ဟောင်ကောင် ခရီးသည်

မန်းဂေဇက်နဲ့ရင်းနှီးနေတာတော့ ၂နှစ်လောက်တော့ရှိပြီ။ အရင်ကတော့ ပို့စ်နဲနဲ တင်ဖူးသည်။ သူများတွေလို စာအရေးအသားကလဲ မကောင်းတော့ မရေးဖြစ်ခဲ့။ သူများတွေခရီးသွားမှတ်တမ်းဖတ်ရသည်မှာ ဗဟုသုတ များစွာရရှိသည်။ မိမိလည်း ခရီးထွက်ဖြစ်ရင်တော့ ရွာသားများကို မျှဝေခြင်တဲ့ စေတနာတော့ အပြည့်အသိပ်။ ဒါကြောင့် ဒီမှတ်တမ်းလေးလဲ မရောက်ဖူးသေးသူများအနဲ အကျဉ်းဖြစ်ဖြစ် ဗဟုသုတလေးများရရှိစေရန် စေ တနာ ထားကာ တင်ဖြစ်လိုက်သည်။ သူများရေးသည်များကို အနဲအကျဉ်းလောက်သာ ကွန်မန့်ပေးဖြစ်ခဲ့သည်။ ပေးချင်ခဲ့သော်လည်း ကွန်နက်ရှင်က ခွင့်မပြုလို့ ပေးချင်စိတ်ပျောက်ခဲ့ရသည်။ ဒါကြောင့် ဒီရွာမှာ ကျွန်ုပ်ကို သိသူ ခပ်ရှားရှားဖြစ်လိမ့်မည်။ ရွာသား အသစ်တော့ မဟုတ်ပါကြောင်း၊ တော်တော်လေး ဒိတ်အောက် နေသော ရွာသားတစ်ယောက်ဖြစ်ပါကြောင်း အသိပေးပါရစေ။ သူများတွေတင်သော ပို့စ်များကို နေ့တိုင်းနီးပါး ဖတ်ဖြစ်သည်။ ထို့ကြောင့် ရွာသားများနှင့် ကျွန်ုပ်စိတ်ထဲမှာ ရင်းနှီးသည်။ ဒါကတော့ နိဒါန်းလို့လဲ ခေါ်ခေါ် အင်ထရိုလုပ်တယ်လို့ဘဲ ပြောပြော၊ စင်ပေါ်တက်ပြီးလူလုံးပြကြည့်တာ။

ဟောင်ကောင်မှ မိတ်ဆွေတစ်ယောက်ရဲ့ အလည်လာရန် ခဏခဏ ဖိတ်ခေါ်ချက်အရ ဟောင်ကောင် သွားလည်ရန် ခရီးစဉ်တစ်ခုပေါ်လာသည်။ အရင်တစ်ခေါက်ရောက်ခဲ့သော်လည်း ဘယ်နေရာမှ သွားမလည်ဖြစ်ခဲ့။ ရောက်ဖူးရုံသာ။ ဒါကြောင့် ဒီတစ်ခေါက်တော့နေရာအနှံ့လိုက်ပို့မည်ဟု ဆိုသည်။ ဟောင်ကောင်မှ မိတ်ဆွေလည်း လာမည့်ရက် များတွင် အလုပ်မှ ခွင့်ယူကာ လိုက်ပို့ရန် ကြိုတင်စီစဉ်ထားသည်။ ဟိုတယ်ဘွတ်ကင် လုပ်ထားတဲ့စာရွက်ကိုအီးမေးလ် နှင့် ပို့လိုက်သည်။ ဗီဇာလျှောက်ရန်အတွက် တရုပ်သံရုံးသို့သွားရသည် မနက် ၉-နာရီမှ ၁၁ နာရီအထိသာဖွင့်သည်။ ၁၁- နာရီ ကျော်လျှင် ၀င်ခွင့် မပြုတော့။ လိုအပ်တဲ့ စာရွက်စာတမ်းများကတော့ လေယာဉ်လက်မှတ်အသွားအပြန်၊ ပိုင်ဆိုင်မှု အထောက်အထား၊ (သို့) ဘဏ်အကောင့်၊ တည်းခိုမည့်ဟိုတယ်။ (ကိုယ့်အတွေ့အကြုံကိုပြောခြင်းဖြစ်သည်၊ တခြားတယောက်ဆိုရင်တော့ ဒီပုံစံ ဟုတ်ချင်မှဟုတ်မည်) ဟောင်ကောင်တစ်ခုသာ သွားမည်ဖြစ်သည့် အတွက် တရုပ်ဗီဇာမလျှောက်တော့ တရုပ်သွားချင်ရင် တရုပ်ဗီဇာပါ လျှောက်ရသည်။ မကာအိုကတော့ ဆိုက်ရောက်ဗီဇာပေးသည်။ ကြိုတင်ယူစရာမလိုပေ။ သွားတင်လိုက်သည့် ဗီဇာလျှောက်လွှာ လက်ခံလိုက်ပြီဆိုရင်ဖြင့် ဗီဇာရဖို့ သေချာသလောက်ဖြစ် သွားပြီ။ တစ်ပတ်သာစောင့်ရသည်။ နောက်ပတ်ပြည့်သည့်နေ့ ဗီဇာသွားယူရသည်။ ဗီဇာကြေးက သုံးမျိုးဖြစ်သည် တခါဝင်ဆိုရင် ၁၅ ဒေါ်လာ၊ နှစ်ခါဝင်ဆိုရင် ဒေါ်လာ ၃၀၊ ဖြစ်သည်။ မာလတီဆိုရင်ဖြင့် ၄၅-လို့ထင်သည်။ အမြန်လိုချင်လျှင် သုံးရက်လောက်နှင့်ရသည်။ ဗီဇာကြေးကတော့ နှစ်ဆပေးရသည်။ တရုပ်သံရုံးကတော့ စမ်းချောင်းမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းတွင်ရှိသည

