ဟာဂျီဦးလှမောင် – ထင်ရှားကျော်ကြားမြန်မာများကဏ္ဍ (ဆောင်းဦးပန်း)

kaiDecember 27, 20111min19618

ယခုလထင်ရှားကျော်ကြားမြန်မာများကဏ္ဍအတွက် အမေရိကပြည်ထောင်စု၊Los Angeles County, Road Departmentတွင် ၂၈နှစ်ကြာ အင်ဂျင်နီယာအလုပ်လုပ်ကိုင်ခဲ့သော ဟာဂျီဦးလှမောင်(ခေါ်)ဟာဂျီ Esoof Dwood Madhaနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၁) အန်ကယ့်ကိုယ်ရေးအကျဉ်းကနေစပြောပြပါ။

ကျနော့်ကို ၁၉၃၄ဧပြီ၂၂မှာ ရန်ကုန်၊၄၄လမ်းမှာမွေးပါတယ်။ဂျပန်ခေတ်တလျှောက် သံလျင်၊ခရမ်း၊ကျောက်တန်းတွေမှာ၄နှစ်နေထိုင်ခဲ့ပါတယ်။သံလျင်ပြောင်းတော့သံလျင်မှာဂျပန်ကျောင်းတက်လိုက်ပါသေးတယ်။ ၁၉၄၅မှာအဖေက ကာလကတ္တားပို့ပြီးကျောင်းထားတယ်။အဲဒီ့မှာ ဟိန္ဒူမွတ်ဆလင်အရေးအခင်းဖြစ်တော့ မြန်မာပြည်ကိုပြန်ပို့ပါတယ်။၁၉၄၆မှာစိန်ဂျွန်းဒိုင်အိုစီအထက်တန်းကျောင်းမှာ သူငယ်တန်းစတက်ပြီး၁၉၅၃မှာ အထက်တန်းအောင်ပြီးတက္ကသိုလ်ရောက်တယ်။၁၉၅၅မှာ အင်ဂျင်နီယာကောလိပ်(BOC)ကိုပြောင်းသွားတယ်။same batchတွေက အခုယူအက်စ်မှာနေတဲ့ကိုတင်ထွဋ်၊ကိုတင်ထွေးတို့။၁၉၅၉မှာ Cilvil Engineeringဘွဲ့ကို University of Rangoonကနေအောင်တယ်။လိပ်ခုံးကပေါ့။အဲဒီ့တုန်းက RITမရှိသေးဘူး။ဘွဲ့ရပြီးကျနော် အာခီတက်ဦးတင်လက်အောက်မှာ အလုပ်လုပ်ခဲ့ပါတယ်။မိုဟာမက်ယူဆွက်ကန်ထရိုက်တာနဲ့လဲပေါင်းအလုပ်လုပ်ခဲ့တယ်။မဂိုလမ်းနဲ့ဒါလဟိုဇီထောင့်က ၅ထပ်တိုက်ကြီးတွေက ကျနော်တို့ဆောက်ခဲ့တာပေါ့။

၂) အမေရိကားကိုထွက်ဖြစ်ခဲ့တဲ့အကြောင်း။

ကျနော်တို့မိသားစုက ရန်ကုန်၂၆လမ်းမှာ DH Madha Building Materialရောင်းဝယ်ရေးလုပ်ပါတယ်။၁၉၆၂ ဗိုလ်ချုပ်နေဝင်းအစိုးရတက်လာချိန်မှာ ကျနော်တို့မိသားစုပိုင်၂၆လမ်းကဆိုင်ကို ပြည်သူပိုင်အသိမ်းခံလိုက်ရတယ်။ကျနော်တို့မှာလုပ်စားစရာမရှိတော့ဘူး။အဲဒီ့အချိန်မှာ တိုင်းပြည်အပြင်ထွက်ချင်သူတွေလျှောက်ပါပြောတော့ ၁၉၆၄မှာ US Embassyကိုဗီဇာလျှောက်တယ်။၁၉၆၄မှာUS Embassyက ကိုတာsystemရှိတာ တနှစ်ကိုလူတရာထက်ပိုမသွားရဘူးဆိုတာ။ဗိုလ်ချုပ်နေဝင်းအစိုးရအာဏာသိမ်းတော့ အကုန်သွားလျှောက်တော့ပြုံသွားရော။Johnsonအစိုးရတက်တော့Preference Systemဆိုလုပ်နေတယ်ခဏစောင့်ပါ၊ပညာတတ်တဲ့သူမှလက်ခံမယ်ဆိုတော့ ၁၉၆၄ဒီဇင်ဘာမှာသွားလျှောက်တာ တမိသားစုလုံးapproveလုပ်လိုက်တယ်။မြန်မာပတ်စ်ပို့သွားလျှောက်တာ ၁နှစ်ခွဲကျော်ကြာတယ်မပေးဘူး။ ကျနော်တို့ညီအကိုတဝမ်းကွဲတွေက ကမာရွတ်မှာဆပ်ပြာစက်ရုံပိုင်တယ်ဆိုတော့သူတို့နဲ့ပတ်သက်နေတယ်ဆိုပြီး ပတ်စ်စပို့ကိုမထုတ်ပေးဘူး။၁၉၆၆မေလမှ ပတ်စပို့ရပြီး ၁၉၆၆ဇွန်၄ရက်မှာထွက်လာတယ်။

