင်သော ဥာဏ်တို့ ပွင့်လန်းနိုင်ပါစေ။

မှတ်ချက်။ ။ လိုအပ်ချက်များရှိပါက လမ်းညွှန်နိုင်ပါကြောင်း။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”