သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်

who whoDecember 25, 20111min912

ပဉ္စမနေ့
အရဟံ ဂုဏ်တော် ပြီးတော့ ဒီနေ့ကတော့ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော် ကို ဆက်ကြရပါမယ်။
သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
ကိုယ်၊ နုတ်၊ စိတ် သုံးပါးလုံးကို သတိနဲ့ စောင့်ရှောက်ထိန်းသိမ်းလာခဲ့ လို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး စတဲ့ ဉာဏ်တော်တွေနှင့် ပြည့်စုံတော်မူခဲ့သော မြတ်ဘုရား…။ ထိုဉာဏ်တော်များကြောင့် စိတ်အစဉ်မှာ ကိလေသာတို့ မြူမှုန် မျှတောင် မရှိအောင်ထိ ကင်းစင်တော်မူသော မြတ်စွာဘုရား….။ အဲလို ကိလေသာ ကင်းစင်နေလို့ပဲ စိတ်တော်အစဉ် ကြည်လင်ဝင်းလက် တော်မူသော မြတ်စွာဘုရား….။ ထိုကဲ့သို့ ကြည်လင်သော စိတ်တော် အစဉ် ဝယ် တွဲယှဉ်၍ မကြာမကြာ ဖြစ်ပေါ်လာသော ဉာဏ်တော်ကား သိဖွယ် ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူနိုင်ပါ သော သမ္မသမ္ဗုဒ္ဓ ဂုဏ်တော်နှင့် ပြည့်စုံပါပေသည်။
ဒီထိတော့ နားလည်ပေမယ့် သမ္မာသမ္ဗုဒ္ဓဂုဏ်တော် အကြောင်းကို ဒီ့ထက်ပိုသိချင်နေတာကြောင့် စာပေမှ ရှာဖွေရပါသော်…
မြတ်ဘုရားဟာ လေးသင်္ချေနဲ့ ကမာ္ဘတစ်သိန်းတိုင် ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ရပါတယ်နော်။ အဲဒီလို ဘဝ ဘဝပေါင်းများစွာ ဖြည့်ကျင့်ပြီးမှ ရရှိ လာတဲ့ ဉာဏ်တော်တွေဟာ တစ်ဆင့်တစ်ဆင့် မြင့်တက်လို့ လာခဲ့ရာက နောက်ဆုံး ဘုရားဖြစ်တဲ့ ဘဝမှာတော့ သဗ္ဗညုတ ဉာဏ်တော်အဖြစ်ကို ရောက်လာခဲ့တယ်။ ဒီ ဉာဏ်တော်ဟာ လောကမှာ သိသင့် သိထိုက်တဲ့ တရား မှန်သမျှကို သိနိုင်တော်မူသော ဉာဏ်တော်ပါပဲ။ ဒါကြောင့် ဒီဉာဏ်တော်သည် အခေါင်အထွတ် ဖြစ်တဲ့ဉာဏ်တော်ပဲ ဖြစ်ပါတယ်။
အင်း…ဒီထိတော့ ဟုတ်ပါပြီ။ လောကမှာ သိသင့် သိထိုက်သော တရားတွေဆိုတာ ဘာတွေပါလိမ့်လို့ ထပ်သိချင်လာတာကြောင့် ထပ်လေ့လာ လိုက်သော်….
လောကမှာ သိအပ်သော တရား ငါးပါးရှိပါတယ်။
(၁)သင်္ခါရ (စိတ်တို့ စေတသိတ် ဆိုတဲ့ နာမ်တရား နှင့် တွေ့မြင်နေရတဲ့ ရုပ်တရား)
(၂) ဝိကာရ (ဖောက်ပြန်တတ်တဲ့ ရုပ်တရား)
(၃)လက္ခဏ (လက္ခဏာရုပ်တွေကို ပြောပါတယ်)
(၄)ပညတ် ကတော့ လူ၊ နတ်၊ ဗြဟ္မာ၊ သစ်ပင်၊ တော၊ တောင်၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား ၊ ခွေး၊ ဝက် စတဲ့ အခေါ်အဝေါ် အမည်တွေကို ပြောပါတယ်။
(၅)နိဗ္ဗာန် (ရုပ်၊ နာမ်ပညတ်က ကင်းတဲ့ အငြိမ်းဓါတ်ကြီး)
ဆိုတဲ့ သိအပ်သော တရား ငါးပါးကို ကိုယ်ပိုင် ဉာဏ်ဖြင့် ထိုးထွင်း သိမြင်တော်မူနိုင်ခဲ့ပါတယ်။ အဲလို သိနိုင်သော ဉာဏ်ကို သဗ္ဗညုတဉာဏ် တော်လို့ ခေါ်ကြောင်းပါ သိလာခဲ့ရပါတယ်။
အင်း ဘာပဲဖြစ်ဖြစ် ခုလို ဉာဏ်မှာရှင်းရှင်းလင်းလင်း သိခွင့်ရလိုက် တော့ ဂုဏ်တော်ပွားတဲ့အခါ နှလုံးသွင်းတတ်သွားတာပေါ့နော်။ ဒါကြောင့်ပဲ မြတ်ဘုရား၏ အလွန်ထက်မြက်လှသော ဉာဏ်တော်ကို ဂုဏ်တော်ပွားလို့ ပူဇော်ကြပါစို့လား။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော် – သိစရာ အားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။

မြတ်ဗုဒ္ဓ၏ ထူးမြတ်လှသော ဉာဏ်တော်ကို အာရုံယူလို့ ပွားများနိုင်ကြလို့ သစ္စာလေးပါးကို အလွယ်တကူ သိမြင်နိုင်သော ဉာဏ်တို့ ပွင့်လန်းနိုင်ပါစေ။

မှတ်ချက်။ ။ လိုအပ်ချက်များရှိပါက လမ်းညွှန်နိုင်ပါကြောင်း။

2 comments

  • whowho

    December 25, 2011 at 10:38 am

    ကျနော်တို့ နေ့စဉ်ပြုသမျှကုသိုလ်အဖို့ကို အားလုံးသော ဂေဇက်မှ မိတ်ဆွေများ ကျနော်တို့နှင့် ထပ်တူ ရကြပါစေလို့ ထပ်မံ အမျှပေးဝေပါ၏။
    အမျှ…အမျှ…အမျှ ယူနိုင်ကြလို့ ထပ်တူကုသိုလ်တွေ ရကြပါစေသော်…

Leave a Reply