၃) အမေရိကားမှာ ဘယ်လိုရုန်းကန်ခဲ့ရသလဲ။အခက်အခဲတွေတွေ့ခဲ့တဲ့အကြောင်း။

အယ်လ်အေရောက်တော့ သူငယ်ချင်းကိုတင်အောင်ကစောင့်နေတယ်။တဝမ်းကွဲညီအကိုတယောက်အိမ်မှာ ခဏနေတယ်။ဩဂုတ်မှာအလုပ်လျှောက်တာ ၃လ၄လအလုပ်မရဘူး။ကျောင်းတွေပိတ်နေလို့။အစိုးရအလုပ်Countyမှာလျှောက်တော့ ဟိုကအောင်လာတဲ့ဘွဲ့ကို USAမှာEvaluate လုပ်ဖို့လိုတယ်ပြောတယ်။ဒါနဲ့Long Beachကောလိပ်သွားတာ ကျောင်းပိတ်ချိန်။ပရော်ဖက်ဆာတယောက်မှမရှိဘူး။စာရွက်တွေထားခဲ့ရတယ်။USAမှာ Experienceမရှိတော့ အလုပ်ရဖို့ကခက်နေတယ်လေ။နောက်တော့Plastic Companyမှာတနာရီတဒေါ်လာစားနဲ့အလုပ်ရတော့အလုပ်ရှင်က“မင်းကပညာတတ်တယောက်ပဲ”ဆိုပြီးQuality Control Inspectorခန့်ပြီး တနာရီ၂ဒေါ်လာခွဲပေးတယ်။တနေ့၁၆နာရီ(2Shifts)လုပ်တယ်။နိုဝင်ဘာမှာLong Beachကောလိပ်ကဖုန်းခေါ်ပြီး ကျနော့်အင်ဂျင်နီယာဘွဲ့ကိုလက်ခံကြောင်းစာထုတ်ပေးတယ်။LA Countyမှာသွားပြတော့ Building Saftyမှာလူပြည့်နေလို့ Road Departmentမှာလုပ်ရမယ်ပြောတယ်။Supervisorကဒီမှာ Experienceလို့ We will train you လို့ပြောတယ်။
၁၉၆၆နိုဝင်ဘာ၁၄ကနေ Cilvil Engineer Assiatance (CEA) ရာထူး တလ၇၃၅ဒေါ်လာနဲ့လုပ်ဖြစ်တယ်။အဲဒီ့မှာ Mike Aye Myintကရောက်နှင့်နေတာ တလရှိပြီ။၁၉၉၄မတ်လမှာ ကျနော်ပင်စင်ယူပါတယ်။

၄) လုပ်ငန်းခွင်အတွေ့အကြုံပြောပြပါဦး။

Road Designကို အရင်ကမလုပ်ခဲ့ဖူးဘူး။မြန်မာပြည်မှာကတိုက်ဆောက်တာဘဲလုပ်ခဲ့တာလေ။သီအိုရီပိုင်းပဲသိခဲ့တာပေါ့။ အလုပ်ထဲမှာပဲလုပ်ရင်းနားလည်သွားတာ။ Blvdတွေဖောက်တယ်။Diamond Bar, Palmdale, Santa Clrita, Lancasterတို့မှာ အစကလမ်းမကြီးတွေမရှိဘူးလေ။အဲဒီ့လမ်းတွေဒီဇိုင်းအစအဆုံးလုပ်ရတယ်။တဖြည်းဖြည်းpromotionပေးတယ်။၁၉၇၈မှာ subdivisionဘက်ပြောင်းလိုက်တာ၁၉၉၄ထိ။

