သမိုင်းရက်စွဲများ (၂)

Zaw WonnaDecember 25, 20111min631

အိမ်စောင့် အစိုးရခေတ် (၁၉၅၈ – ၁၉၆၂)

၁၉၅၈၊ စက်တင်ဘာလ ၂၆ ရက်။   ။ ညဘက်တွင် ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာလွှဲအပ်ကြောင်း မြန်မာ့အသံမှ အရေးကြီးမိန့်ခွန်းအဖြစ် ကြေညာခဲ့သည်။
၁၉၅၈၊ စက်တင်ဘာလ ၂၈ ရက်။   ။ ဗကသ၊ ရကသ၊ တကသတို့က ကြီးမှုးပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးတွင် အမှုဆောင်များ ဆွေးနွေးကြကာ စစ်တပ်မှ အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
၁၉၅၈၊ စက်တင်ဘာလ ၃ဝ ရက်။   ။ ကျောင်းသားသမဂ္ဂ ကြီး (၃) ခုက ဦးစီးပြီး ကျောင်းသားထု အစည်းအဝေးတရပ် တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးတွင် ထပ်မံကျင်းပခဲ့သည်။ ထို့နောက် ဘတ်စ်ကား (၂၆) စီးဖြင့် မြို့တွင်းကို လှည့်လည်ကာ ကြွေးကြော်သံများဖြင့် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြသည်။

၁၉၅၈၊ အောက်တိုဘာလ ၂၉ ရက်။   ။ နိုင်ငံတော်သမ္မတရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးစီးသည့် အိမ်စောင့်အစိုးရ အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။

