မင်္ဂလာရှိသော နှစ်သစ်ဆီသို့

who whoDecember 27, 20111min1295

မကြာမှီ ရောက်လာတော့မည့် နှစ်သစ်ဆီသို့ ဦးတည်လျှက် နှစ်သစ်မင်္ဂလာ ယူကြဖို့ ရည်ရွယ်မိရာက ဒီစာလေး ရေးဖို့ ဖြစ်လာခဲ့ရပါတယ်။
အင်း…အရင်ဆုံး နှစ်သစ်ရဲ့အဓိပ္ပါယ်လေးကို ဖော်ကြည့်နေမိပါတယ်။
ယောဆရာတော်ကြီး ဟောကြားထားတာလေးကို သဘောကျလွန်းလို့ သေချာကို မှတ်ထားတာလေးပါ။ “နှစ်”ဆိုတာသည် ဘဝ ခန္ဓာရဲ့ အနှစ်ကို ပြောတာပါ။
ဘာတွေပါလိမ့်ဆိုတော့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာစတဲ့ ကောင်းမှုတွေဟာ ဘဝရဲ့ အနှစ်တွေပဲတဲ့နော်။ အဲဒီအနှစ်တွေကို နေ့စဉ်နှင့်အမျှ အသစ်အသစ်တွေ တိုးသည်ထက်တိုးဖို့ ကြိုးစားရမယ် လို့ ဆိုလိုပါတယ်။
အနှစ်တွေ အသစ်တိုးလာရင် ဘာတွေဖြစ်လာမလဲ။
မင်္ဂလာတွေလည်း တိုးလာမှာပေါ့နော်။
ဒါကြောင့်ပဲ “နှစ်သစ်မင်္ဂလာ ” လို့ အမည်လေးတပ်လို့ ကိုယ့်မှာရှိတဲ့ ကုသိုလ်အနှစ်တွေကို အသစ်အသစ်တွေ တိုးလို့ မင်္ဂလာတွေနဲ့ အလှဆင်ကြပါစို့လား………။

နှုတ်ဆက်မင်္ဂလာ

အားလုံးပဲ “မင်္ဂလာပါ ”လို့ အရင်ဆုံး “နှုတ်ဆက်”လိုက်ပါရစေ။
ဒီမှာလည်း အဓိပ္ပါယ်လေး ရှင်းပြပါဦးမယ်။
“နှုတ်” တာသည် မကောင်းမှု အကုသိုလ်တွေကို နုတ်ပစ်တာ၊ ဖယ်ပစ်တာ။
“ရလာသမျှ တခဏ
မုချ ကုန်ရမှာ”

ဒီနေရာမှာ အနှုတ် သုံးမျိုး ရှိပါတယ်တဲ့။ ယောဆရာတော်ကြီးက ရှင်းပြထား ပါတယ်။
၁။တားလို့မရတဲ့ သဘာဝအနှုတ်
၂။လိုအပ်လို့ နှုတ်ယူနေရတဲ့ အနှုတ်
၃။ မလိုအပ်လို့ နှုတ်ပစ်ရတဲ့ အနှုတ်ဆိုပြီး သုံးမျိုးနော်။
တားလို့မရတဲ့ သဘာဝ အနှုတ်ကတော့ ကျန်းမာရေး၊ နုပျိုမှုတို့ အသက်တို့ ခွန်အားတို့၊ နောက် အို၊နာ၊ သေ စတာတွေပေါ့။ အများကြီးပါပဲ။ အဲဒါတွေက တားလို့မရတဲ့ သဘာဝ အနှုတ်တွေပါ။

“ဖြစ်လာသည်က တားမရ
မုချနှုတ်နေသည်”

လိုအပ်လို့ နှုတ်ယူရတဲ့ အနှုတ်ကကျပြန်တော့ ကိုယ်ရှာဖွေထားတဲ့ ပစ္စည်း တွေထဲကမှ စားဖို့ နှုတ်ရတယ်။ ကျေးဇူးဆပ်ဖို့ နှုတ်ရတယ်။ နောက် မိသားစုအတွက် လိုတာသုံးဖို့ နှုတ်ရတယ်။ မိတ်ဆွေ၊ ဆွေမျိုးတွေ အတွက် လိုတာတွေ နှုတ်ယူရပြန်ရော။ နောက်ပြီး လှူဖို့ တန်းဖို့ နှုတ်ရတာမျိုးတွေပေါ့။ အဲလိုတွေက လိုအပ်လို့ နှုတ်ယူနေရတဲ့ အနှုတ်တွေပါတဲ့။
“လိုအပ်ပါမူ ဉာဏ်ကိုကူ
ဆွဲယူနှုတ်ရသည်”

နောက်ဆုံး မလိုအပ်လို့ နှုတ်ပစ်ရတဲ့ အနှုတ်ကတော့ အကုသိုလ် တရားတွေဖြစ်တဲ့ လောဘ၊ ဒေါသ၊ မာန စတာတွေသည် လူကို အမြဲ ပူလောင်မှုကိုသာ ပေးနေတာမို့ သူတို့ကတော့ မလိုအပ်လို့မို့ နိုင်သလောက် ကို အမြဲ နှုတ်ပေးနေရပါမယ်နော်။
“မလိုအပ်ငြား ပိုလျှံသွား
ဖယ်ရှား နှုတ်ရသည်”

