လောကဝိဒူဂုဏ်တော်

who whoDecember 26, 20111min2378

ဆဋ္ဌမမြောက်နေ့
တစ်နေ့ တစ်နေ့ ဗုဒ္ဓါနုဿတိ ဘာဝနာတွေပွားလာလိုက်တာ ခုဆို ဂုဏ်တော်ပေါင်း ငါးခုပြီးလို့ ခြောက်ခုမြောက်ကို ရောက်လာပါပြီ။ အင်း သိစရာအားလုံးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိရှိတော်မူသော မြတ်ဘုရားရဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကတော့ အံ့ချီးမကုန်အောင် ထူးခြား မြင့်မြတ် လှတာ ကြောင့် ပွားများရင်းနဲ့တောင် ဉာဏ်တွေ ရွှင်လန်းလို့ လာရပါပြီ။ နောက်ထပ်လည်း မြတ်ဘုရားရဲ့ ဂုဏ်တော်တွေကို ထပ်တိုးသိချင်စိတ်တွေပါ တိုးလာရပါပြီ။ အထွတ်အထိပ်ဖြစ်သော သဗ္ဗညုတ ဉာဏ်တော်ကို ရတော်မူပြီးနောက် လောကဝိဒူ ဆိုတဲ့ လောကအားလုံးကို သိမြင်တော်မူသော ဂုဏ်တော်သို့ ဆက်ကြပါစို့။
လောကဝိဒူ ဂုဏ်တော်
မြတ်ဘုရားရဲ့ ကြီးကျယ်သော ဉာဏ်တော်ကြီးက စိတ်တော် အစဉ်ဝယ် တွဲယဉ်၍ မကြာမကြာပါဝင်နေသောကြောင့် ရှင်တော်မြတ် ဘုရားသည် လောကဝိဒူ ဟုဆိုသော လောကအားလုံးကို သိမြင်တော် မူသော ဂုဏ်တော်နှင့်ပါ ပြည့်စုံလာရပါတယ်။
လောက အားလုံး ဆိုတော့ လောက သုံးပါးအကြောင်းလေး သိရပါမယ်။ သတ္တလောက၊ ဩကာသ လောက နဲ့ သင်္ခါရလောကရယ်လို့ လောကသုံးပါး ရှိပါတယ်။ သတ္တလောက ဆိုတာ ကတော့ သက်ရှိ သက်မဲ့သတ္တဝါတွေရဲ့ အစုအပေါင်းကို ခေါ်တာဖြစ်တယ်။ ဩကာသ လောက ကတော့ သတ္တဝါတွေ တည်ရာ ဘုံဌါနတွေတို့၊ ဘုံမရှိတဲ့ နေရာ ဌါနတွေကိုပါ ပေါင်းပြီး ခေါ်တာပါ။ သင်္ခါရလောကသည် ရုပ်၊ နာမ် တရား အားလုံးကို ခေါ်ခြင်းဖြစ်ပါတယ်။
သတ္တလောကကို သိတော်မူခြင်းဆိုတဲ့ နေရာမှာ ဘာကို သိတော်မူ တာလဲဆိုတာလေး ထပ်ပြီးသိရပါမယ်။ သတ္တဆိုတော့ လူ၊နတ်၊ဗြဟာ္မ ၊ ငရဲ၊ တိရစာ္ဆန်၊ပြိတ္တာ ဆိုတဲ့ သတ္တလောကမှာ ရှိသမျှ သတ္တဝါတွေအားလုံး ပါတာ ပေ့ါနော်။ အဲဒီ သတ္တဝါတို့ရဲ့ စရိုက်အမျိုးမျိုးကို သိတော်မူတယ်။ နောက် ဘယ် သတ္တဝါကဘယ်စရိုက်အားကြီးတယ်ဆိုတာကို ယှဉ်ပြီးသိနိုင်တယ်။ နောက်ပြီး ကိလေသာ အမျိုးမျိုးမှာလည်း ဘယ်လို ကိလေသာမျိုးတွေ အားကောင်းနေ တယ်။ အနုသယလို့ခေါ်တဲ့ ကိန်းနေတဲ့ ကိလေသာတွေထိတောင် တန်းသိနိုင် သောဉာဏ်တော်နှင့် ပြည့်စုံတော်မူတယ်နော်။ အင်း..ဒါတင် မကသေးပါဘူး။ ဣန္ဒြေငါးပါးမှာလည်း ဘယ်ဣန္ဒြေက ထက်မြက်ပြီး ဘယ်ဣန္ဒြေကတော့ ညံ့နေတယ်ဆိုတာတွေကိုပါ အကုန်အစင် သိတော်မူတယ်။
နောက်တစ်ခုဖြစ်တဲ့ ဩကာသလောကဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျတော့ ဒီ ဩကာသ လောကကြီးထဲမှာ စကြာဝဠါပေါင်း အနန ္တရှိတယ် ဆိုတာ ဘုရားဉာဏ်တော်နဲ့မို့သာ သိနိုင်လို့ ဘုရားဟော က တစ်ဆင့်မို့ လူတွေက အော် အဲလို အနန္တတောင်ရှိပါလားရယ်လို့ သိနိုင်တာပါနော်။ (ကိုယ်လို ငမြောက် ငချောက် ဉာဏ်ငမွဲနဲ့တော့သိဖို့ ဝေးပါသေးတယ်။)
အဲ နောက်ဆုံးတစ်ခုက သင်္ခါရလောကနော်။ သင်္ခါရလောကရဲ့ သဘာဝကိုလည်း ဘုရားရှင်က အကုန်အစင် သိတော်မူပါတယ်တဲ့နော်။ ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါ၊ ယောက်ျား၊ မိန်းမ ဆိုတာတွေ အားလုံးဟာ တကယ် တော့ ရုပ်နာမ်ခန္ဓာတွေ အပေါင်းအစုသာ ဖြစ်တယ်လို့ ဘုရားဉာဏ်နဲ့ သိမြင် နိုင်ခဲ့တယ်။ နောက် အဲဒီကနေမှ ရုပ်ဆိုလည်း ရုပ်ကလာပ်တစ်ခုတည်းမှာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ ဩဇာ ဆိုပြီး ရုပ်သဘာဝ ရှစ်မျိုး ရှိတယ်ဆိုတာကစ ဉာဏ်တော်နဲ့ ထိုးထွင်း သိမြင်တော်မူခဲ့တယ်။ ဒါက ရုပ်က သိတာနော်။ နောက် နာမ်တရားတွေဖြစ်တဲ့ စိတ်၊ စေတသိတ်တွေ အကြောင်းကိုရော၊ ဒီရုပ် နာမ်တွေရဲ့ ဖြစ်ရခြင်းအကြောင်းတွေကိုပါ အကုန် အစင် သိတော်မူခဲ့တယ်လေ။ ဒီလို သိမြင်လို့လည်း သတ္တဝါတိုင်းအပေါ်မှာ သူတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ ကိုက်ညီမယ့် တရားတွေနဲ့ အကျွတ်တရားရအောင် ချေချွတ်တော်မူနိုင်ခဲ့တာပေါ့။
ဒါကြောင့် လောကသုံးပါးလုံးကို အကုန်အစင် သိတော်မူနိုင်ခဲ့တဲ့ မြတ်စွာဘုရားဟာ သတ္တဝါတွေကို သံသရာဆိုတဲ့ ဝဋ်ဆင်းရဲ ဝဲဩဃထဲကနေ လွတ်မြောက်စေဖို့ နည်းလမ်းများကို ပြညွှန်ဟောကြား ဆုံးမတော်မူနိုင်ခဲ့တယ် လေ။
အော် ဒို့တော့ဖြင့် ဒီနေ့ သိလိုက်ရတဲ့ လောကဝိဒူ ဂုဏ်တော်အား လောကအလုံးစုံကို သိတော်မူတဲ့ မြတ်ဘုရားဟာ မိမိတို့ရဲ့ ဘဝလွတ်မြောက် ရေးကိုပါ ပြညွှန်တော်မူတဲ့ အနှိုင်းမဲ့ ကျေးဇူးရှင်ကြီးအဖြစ် ရှုမြင်ပြီး ကြည်ညို သဒ္ဓါအပြည့်ထားလို့ ပွားများ ကြပါစို့လား။
လောကဝိဒူ – လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။
(သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား)