တစ်ပတ်ရှိတော့ ဗီဇာသွားထုတ်ရသည်၊ ဗီဇာသက်တမ်းက သုံးလဖြစ်သည်။ နိုဝင်ဘာလထဲ လျှောက်တာဖြစ်သည့်အတွက် ဖေဖော်ဝါရီလ ၈-ရက်မတိုင်မီသွားရမည်ဖြစ်သည်။ TG ထိုင်းလေကြောင်းလိုင်း လေယာဉ်လက်မှတ်က ဒေါ်လာ ၆25 ပေးရသည်။ ဒါတောင် ပရိုမိုးရှင်းကာလနှင့်တိုးလို့ ဒေါ်၅၀ သက်သာသွားသည်။ ဒီဇင်ဘာ ၉-ရက်နေ့သွားးမည်ဖြစ်သည်။ လေယာဉ်လက်မှတ် အပြောင်းအလဲလုပ်လိုလျှင် ရှေ့တိုးလို့တော့မရ။ နောက်ဆုတ်ရင်တော့ ရသည်ဟုဆိုသည်။  ဘာဘဲဖြစ်ဖြစ် သွားမည့်အချိန်နှင့် ဒစ်စ်ကောင့်ပေးသည့် အချိန်ဖြစ် လို့ ၅၀ လောက် သက်သာသည်ဆိုတော့ ကံတော့ အကောင်းသား။ ဖလိုက် နံပါတ်ကTG 304  လေယာဉ်ချိန်က ရန်ကုန်က ၉ နာရီ ၅၀ ထွက်မည် သုဝဏ္ဏဘူမိလေဆိပ်သို့ ၁၁ နာရီ ၄၅ ရောက်မည်ဖြစ်သည်။ မြန်မာပြည်နှင့် ထိုင်းစံတော်ချိန် နာရီဝက်ကွာသည်။ ထိုင်းက နာရီဝက်စောသည်။  ထိုင်းကနေ ဟောင်ကောင်လေယာဉ်ပြောင်းစီးရမည်။ ဟောင်ကောင်လေယာဉ် ဖလိုက်က TG 652 ဖြစ်သည်။ ထွက်ချိန်က ၁၄၀၀ ( ၂-နာရီဖြစ်သည်)။ ဟောင်ကောင်ရောက်မည့်အချိန်က လိုကယ်တိုင်း ဟောင်ကောင်အချိန် ၁၇၄၅ (၅နာရီ ၄၅) ဖြစ်သည်။

ခရီးသွားခါနီးလာတော့ လိုအပ်တာလေးများဝယ်ရသည်။ လက်ဆောင်ပေးရန် သင့်တော်သည်များ ၀ယ်ဖြစ်သည်။  ဘာလက်ဆောင်ပေးတယ်ဆိုတော့ မရေးတော့ဘူးနော်။ ကိုယ်တိုင်သွားမှ သင့်တော်မည် ထင်တာလေးတွေဝယ်သွားကြနော်။ စားစရာကြိုက်ရင်စားစရာ စသည်။ ရွာသားများကို ပြချင်လို့ ဓာတ်ပုံကင်မရာ လေးလဲ အားသွင်းရသည်။ ဗွီဒီယိုကင်မရာလေးပါ ထည့်ဖြစ်သည်။

၉-ရက်နေ့ရောက်ပါပြီ။ လေဆိပ်နဲ့ သိပ်မဝေးတော့ ၈ နာရီခွဲလောက်မှ ထွက်ဖြစ်သည်။ ကံဆိုးချင်တော့ ဟာဂျီ အဖွဲ့အပြန်လာကြိုနေသော လူအုပ်ကြီးနဲ့တိုးနေတော့ ကားက အထဲဝင်မရ။ များလိုက်တဲ့လူတွေ၊ အထဲကို ပေးမ၀င်တော့ ကားလမ်းပေါ်တွင်ဆင်း အိတ်ဆွဲကာ လေယာဉ် မှီအောင် မနဲလောရသည်။ လေဆိပ်မှာ ထွက်ခွါနေရာတွင် လိုက်ပို့သူများနဲ့ ဓာတ်ပုံရိုက်ချင်တာတောင် မရိုက်လိုက်ရ။ အင်မီဂရေးရှင်းမှာလဲ စောင့်ရသည်။ အရေးထဲ မီးကပျက်သွားလိုက်သေးသည်။ အင်မီဂရေးရှင်းဖြတ်ပြီးတော့ ဂိတ်အမှတ် ၄ သို့သွားရသည်။ နောက်ဆုံးလုံခြုံရေး ရှာသည့်နေရာကို ဖြတ်ပြီး ဂိတ်ရောက်တော့ လေယာဉ်ပေါ်တက်နေကြပြီ။ တော်ပါသေးရဲ့ အချိန်မှီရုံလေးရောက်သွားလို့။ နို့မို့ဆို ဘယ်လိုဖြစ်အုံးမယ်မသိ။ လေဆိပ်မှာကျန်ခဲ့တယ်ဆိုရင် ရှက်စရာကြီး။

About kyawmonkhant

kyawmon khant has written 29 post in this Website..

I am kyawmonkhant.