ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ

True FaithMay 28, 20101min490
ဆလိုင်း ဟံသာစန်း | ကြာသပတေးနေ့၊ မေလ ၂ရ ရက် ၂၀၁ဝ ခုနှစ် ၂၁ နာရီ ၂၆ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။      ။ အပစ်ခတ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားများ ဆက်လက်ရှိနေချိန်တွင် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုကို တိုက်ခိုက်ပါက ပြန်လည်၍ ပူးပေါင်း တွန်းလှန်တိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘောတူလိုက်ကြသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လျှို့ဝှက်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် စစ်ရေးသဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အဓိကကတော့ တိုင်းရင်းသားအဖွဲ့တွေကို အစိုးရက နိုင်ငံရေး၊ စစ်ရေးတွေနဲ့ ဖြေရှင်းလာခဲ့ရင် အတူတကွ လက်တွဲဖြေရှင်းသွားဖို့ သဘောတူညီခဲ့ကြပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

အစည်းအဝေးသို့ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA – N တို့ကို ဖိတ်ကြားခဲ့သော်လည်း မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်ခဲ့ကြသော တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်၏ ကွပ်ကွဲမှုအောက်သို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA ၊ KIO ၊ NMSP ၊  SSA-N ၊ ကရင်အဖွဲ့ငယ်တခုဖြစ်သော ဗိုလ်ချုပ်ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မိုင်းလားအဖွဲ့ NDAA တို့က ငြင်းဆန်ထားသည်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုကော်မတီဝင်တဦးက ‘’ တဖွဲ့ကို တိုက်လာခဲ့ရင် ဝိုင်းဝန်းကူညီဖို့နဲ့ အခါအခွင့်သင့်တဲ့အခါ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေ အကုန်လုံးက စုပေါင်းပြီး တပြိုင်နက်ထဲ စစ်မျက်နှာတွေဖွင့်ဖို့ စတဲ့အချက်တွေလည်း ပါတယ်။ …ရွေးစရာလမ်းလည်း မရှိတော့ဘူး” ဟု ပြောသည်။

အဖွဲ့ ၅ ဖွဲ့၏ ခေါင်းဆောင်များသည် ယခုနှစ် ဖေဖော်ဝါရီလက ပထမအကြိမ် လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ယခုတကြိမ် တွေ့ဆုံမှုတွင် မဟာမိတ်အဖွဲ့တခုအဖြစ် ဖွဲ့စည်းခြင်းမဟုတ်ဘဲ အချင်းချင်း လက်တွဲ ရင်ဆိုင်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

မကြာမီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယခုထက် ပိုမိုစုံညီစွာ  ပါဝင်မည့် ဆွေးနွေးပွဲပြုလုပ်ပြီး ညီညွတ်သော အင်အားစုတရပ်အဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်လည်း သဘောတူခဲ့ကြသည်။

အပစ်ရပ်အဖွဲ့များနှင့် KNU ၊  KNPP ၊ CNF အပစ်ရပ်မဟုတ်သည့် အဖွဲ့များအကြား သဘောတူညီချက်ရခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ သဘောတူညီမှုမျိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက UWSA ၊ KIO ၊ ကိုးကန့်တပ်မတော် ခေါ် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့အကြား ထားရှိခဲ့ဖူးသည်။

သို့သော် စစ်အစိုးရက မူးယစ်ဆေးဝါးအကြောင်းပြကာ ဖုန်ကျားရှင် ဦးဆောင်သည့် MNDAA ကို ၂ဝဝ၉ ခုနှစ် ဩဂုတ်လကုန်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ကျန်မဟာမိတ်အဖွဲ့များက ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

မြန်မာပြည်တွင် အခြားသော လက်နက်ကိုင်အဖွဲ့များ စုစည်းထားသည့် အဖွဲ့တခုမှာ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု – မဒတ NDF ဖြစ်ပြီး အဖွဲ့ပေါင်း ၁၃ ဖွဲ့ ပါဝင်သည်။

နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ယခုအခါ KNU ၊ CNF ၊ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PKLO ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP စသည့် ၈ ဖွဲ့သာ ကျန်ရှိသည်။

…………………………………………………………