အားလုံးပဲ လောကဝိဒူ ဂုဏ်တော်ကို နှလုံးသွင်းမှန်စွာ ပွားများနိုင်ကြ လို့ သဒ္ဓါ ပညာ စတဲ့ ဣန္ဒြေတွေ ရင့်ကျက်နိုင်ကြပါစေ။

8 comments

  • ကိုရင်စည်သူ

    December 26, 2011 at 1:47 pm

    ဆရာဟူးရေ… ဘုရားဂုဏ်တော်တွေကို ရှင်းလင်းပေးတဲ့အတွက်
    ကျေးဇူးပါဗျာ..
    ကျနော်လည်း အခု တစ်နေ့ကို ပုတီး လောကဝိဒူ ဂုဏ်တော် ရ ပတ်
    စိတ်နေပါတယ်ဗျာ..
    သာဓု.. သာဓု.. သာဓု

  • whowho

    December 26, 2011 at 5:17 pm

    ဟုတ် ခုလိုလေးကြားသိရတာ မင်္ဂလာရှိလှပါတယ်။ တစ်နေ့ထက်တစ်နေ့ တိုးလို့ တိုးလို့ ကုသိုလ်အမှုတွေ ဆထက် ထမ်းပိုး လုပ်ဆောင်နိုင်ပါစေ။
    “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်လို့ ဖြူအောင် စိတ်ကိုထား” ကြပါစို့လား။

    • ကိုပါကြီး

      December 26, 2011 at 5:43 pm

      ဘယ်ဟာ မကောင်းမှုလဲ၊ ဘယ်ဟာ ကောင်းမှုလဲဆိုတာ ကွဲပြားဖို့ လိုတာပေါ့။ မကောင်းမှု မဟုတ်တာကို မကောင်းမှုလို့ထင်၊ ကောင်းမှု မဟုတ်တာကို ကောင်းမှုလို့ထင်ရင် စိတ်ဖြူစင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ အကျႌလျှော်တဲ့အခါ ချေး (ဂျီး)နဲ့ အရောင် ကွဲပြားဖို့တော့လိုတာပေါ့။ အရောင်ကို ချေး (ဂျီး)ထင်ပြီး ချွတ်နေမိမယ်ဆိုရင်တော့ – – – ။