၅) အလုပ်ထဲမှာ ဘာလူမျိုးတွေများလဲ။အခွင့်အရေးမှာ လူမျိုးတခုနဲ့တခုခြားနားတာာမျိုးရှိလား။

အမေရိကန်လူဖြူတွေအများဆုံး။အာရှသားနည်းတယ်။အာဖရိကန်အမေရိကန်ဆိုပိုနည်းတယ်။supervisorဆို လူဖြူတွေအများဆုံးယူထားတာ။promotionပိုရတာလဲများတယ်။ဟိုတုန်းကတော့ ခွဲခြားမှုရှိတယ်။သိသာတယ်။ကျနော်တို့promotionရဖို့စာမေးပွဲဖြေရတာ၇၀%စာပိုင်းမှာ ကျနော်တို့အပြည့်ရတယ်။Promotabilityပိုင်း၃၀%ကျတော့ လူဖြူတွေကအပြည့်ရတော့၁၀၀%ရတယ်။ကျနော်တို့ကို ၁၀၀%မပေးဘူး။တကယ်ကျ ကျနော်တို့ကသူတို့ထက်ပိုကောင်းကောင်းလုပ်နိုင်တယ်။ခုလဲဒါမျိုးရှိတော့ရှိသေးတယ်။နည်းသွားပြီ။ကျနော်ကတော့အမြဲpositiveဘဲ စဉ်းစားပါတယ်။သူများနိုင်ငံ၊ သူများလက်အောက်မှာလုပ်နေရတာပဲလေ။မြန်မာပြည်မှာနေစဉ်တုန်းကလဲ discriminateအလုပ်ခံခဲ့ရတာပဲ။သီးခံပြီးလုပ်ပါတယ်။

၆) တိုင်းတပါးမှာအလုပ်လုပ်နေတဲ့မြန်မာလူငယ်တွကို အန်ကယ့်အတွေ့အကြုံအရဆောင်ရန်၊ရှောင်ရန် ဘာပြောချင်ပါလဲ။

အလုပ်လုပ်နေတဲ့တိုင်းပြည်ရဲ့ပညာပိုင်းတွေအတုယူသင့်တယ်။ Mandagementတွေဘယ်လို handleလုပ်တယ်။
ရှောင်ရန်ကအဓိကက လုပ်ငန်းပိုင်းမှာ ဘယ်သူနဲ့မှထိပ်တိုက်မတွေ့ဖို့ပါပဲ။supervisorမကောင်းတဲ့သူတွေရှိတယ်။ ကျနော်ကိုယ်တိုင်လဲခံခဲ့ရတယ်။ ဒါကိုမကျေနပ်တဲ့ဒေါသစိတ်ဆိုတာလူတိုင်းမှာရှိတယ်။ဒါပေမယ့် ကိုယ်ကမခံနိုင်လို့ရန်ဖြစ်ပြီးနာမည်ပျက်နဲ့အလုပ်ထွက်လာရင် နောက်အလုပ်တခုမှာနစ်နာမယ်။ဒီအလုပ်ကတခြားအလုပ်တခုထပ်ပြောင်းရင် referenceပေးရတဲ့အခါ အဲဒီ့နာမည်ပျက်ပါသွားရင်နောက်အလုပ်မှာကိုယ်ပဲနစ်နာမယ်။

