အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်

who whoDecember 27, 20111min2832

သတ္တမမြောက်နေ့
လောကဝိဒူ ဂုဏ်တော်ကြောင့် မြတ်စွာဘုရားရှင်၏ အံ့မခန်းဘွယ် ကျေးဇူးတရားတို့ကို ပွားများရင်း ပို၍ပို၍ တိုးကာ သိမြင်လာရလို့ သဒ္ဓါတရား တွေ ယိုဖိတ်ကျခဲ့ရပါတယ်။ ဒီနေ့ ဆက်ကြရမှာကတော့ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်ကို ရှင်းရှင်းလင်းလင်း သိစေဖို့ သေချာလေး လက်လှမ်း မှီသလောက် ကြိုးစားကြပါစို့လား။
အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်
ဒီဂုဏ်တော်ရဲ့ ခေါင်းစဉ်လေးကို ရေးတဲ့အချိန်မှာကိုက စိတ်ဝင်စား စရာ အချက်လေး သွားတွေ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဓမ္မလို့ မဖော်ပြ ဘဲ ဒမ္မလို့ ဖော်ပြထားတာကြောင့်ပါ။ အဲဒါလေး သိချင်တာနဲ့ လေ့လာကြည့် လိုက်တော့ ဒမ္မဆိုတာသည် ဆုံးမထိုက်သူလို့ အနက်ရပါတယ်တဲ့နော်။ သာရထိ ကတော့ ဆုံးမနိုင်စွမ်းရှိတယ်လို့ အနက်ရပါတယ်။ အနုတ္တရော ပုရိသ
ဆိုတာကတော့ အတုမရှိ မြတ်သော ယောက်ျားလို့ အဓိပ္ပာယ်ရပါတယ်။ အဲဒါ လေးကိုပေါင်းချုပ်လိုက်တဲ့အခါ ဆုံးမထိုက်တဲ့သတ္တဝါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ စွမ်းဆောင်နိုင်သော မြတ်စွာဘုရားလို့ အနက်ထွက်လာပါ တယ်။
ရိုင်းစိုင်းသောသူများကို ယဉ်ကျေးအောင် ဆုံးမနိုင်ဖို့ဆိုတာကလည်း လွယ်လှတဲ့ အလုပ်မှ မဟုတ်ပဲနော်။ဟိုရှေ့က လောကဝိဒူဂုဏ်တော်မှာ ပြောခဲ့ သလို မြတ်စွာဘုရားဟာ သတ္တဝါတွေရဲ့ ပါရမီ အနု၊အရင့်တို့ အတွင်းစိတ်တွေ တို့ ၊စရိုက်သဘာဝတွေကို ရှေ့နောက် ကုန်စင်အောင်ထိ သိမြင်တော်မူတာ ကြောင့် ဆုံးမထိုက်တယ် မထိုက်ဘူး၊ ချေချွတ်ရင် ကျွတ်ထိုက်တယ်ဆိုတဲ့ သတ္တဝါတွေကို သူတို့ စရိုက်နဲ့ ကိုက်ညီအောင် သင့်တော်သလို ဆုံးမပြီး အကျွတ်တရားရအောင်ထိ ချေချွတ် ဆုံးမတော်မူခဲ့တယ်။
အဲလို ဆုံးမရာမှာလည်း သူ့ပါရမီ အနု၊ အရင့်ပေါ်လိုက်လို့ သီလမရှိ သေးတဲ့သူကို သီလရှိအောင် ၊ နောက် သီလရှိပြီးပုဂ္ဂိုလ်ကိုကျတော့ မဂ်၊ဖိုလ်တရားတွေထိ တိုးတက်သွားအောင် ဆုံးမ လမ်းညွှန် တော်မူနိုင်ခဲ့တယ်။ ဘာတရားမှ မရှိ သေးတဲ့လူမျိုးကျပြန်တော့လည်း ပါရမီ အထုံမျိုးစေ့ ရသွားအောင် ဆိုပြီး တတ်စွမ်းသ၍ လိမ္မာယဉ်ကျေးအောင် ဆုံးမတော်မူခဲ့တယ်။ ဒါကြောင့်လည်း ဘုရားရှင်ရဲ့ အဆုံးအမကို ခံထိုက်သူများအားလုံးဟာ သင့်တော်ရာ အဆုံးအမ တွေရရိကြတာကြောင့် ယဉ်ကျေး သိမ်မွေ့ပြီး တရားထူး တရားမြတ်တွေရသွားကြလို့ ကျွတ်တမ်းဝင်နိုင် သွားကြပါတယ်နော်။ အော်..ဒီလိုလေး သိလိုက်တဲ့ အခါမှာ အရင်ဆုံး အင်္ဂုလိမာလကိုတောင် သွားသတိရမိလိုက်ပါတယ်။ ဘယ် လောက်ပဲ ရက်စက် ကြမ်းကြုတ်တယ်ပြောပြော ဘုရားအဆုံးအမနဲ့လည်းတွေ့ရော ကျွတ်တမ်းဝင်လို့ ရဟန္တာတောင် ဖြစ်သွားပါတယ်နော်။
အင်း ဒါဆို လူတွေတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲနော်။ နာဠာဂီရိဆင်လို အရိုင်းအစိုင်းတွေ၊ ဟော အာဠာဝက ဘီလူးလို ကြမ်းတမ်းတဲ့ ဘီလူးကြီးတွေတောင် ယဉ်ကျေးအောင် ဆုံးမတော်မူနိုင်ခဲ့ တာပဲ ကြည့်တော့ ။
အော်…ဒါကြောင့်ပဲ သတ္တဝါ ဟူသမျှတို့၏ လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာ စသော ဣန္ဒြေတို့၏ အနုအရင့်ကို နှိုင်းချင့်ခွဲခြမ်း သိစွမ်းတော်မူရကား ထိုသတ္တဝါတို့၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြောပြသ ဆုံးမတော် မူနိုင်ပါ၏ ဆိုတဲ့ အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်ရည်နှင့် ပြည့်စုံတော်မူ သောမြတ်စွာဘုရားရယ်လို့ စိတ်မှာရည်မျှော်မှန်းလို့ ကြည်ညိုရင်း ပွားများကြပါစို့လား။