  • manawphyulay

    December 26, 2011 at 6:24 pm

    ဟုတ်ကဲ့ပါ။ ဂုဏ်တော်တွေ ဘယ်ဂုဏ်တော်ပဲပုတီးစိတ်စိတ် အတူတူပါပဲ။ စိတ်ထဲမှ ရှိနေဖို့သာ အရေးကြီးဆုံးပါပဲ။ မနောကတော့ ဂြိုဟ်သက်အလိုက် နေ့တိုင်းစိတ်ပြီး အားလုံးကို မေတ္တာပို့ အမျှဝေပါတယ်။

  • TTNU

    December 27, 2011 at 12:46 am

    ဟူးဟူး၏ သာသနာပြုခရီးတွင် လိုက်ပါလာခဲ့သည်မှာ ယနေ့
    ဆဋ္ဌမမြောက်နေ့(၆)ရက်ရသွားပြီ။

    ဒါနကုသိုလ်၊ သီလကုသိုလ်၊ဘာဝနာကုသိုလ်၊ မေတ္တာပွားရသောကုသိုလ်၊
    ဘုရားဂုဏ်တော် ၊ယနေ့ဆို (လောကဝိဒူ) ၊ ပွားများကြည်ညိုရသောကုသိုလ်၊

    ဤကုသိုလ် အဖို့ အစုတို့ကို မိဘဘိုးဘွားဆရာသမားကျေးဇူးရှင်တို့မှအစပြု၍
    ဘုံ(၃၁)ဖြစ်ဖြစ်သမျှ ဝေနေယျသတ္တဝါအပေါင်းတို့နှင့်အတူ ဂဇက်ရွာသူရွာသား
    မိတ်ဆွေအပေါင်းအား မေတ္တာပို့၊ အမျှပေးဝေပါသည်။ အမျှရ ၍ ချမ်းသာကြသည်
    ဖြစ်ပါစေသတည်း။

    • whowho

      December 27, 2011 at 10:18 am

      သာဓု..သာဓု…သာဓု ခေါ်ပါ၏။

  • ကြောင်ကြီး

    December 27, 2011 at 12:58 pm

    မသိမှု အဝိဇ္ဇာကြောင့် ရုပ်နာမ်ဓမ္မ သင်္ခါရလောက မှနေ စွဲလန်းရာ သတ္တလောက ပေါ်ပေါက်ပြီး သူတို့ တည်မှီရာ ဩကာသလောက ဖြစ်တယ်။ ဒီလိုနဲ့ အခါမလပ် စက္ကန့်အမျှ လောကသုံးပါးတည်နေပြီး သေသည့်နောက်ပိုင်းမှာ သံသရာအဖြစ် ဆက်သွားတယ်လို့ နားလည်ပါတယ်။ သဲအင်းဂူဆရာတော်ကြီး၏ ဆုံးမချက်အား ကိုးကားပြောတာပါ။

    ဒါနဲ့ ဟူးဟူးရေးတဲ့ ဂုဏ်တော်ကိုးပါသည် စာမှာသိထားတဲ့ ဂုဏ်တော် အစဉ်အတိုင်း မဟုတ်ဘူးနော်။ သီးသန့်အကြောင်း တစုံတရာ ရှိလား။ သိထားတာ အရဟံကစတယ်။။။။။

  • whowho

    December 28, 2011 at 11:50 am

    ဟုတ်။ ကျနော့ idea က ဘုရားဂုဏ်တော်ကိုပွားတဲ့အခါ ပိုပြီး ကြည်ညိုသဒ္ဓါစိတ်လေးလည်း ဖြစ်စေချင်သလို၊ ဘုရားဇာတ်ကြောင်းအကျဉ်းလေးပါ ခြုံငုံမိစေချင်တာကြောင့် ဘုရားအဖြစ် ဆုတောင်းခဲ့စဉ် သုမေဓာရှင်ရသေ့ဘဝမှစလို့ ဘုရားဖြစ်ပြီးတော့ သတ္တဝါတွေ ချေခြွတ်တော်မူတာထိပေါ့။ ဖြစ်တော်စဉ်လေး ကို အစဉ်လိုက်စီကြည့်ပြီးမှ ရသေ့ဘဝဆုတောင်းစဉ်က ဘာဂုဏ်တော်နဲ့ ကိုက်သလဲဆိုပြီး ပြန်စီပြီး ရေးထားတာပါ။ အကုန်ကတော့ ဖြစ်တော်စဉ်နဲ့ အစီအစဉ်တကျ ပြန်စီလိုက်တာမို့ သိပြီးသားနဲ့ မတူတော့တာပါ။ လိုတာရှိလည်း လမ်းညွှန်နိုင်ပါတယ်။

Leave a Reply