ဒါဆိုရင် “နှုတ်”ရဲ့ ဆိုလိုရင်းလေးကို ပုံဖော်လို့ နားလည်သွားပြီပေါ့။ နောက်တစ်ခုဖြစ်တဲ့“ဆက်”ဆိုတာလေး ဆက်သွားကြမယ်။
“ဆက်” တာကတော့ ကောင်းမှုကုသိုလ်တွေနဲ့ ဆက်လို့ တစ်ချိန်နဲ့ တစ်ချိန်ကို ကောင်းမှုတွေသာ လက်ဆင့်ကမ်း ဆက်ကာဆက်ကာ ပြုသွားဖို့ ပါပဲ။
“သူနှုတ်သွားလျှင် အသိဝင်
စွမ်းအင် ဆက်ပေးပါ”

အဲလို မကောင်းတဲ့ အကုသိုလ်အမှုတွေကို “နှုတ်” ပြီး ကောင်းမှု ကုသိုလ်တွေ ကို “ဆက်”ကာတိုးလို့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ ဒါဟာ လက်တွေ့ကျတဲ့ “မင်္ဂလာပါ”လို့ ဆိုလို့ ရသွားပါပြီ။
“အနှုတ်သုံးဖြာ ကုန်သွားပါ
ကောင်းတာ ဆက်ရမည်
သတိဉာဏ်ကူ အပူနှုတ်ကာ အေးတာကိုဆက် ရှေ့ကိုဆက်
နှစ်သစ်တိုး၍ စိတ်အေးသည်။”

ကဲ ဒီနေ့တော့ ဘာတွေနှုတ်ပြီး ဘာတွေဆက်ကြမယ်ဆိုတာလေး သိသွားရပြီမို့ တကယ်လက်တွေ့ လုပ်ဆောင်နိုင်ကြမယ်ဆိုရင် တကယ်လည်း မင်္ဂလာအပေါင်း ခညောင်းလာမှာမို့ အားလုံးကို “နှုတ်ဆက်မင်္ဂလာ”လေးနဲ့ နှုတ်ဆက်လိုက်ပါတယ်။
မှတ်ချက်။ ။ ကြားနာခဲ့ရသော ယောဆရာတော်၏ နှစ်သစ်အခါ မင်္ဂလာ တရားကို ပြန်လည် ဝေမျှလိုက်ပါသည်။

5 comments

  • ငပေါက်ဖော်

    December 27, 2011 at 11:17 am

    ချရာလေးပြောသလို..အိုနာသေတွေက တားလို ့မရပေမဲ့..သိပ္ပံခေတ်ကြီးမှာတော့ အပြည့်အဝ မမှန်ဘူးဂျ
    နှလုံးထဲ စက်ထည့်ပြီး တားထားတာတို ့
    ကလီစာ အစားထိုးပြီး တားတာတို ့
    ဘာတို ့ညာတို ့ရှိတယ်လေ.ဂျာ.ဟုတ်ဝူးလား..

    ကဲကဲ..
    မောင်ညီမလေးတို ့ရေ
    နှစ်သစ်မှာ နှုတ်စရာရှိတာတွေနှုတ်ပြီး ဆက်စရာရှိတာတွေ ဆက်နိုင်ကြပါစေကွယ်
    (နှုတ်တဲ့အထဲ ပွိုင့်တွေ မပါဖို ့အရေးကြီးတယ်ချာလေးရေ့..အရေးကြီးဒယ်..)
    😆

    • whowho

      December 27, 2011 at 6:46 pm

      ဟုတ်ပါပြီ။ ကိုပေါက်ဖော်ရေ..
      နှလုံးထဲ စက်ပဲထည့်တားတား ၊ ဘာနဲ့ပဲတားတားပါ လုံးဝမသေတော့တဲ့ဆေးရှိရင်တော့ လှမ်းပြော လိုက်ပါဦးနော်။ ကိုပေါက်ဖော်တစ်ယောက် အသက်ထောင်ကျော်ရှည်ပါစေသော်။

  • koyinmaung

    December 27, 2011 at 12:22 pm

    ခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
    မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေဗျာ…..

  • နီကီတာ

    December 27, 2011 at 2:43 pm

    အနှုတ်သုံးဖြာ ကုန်သွားပါ
    ကောင်းတာ ဆက်ရမည်
    သတိဉာဏ်ကူ အပူနှုတ်ကာ အေးတာကိုဆက် ရှေ့ကိုဆက်
    နှစ်သစ်တိုး၍ စိတ်အေးသည်။
    >>>>
    ပဲ အပူတွေနှုတ်ပြီး အအေးတွေ ဆက်လိုက်ပီနော်
    [ဘုရား…ဘရား…မြန်မာပြည်တော့ အအေးလှိုင်းမဖြတ်ပါစေနဲ့ (စတာနော်)] 😀 😀

    • whowho

      December 27, 2011 at 6:48 pm

      ဟုတ် အပူတွေနှုတ်ပြီး အအေးတွေဆက်လိုက်ပြီဆိုတာ ဖတ်လိုက်တာနဲ့ကို ချက်ခြင်း အေးသွားသလားလို့…ကျေးဇူးပါ။

Leave a Reply