၇) အမေရိကားရောက်ချိန်ကနေခုထိကာလမှာ အန်ကယ့်စိတ်ထဲအမှတ်တရအဖြစ်အပျက်။

မြန်မာပြည်ကထွက်တော့လူတယောက်ကို တဒေါ်လာပဲပေးယူတယ်။ကျနော်တို့ထွက်လာတာ အမျိုးသမီးနဲ့ကလေး၆ယောက်၊မွေးစားသား၁ယောက်။အကြီးဆုံးသမီးက၈နှစ်။အငယ်ဆုံးသမီးက၃နှစ်။လေယာဉ်က နယူးယောက်ကနေ လော့စ်အိန်ဂျလိ်စ်ကိုconnecting flightမရဘူး။သူတို့လဲဘာမှမတတ်နိုင်ဘူး။ကျနော်တို့မိသားစုစားစရာ ၊နေစရာမရှိတော့ ကံကောင်းသွားတာက နယူးယောက် Seven Days Advantage Hospitalမှာလုပ်နေတဲ့မိတ်ဆွေဟောင်းအမေရိကန်ဆရာဝန်။သူကမြန်မာပြည်မှာလဲ အလုပ်လုပ်ဖူးတယ်။ကျနော့်ကလေးတယောက်က မြန်မာပြည်မှာနေစဉ်က သူ့လက်အောက်မှာမွေးဖူးတယ်။သူခေါ်သွားတာတဲ့သူ့အိမ်ခန်းမှာ ၁၃ရက်နေခဲ့ရတယ်။စိတ်ထဲမှာ ကျေနပ်ဝမ်းသာမိတာကတော့ ကျနော်နဲ့BOCမှာအတူတူတက်ခဲ့ဖူးတဲ့ ကိုတင်ထွေး+မYvonne ထွေးအပါအဝင် မိတ်ဆွေဆွေမျိုးမြန်မာမိသားစု၃၀-၄ဝလောက်ကို sponserပေးခေါ်ခဲ့တာပါပဲ။

၈) အန်ကယ်ဘာသာရေးပတ်သက်ပြီးဆောင်ရွက်ချက်။

ကျနော်က University of Rangoonမှာကျောင်းတက်ထဲက၁၉၅၇-၅၈ထိ Muslim Student Associtionမှာ Chairmanလုပ်ခဲ့တယ်။ဒီရောက်တဲ့အချိန် အယ်လ်အေမှာ ဗလီဆိုတာမရှိဘူး။မွတ်စလင်ဘာသာဝင်အိမ်၅အိမ်၆အိမ်လောက်က အပတ်စဉ်ညနေတိုင်း ကလေးတွေကို တလှည့်စီ ဘာသာရေးသင်ပေးတယ်။ဥပုပ်လဆိုအိမ်ခန်းတွေမှာဘုရားဝတ်ပြုရတယ်။၁၉၆၈မှာ ဝါရှင်တန်ဒီစီ၊အီဂျစ်သံရုံးကနေ ဝန်ထမ်းတဦးကို ဗလီဆောက်ဖို့အယ်လ်အေကိုလွှတ်လိုက်တယ်။East LAမှာဗလီတခုစဖွင့်တယ်။အာရပ်တွေပိုက်ဆံနဲ့ဆောက်တာ။ခိုးတာနဲ့ဖျက်ဆီးခံရတာနှဲ့ဆိုတော့ St’s Andrew Placeမှာ ကိုရီးယားခရစ်ယာန်ကျောင်းတခုကိုဝယ်ပြီး Islamic Center of Southern Californiaဖွင့်ခဲ့တယ်။၁၉၇၃နောက်ပိုင်းမှာ မြန်မာမွတ်စလင်တွေရောက်လာတာများတာနဲ့ Westsideမှာ Islamic Centerတခုထပ်ဖွင့်တယ်။ ၁၉၇၇-၇၈မှာ Jamate Masjidul IsLam ကို Inglewoodမှာ ကျနော်တို့ကစပြီး Fonderလုပ်ပြီးဖွင့်ခဲ့တယ်။၁၉၉ဝမှာကျနော်တို့ဇနီးမောင်နှံ ဟာ့ချ်လုပ်ပါတယ်။၁၉၉၈မှာ Umraကိုဆိုဒီအာရေးဗျားမှာလုပ်ပါတယ်။ဟာ့ချ်ဆိုတာက တသက်မှာတခါလုပ်ကိုလုပ်ရတာ။Umraဆိုတာတသက်မှာဘယ်နှစ်ခါမဆိုသွားလို့ရတယ်။တခါသွားရင်ကိုယ့်ရဲ့sinတွေwashလုပ်တဲ့သဘောပါ။

