ယနေ့ ၂၅၊၁၂၊၂၀၁၁ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့် အချိန် မန္တလေးတိုင်း ကျောက်ဆည်မြို့၏ လူ၊ ကား အစည်ကားဆုံးနေရာဖြစ်သော မြို့လယ်ခေါင် လမ်းလေးခွဆုံ (ဒေသအခေါ် လက်ပြတိုင်) အနီးတွင် အမျိုးသမီး တစ်ဦး လသားအရွယ် ကလေးငယ်တစ်ဦးအား ရင်ခွင်ပိုက်လျက် ကားလမ်းမ အလယ်တွင် တင်ပလင်ခွေထိုင် ကာ သူမ၏ စိတ်ညစ်ဖွယ်ကောင်းသော ဘ၀ကို အဆုံးသတ်ရန် ကြံစည်မှု တစ်ခု ဖြစ်ခဲ့ပါသည်။

ကလေးငယ်နှင့် အမျိုးသမီး

ဖြစ်ပွားပုံအကျဉ်းမှာ ထိုအမျိုးသမီးသည် သူ၏ ကလေးငယ်ကို လက်တဖက်ဖြင့် ရင်ခွင်ပိုက်ကာ အခြားလက်တဖက်ဖြင့် လက်ဆွဲဆာလာအိတ်ပန်းရောင်ကို ကိုင်လျက် လမ်းလယ်ခေါင်သို့ လျှောက်လာပြီးလျင် ဆွဲလာသောအိတ်ကိုချကာ ထိုင်ချလိုက်ပါသည်။ ထိုအခါ ဖြတ်သန်းသွားလာနေသော လူအများလည်း ပထမ၌ ခေတ္တ ခဏ အထူးအဆန်းဖြစ်ပြီး ကြည့်နေကြပြီး ကားများကလည်း သူမအား ရှောင်ကွင်း၍ မောင်းသွားကြပါသည်။ ထို့နောက် လမ်းဘေးရှိ လူအများမှ(တာဝန်ကျ ယာဉ်ထိန်းရဲအပါအ၀င်) သူမအား လမ်းမပေါ်တွင် မထိုင်ရန်နှင့် ဘေးလွတ်ရာသို့ ရွှေ့ရန် ၀ိုင်း၍ ပြောကြသော်လည်း ၄င်းမှ မထပဲ ထိုင်မြဲတိုင်းထိုင်နေသဖြင့် ယာဉ်ထိန်းရဲမှ ၄င်းအနီးသွား၍ နေရာမှ ရွှေ့ရန်ပြောသော်လည်း ၄င်းမှ ငိုယိုလျက် ငြင်းဆန်ခဲ့ပါသည်။ ရဲမှ အကျိုးအကြောင်း မေးသောအခါ ၄င်းမှာ လူအများမှ သူမ ရန်ကုန်ပြန်ရန် အကူအညီ မပေးသော ကြောင့် ၄င်း၏ ဘ၀ကို စိတ်ညစ်ပြီး ကားတိုက်၍ သေချင်သေစေတော့ဟုသော သဘောဖြင့် လမ်းလယ်ခေါင်တွင် ထိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖြေကြားပြီး ဆက်လက်ထိုင်မြဲထိုင်နေပါသည်။ ဘေးမှလူများက သူမ၏ ရင်ခွင်ပိုက် ကလေးငယ်အတွက် စဉ်းစားရန်၊ ယခုကဲ့သို့ မလုပ်သင့်ကြောင်း ပြောဆိုခဲ့သော်လည်း မရပါ။ ဘေးမှ ကြည့်နေသောသူများလည်း များသထက်များလာပြီး ရဲမှ ရပ်ကြည့်နေသော အမျိုးသမီးများအား သူမအား အတင်းအကျပ် ‘မ’ရွှေ့ရန် အကြံပြု၍ အမျိုးသမီးများ သူမထံသွားစဉ် သူမမှ လာသူများကို လက်ညှိုးထိုး၍ အာခေါင်ခြစ်အော်သော ကြောင့် ကူညီမည့် အမျိုးသမီးများလည်း မရွှေ့ရန် အကြံကို စွန့်လွှတ်လိုက်ပါသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ဘေးမှ လူများမှ သူမအား ရန်ကုန်ပြန်ရန် ကူညီမည့် အကြောင်း ဖြောင်းဖျ ပြောဆိုပြီး ကလေးငယ်အား ၄င်းလက်မှ ယူပြီးလျင် သူမအားလည်း လမ်းဘေး ပလက်ဖောင်းပေါ်သို့ ခေါ်ဆောင်ခဲ့ပါသည်။

တာဝန်ကျ ယာဉ်ထိန်းရဲနှင့် အတူ မေးမြန်းနေကြသူများ

သူမအား သွားရောက်ကူညီခဲ့သူ တစ်ဦးကို အကျိုးအကြောင်း မေးမြန်းရာ ထိုသူမှ သူမသည် ထောင်မှ လွတ်လာသူ တစ်ဦးဖြစ်ကြောင်း၊ ယခု ကလေးငယ်ကိုလည်း ထောင်ထဲမှာပင် မွေးခဲ့ကြောင်း၊ သူမ၏ ယောကျာ်းမှ သူမ၏ လျှာကို ဓါးဖြင့် ဖြတ်ထားကြောင်း၊ ယခု သူမရန်ကုန်ပြန်ရန် မည်သူမျှ အကူအညီ မပေးသောကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ကြောင်း၊  သူမ၏ လျှာမှာလည်း တကယ်ပင် တိုနေကြောင်း၊ စကားလည်း သိပ်မပီကြောင်း ပြန်လည် ပြောပြသည်ကို ကျွန်တော်မှလည်း MG မှ မိတ်ဆွေများအတွက် မကြုံဖူးသည့် local သတင်းတစ်ခုအဖြစ် ပြန်လည်မျှဝေလိုက်ပါကြောင်း။

ခင်မင်စွာဖြင့်

ပြည်မင်းလူ

About pyiminlu

pyi minlu has written 10 post in this Website..