၁၉၅၈၊ နိုဝင်ဘာလ ၃ ရက်။   ။ နိုဝင်ဘာလ (၅) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ငြိမ်ဝပ်ပိပြားရေး စီမံကိန်း ညီလာခံကြီးကို ကျင်းပပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အုပ်ချုပ်မှု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
၁၉၅၉၊ ဇန္နဝါရီလ ၂၄ ရက်။   ။ နိုင်ငံရေး အကျဉ်းသားများအား ထားရှိရန် ရည်ရွယ်၍ ကိုကိုးကျွန်း အကျဉ်းစခန်းကို ဖွင့်လှစ်ခဲ့သည်။
၁၉၅၉၊ ဇန္နဝါရီ ၃ဝ ရက်။   ။ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ၁၃၅ ယောက်ကို ကိုကိုးကျွန်းသို့ စတင်ပို့ဆောင်ခဲ့သည်။
၁၉၅၉၊ ဖေဖော်ဝါရီလ ၁၃ ရက်။   ။ နွံစပ်ဟန်အဖွဲ့၏ ရှမ်းအမျိုးသား လက်နက်ကိုင်အဖွဲ့ ပုံပါကျင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
၁၉၅၉၊ ဧပြီလ ၂၄ ရက်။   ။ ရှမ်းပြည်စော်ဘွား၊ စော်ဖျား (၃၃) ဦး လက်မှတ်ရေးထိုး သဘောတူ အာဏာစွန့်ခဲ့ကြသည်။
၁၉၅၉၊ အောက်တိုဘာလ ၂၉ ရက်။   ။ အောက်တိုဘာလ (၃၁) ရက်နေ့အထိ မင်္ဂလာဒုံ အမှတ် (၁) လေ့ကျင့်ရေး ခန်းမဆောင်တွင်
ပထမအကြိမ်မြောက် ပြည်လုံးကျွတ်ကြံ့ခိုင်ရေး အသင်း အခြေခံဥပဒေကို ပြဌာန်းချမှတ်ကာ ဗဟိုကြံ့ခိုင်ရေး ကောင်စီကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
၁၉၅၉၊ ဒီဇင်ဘာလ ၂၉ ရက်။   ။ ကိုကိုးကျွန်းမှ နိုင်ငံရေး အကျဉ်းသားများကို ပြည်မရှိ ရန်ကုန်ထောင်၊ အင်းစိန်ထောင်တို့သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
၁၉၆၀၊ ဇန္နဝါရီ ၂၈ ရက်။   ။ တရုပ်၊ မြန်မာ နှစ်နိုင်ငံနယ်နိမိတ် သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။
၁၉၆၀၊ ဖေဖော်ဝါရီ ၆ ရက်။   ။ ပြည်သူ့လွှတ်တော်အတွက် ပါလီမန် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ သန့်ရှင်းဖဆပလအဖွဲ့က အနိုင်ရရှိခဲ့သည်။
၁၉၆၀၊ ဧပြီလ ၄ ရက်။   ။ အိမ်စောင့်အစိုးရက သန့်ရှင်းဖဆပလအဖွဲ့ကို အာဏာလွှဲပြောင်း ပေးအပ်ခဲ့သည်။
၁၉၆၀၊ ဧပြီလ ၂၉ ရက်။   ။ ရခိုင်နှင့် မွန်ပြည်နယ် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး အစိုးရကို အကြံပေးရန် ဒေါက်တာဘဦး ဦးဆောင်သည့် အတိုင်ပင်ခံ အကြံပေး (၅) ဦး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။
၁၉၆၁၊ ဖေဖော်ဝါရီလ ၂ရ ရက်။   ။ ရန်ကုန်မြို့ အရှင်အာဒိစ္စဝံသ ကျောင်းတိုက်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းပေါင်း (၂၉) ဖွဲ့နှင့် တသီးပုဂ္ဂလ မျိုးချစ် ရဟန်းရှင်လူ ပုဂ္ဂိုလ်ပေါင်းစုံ ပါဝင်သည့် ဆွေးနွေးပွဲကြီး ကျင်းပပြီး တရုပ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မီတီကို အောင်မြင်စွာ ဖွဲ့စည်းခဲ့သည်။
၁၉၆၁၊ မတ်လ ၉ ရက်။   ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးစီးဆောင်ရွက်သည့် ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ကြီးကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
၁၉၆၁၊ ဩဂုတ်လ ၂၆ ရက်။   ။ လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ပါဝင်သည့် ပါလီမန်အစည်းအဝေး ကျင်းပချိန်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၁ (၁) ပြဌာန်းချက်ကို ပြင်ဆင်ပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းခဲ့သည်။
၁၉၆၁၊ နိုဝင်ဘာလ ၁၄ ရက်။   ။ မြောက်ဥက္ကလာပတွင် ဗလီဆောက်ရန်အတွက် အစိုးရက မြေနေရာ ပေးခြင်းအပေါ် သံဃာတော်များက မကျေမနပ် ဖြစ်ကြရာမှ ဗလီကျောင်း အဓိကရုဏ်းကြီး ပေါ်ပေါက်ခဲ့သည်။
၁၉၆၂၊ ဇန္နဝါရီလ ၁၉ ရက်။   ။ နိုင်ငံတော် အကြံပေးရေး အဖွဲ့၏ ဖက်ဒရယ်မူနှင့် ပတ်သက်သည့် အကြံပြုချက် အစီအရင်ခံစာကို နိုင်ငံတော်အစိုးရထံ တရားဝင် တင်သွင်းခဲ့သည်။
၁၉၆၂၊ ဇန္နဝါရီလ ၂ရ ရက်။   ။ ကမ္ဘာအေးကုန်းမြေတွင် အာဏာရ ပထစအဖွဲ့ကြီး၏ ပြည်လုံးကျွတ် ညီလာခံကို စတင်ကျင်းပခဲ့သည်။
၁၉၆၂၊ ဖေဖော်ဝါရီလ ၂၄ ရက်။   ။ ညနေ (၆) နာရီမှ စတင်ပြီး ရန်ကုန်မြို့၊ ပြည်လမ်း၊ အသံလွှင့်ရုံ ခန်းမဆောင်တွင် ဖက်ဒရယ်မူ ဆွေးနွေးပွဲကြီးကို ကျင်းပခဲ့သည်။
ဝင်းတင့်ထွန်း ရေးသားသည့် “အမှောင်ကြားက ဗမာပြည်” အနီးခေတ် ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအကျဉ်း (၁၉၄၈ – ၂၀၀၀) မှ ကောက်နှုက်ချက်များ ဖြစ်ပါသည်။

One comment

  • ငပေါက်ဖော်

    December 25, 2011 at 1:01 pm

    ရှားပါး..မှတ်စုတွေပဲ..
    ကောင်းလေစွ..ဂွတ်ထ..သာဓု.

Leave a Reply