အနုတ္တရော ပုရိသ ဒမ္မသာရထိ – ဆုံးမထိုက်သော သတ္တဝါတို့ကို အတု မရှိ ဆုံးမတော်မူနိုင်သော မြတ်စွာဘုရား။
အားလုံးလည်း ဒီဂုဏ်တော်လေးကို စိတ်မှာ အထူးကြည်ညိုစွာ ပွားများမိကြ လို့ ကိုယ်ရော စိတ်မှာ ယဉ်ကျေး သိမ်မွေ့ နိုင်ကြပြီး တရားထူး တရားမြတ်တို့နှင့် ဆုံတွေ့နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဖတ်မှတ် မိသလောက်လေးတွေကို ပြန်လည် ဝေမျှလိုက်ပါတယ်။

2 comments

  • TTNU

    December 27, 2011 at 11:32 am

    ဒီနေ့ သတ္တမနေ့ပါ။

    နံနက်စောစောထပြီးပန်းရေဆီမီးအမွှေးတိုင်တို့နဲ့အတူ ထမင်းမချက်ရသေးတော့
    ကော်ဖီနဲ့ ကိတ်မုန့်ဆွမ်းတို့ကိုကပ်လှူပါတယ်။ ကိတ်မုန့်က ကလေးတွေ လာကန်တော့ထားတာ
    မို့လို့ သူတို့ အမည်လေးတွေ ထုတ်ဖော်ပြောပြီးဆွမ်းကပ်ပါတယ်။ဒါန အပိုင်းပေါ့။

    ပြီးတော့ ဘုရားဝတ်တက် သီလယူ၊ မေတ္တာသုတ်ရွတ်၊ ပဌာန်းဥဒ္ဒေသ နိဒ္ဒေသ ရွတ်၊
    အနုတ္တရော ပုရိသ ဒမ္မသာရထိ – ဆုံးမထိုက်သော သတ္တဝါတို့ကို အတု မရှိ ဆုံးမတော်မူနိုင်သော မြတ်စွာဘုရား ၊ ဂုဏ်တော်လေးကို စိတ်မှာ
    အထူးကြည်ညိုစွာ ပွားများ၊ (၁)နာရီလောက်တရားထိုင်ပါတယ်။