၉) အန်ကယ့်အနေနဲ့ အမေရိကားရောက်တဲ့ဗမာ-မွတ်စလင်မျိုးဆက်သစ်တွေရဲ ့ ဘာသာရေးယုံကြည်ချက်တွေကို အားရမှုရှိပါလား။

မြန်မာပြည်တွင်းမှာက Islamတရားသိတာများတာပေါ့။ကျနော်တို့ရောက်တော့ကျ ကလေးတွေကတပတ်မှ စနေတနင်္ဂနွေ၂ရက်ပဲသင်ပေးရတယ်လေ။ကြီးလာတော့မေ့သွားကြတယ်။ကျနော်တို့က စီးပွားရေးရုန်းကန်ရတာနဲ့အချိန်မပေးနိုင်တာလဲပါပါတယ်။ ကျနော့်ကလေးတွေဆို လူဖြူတွေနဲ့အိမ်ထောင်ကျကြတယ်။ဒါပေမယ့် ကိုယ့်ဘာသာတော့မစွန့်လွှတ်ဘူး။ကြီးလာမှReligionပြန်လုပ်ကြပါတယ်။ဘာသာရေးကိုနားလည်အောင်ပြန်ဖတ်ကြတယ် ။ခုရောက်လာတဲ့ကလေးတွေအတွက်ကျ သိပ်ကောင်းသွားပြီ။လူမျိုးစုံဖွင့်ထားတဲ့ Islamicကျောင်းတွေရှိနေပြီ။အစိုးရကလဲrecordလုပ်တယ်။English, Arabic, Islamic၃မျိုးလုံးသင်တဲ့ကျောင်းတွေ Orange Countyမှာဆို high schoolထိရှိတယ်။Culver Cityမှာဆို ၂၀၀၁ကစတည်ထောင်တဲ့ King Fahad Mosqueဘာသာရေးသင်တန်းကျောင်းမှာ မြန်မာ-မွတ်စလင်ကလေးတော်တော်များများတက်ကြပါတယ်။

၁၀) မြန်မာပြည်ပြန်ဖြစ်လား။အန်ကယ်မြန်မာပြည်မှာနေစဉ်တုန်းကနဲ့ ခုပြန်တော့တိုင်းပြည်တိုးတက်လာတာတွေ့ရသလား။

၁၉၇၁မှာ နိုင်ငံသားဖြစ်တော့ အမေနေမကောင်းတော့ပြန်ဖို့ ၁၉၇၂မှာမြန်မာသံရုံးကိုမေးတော့ ဘာpassportလဲမေးပြီး အမေရိကန်Passportဆိုတော့ဝင်ခွင့်မပေးဘူး။အမေလဲဆုံးသွားတယ်။မပြန်လိုက်ရဘူး။၁၉၈၈နောက်ပိုင်းမှာဗီဇာပြန်ပေးတော့၁၉၉၅မှာ နှစ်၃ဝမှာ ကိုယ်မွေးခဲ့တဲ့နေရာကို ပထမဆုံးပြန်ဖြစ်တယ်။ရှင်းရှင်းပြောရရင်တိုးတက်လာတာမတွေ့ရဘူး။လမ်းလေးတွေကကျဉ်းကျဉ်းလေးတွေမှာ လူတွေကအများကြီး။ကျနော်တို့နေစဉ်က ၂၃မီလျံလူဦးရေ။ ခုကျ၄၆-၄ရမီလျံလောက်ဖြစ်နေပြီ။လူတွေကအထက်အညာကရော ရန်ကုန်ကိုပိုက်ဆံရှာဖို့ဆင်းလာကြတာ။ကျနော်ရန်ကုန်ဘဲရောက်ပါတယ်။မိတ်ဆွေတွေ၊ဆွေမျိုးတွေတွေ့တယ်။လူတွေကိုကြည့်ရတာ ကျနော်စိတ်ထဲမကောင်းဘူး။ဆင်းရဲတဲ့လူတွေများကြတယ်။ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရတယ်။ကျန်းမာရေးမကောင်းကြဘူး။ ကိုယ့်တိုင်းပြည်ဘယ်လိုဖြစ်သွားတာလဲံ။ ဒီလောက်ချမ်းသာပြီး ဒီလောက်လှပတဲ့တိုင်းပြည်ဘယ်လိုဖြစ်ရတာလဲဆိုပြီး ငိုချင်လာတယ်။အနီးအပါးတိုင်းပြည်တွေနဲ့ယှဉ်ရင် နိမ့်ပါးနေတယ်။ ကျနော် အမြဲဆုတောင်းတယ်။မြန်မာပြည်မှာကျန်ခဲ့တဲ့သူတွေ အမြန်ဆုံးကောင်းပါစေ။အဆင်ပြေပါစေ။ကျနော်တို့လဲ ကိုယ်မွေးခဲ့တဲ့ကြီးခဲ့တဲ့တိုင်းပြည်မှာပြန်နေချင်ပါတယ်။