    ဒီနေ့ နေ့သစ်တစ်ခုကို အခုလို ကုသိုလ်များနဲ့ စတင်လိုက်ပါတယ်။
    ကျေးဇူးတင်ပါတယ်၊ ဟူးဟူးရေ။

  • whowho

    December 27, 2011 at 6:29 pm

    တီချာပြုသော ကုသိုလ်တွေအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်နော်။
    ကျနော်လည်း မိုးလင်းတာနဲ့ ကိုယ့်အလုပ်တာဝန်ချိန်လေးပြီးပြီဆိုတာနဲ့ ဘုရားရှေ့တန်းပြေးရပါတယ်။ ဓိဌါန်ကုသိုလ်အစီအစဉ်လေးကို မနက်ခင်းပိုင်းမှာ တကြိမ် အောင်မြင်အောင် အရင်ဆုံးဦးအောင် လုပ်ဖြစ်ပါ တယ်။ ဘုရားမှာ ပန်း၊ဆီမီး၊ ဆွမ်း၊ ရေချမ်း စတဲ့ ဒါနကုသိုလ်တွေ ကပ်လှူပြီးတော့ ဘုရားရှိခို်း သီလယူ၊ မေတ္တာပို့၊ ဒီနေ့ပွားများရမယ့် ဂုဏ်တော်လေးကို ပုံတော်မှာ ဂုဏ်တော်ထင်အောင် အာရုံယူလို့ ပွားဖြစ်ပါတယ်။ ပြီးတာနဲ့ တရားနာဖြစ်ပါတယ်။ နာပြီး တရားတစ်နာရီထိုင်လိုက်ပါတယ်။ အဲဒီအစီအစဉ်လေး တွေ တစ်ကြိမ်ပြီးသွားတာနဲ့ အမျှပေးဝေလိုက်ပါတယ်။ ကဲ ငါတော့ မိုးလင်းကတည်းက ကုသိုလ်မှုကို ဦးအောင် လုပ်ပြီးသွားပြီလို့ အောင်ပြီဆိုပြီး ကြွေးကြော်ပါတယ်။ ပြီးတာနဲ့ ဓမ္မဒါနကုသိုလ်ယူဖို့ ဆိုက်မှာ စာတွေပြေးတင်ရပါတော့တယ်။ တီချာရေ…တစ်နေ့တစ်နေ့ ဆိုက်ငါးဆိုက်ကို စာတင်ရတဲ့ အချိန်ကလည်း တော်တော်လေးပေးရတာမို့ ရတဲ့အချိန်လေးအတွင်း အပြေးအလွှားတင်ရတာမို့ စာရေးဖြစ်တဲ့နေ့မှာ စာတင်ချိန်က ပြုတ်သွားပြန်တယ်။ စာတင်ဖြစ်တဲ့နေ့ဆို စာအသစ်က မရေးနိုင်တော့ဘူး။ အဲလို အချိန်က ဆင်းရဲနေတာပါ။ တင်ပြီးတာနဲ့ နေ့ခင်းက ရောက်သွားရော။ နေ့ခင်းမှာလည်းဘုရားရှေ့ပြေးနိုင်ရမယ်ဆိုတဲ့သံပါတ်ကလည်းပေးထားတာမို့ ရသလောက်ထပ်ပြီး ကုသိုလ်လေးတွေ ဒုတိယအကြိမ်ထပ်လုပ်ဖြစ်ပါတယ်။ အလုပ်ချိန်က တနေ့ကို ကိုးနာရီရှိတာမို့ အားတဲ့အချိန်တိုင်းကို မလွတ်အောင် ပြေးလုပ်နေရပါတော့တယ်။ ညပိုင်းလည်း တကြိမ် ထပ်ပြီး ဒီအစီအစဉ်လေးလုပ်ဖြစ်ပါတယ်။ အဲဒီကုသိုလ်အဖို့ကိုလည်း ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Leave a Reply