မန္တလေးဂေဇက်အတွက်အချိန်ပေးပြီး မေးမြန်းသမျှစိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ အန်ကယ်ဟာဂျီဦးလှမောင် alias ဟာဂျီ Esoof Dwood Madhaကိုကျေးဇူးတင်ပါတယ်။

မှတ်ချက်။ ။ မန္တလေးဂေဇက် ၂၀၁၁ ဒီဇင်ဘာလထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။

18 comments

  • memeseku

    December 27, 2011 at 6:49 pm

    တော်တော်လေးကိုကောင်းပါတယ်…..
    အမိမြေကိုခွဲခွာခဲ.ရတဲ.မိသားစုရဲ.ဘဝသရုပ်ကိုခံစားရပါတယ်……

  • MaMa

    December 27, 2011 at 6:51 pm

    အောင်မြင်သွားတဲ့ လူတစ်ယောက်ဟာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်လာနိုင်ခဲ့လို့ဆိုတာကို မြင်သာစေပါတယ်။

    (ကျနော် အမြဲဆုတောင်းတယ်။ မြန်မာပြည်မှာကျန်ခဲ့တဲ့သူတွေ အမြန်ဆုံးကောင်းပါစေ။ အဆင်ပြေပါစေ။ ကျနော်တို့လဲ ကိုယ်မွေးခဲ့တဲ့ကြီးခဲ့တဲ့တိုင်းပြည်မှာ ပြန်နေချင်ပါတယ်။)

    ဆိုတဲ့ စကားလေး ကြားရတာ အတော့်ကို ကျေနပ်ပီတီ ဖြစ်သွားရပါတယ်။

    ဂုဏ်ယူပါတယ် ဟာဂျီဦးလှမောင်!

  • memeseku

    December 27, 2011 at 6:55 pm

    ဒီဆောင်းပါးလေးကိုဖတ်ရတော.နိုင်ငံရပ်ခြားမှာရှင်သန်နိုင်ခဲ.တဲ.စိတ်ဓါတ်ကိုအားကျမိတယ်…..
    တဖက်ကလဲအိ်မ်ပြန်ချင်စိတ်တွေတားမရဆီးမရပေါ.။

  • kai

    December 27, 2011 at 7:00 pm

    ဦးနေဝင်းတက်တော့.. ငွေရှင်သူဌေးတွေကို.. နှိပ်ကွပ်တယ်..။ လုပ်ငန်းတွေပြည်သူပိုင်သိမ်းတယ်..။
    စူဇကာစစ်ဆင်ရေးလုပ်တယ်.။
    အဲဒီခေတ်က…မြန်မာပြည်နဲ့.အရှေ့တောင်အာရှရဲ့..အကောင်းဆုံးဦးနှောက်နဲ့.. လုပ်ငန်းရှင်တွေ.. မြန်မာပြည်စွန့် ပြေးကြရသပေါ့…။

    အမှတ်မမှားရင်. အခု.. မြန်မာပြည်ကို.. ဝိပဿနာပြန်သွင်းပေးလိုက်တဲ့.. ဦးဂိုအင်ဂါ( ဗန္ဓုလစောင် )ပါတယ်..။
    ကျားဘမ်းသူဌေးပါတယ်.။

    အဲ..နောက်တခု..ပြောချင်တာလေးက..
    အပေါ်က..အန်ကယ်ဟာဂျီဦးလှမောင် ပြောသွားတဲ့အထဲက..ဦးတင်ထွဋ်ဆိုတာ.. သူ့စွပ်ကျယ်စက်တွေအသိမ်းခံရပေမဲ့.. မြန်မာပြည်ကို သံယောဇဉ်မကုန်လို့.. .. ပြန်သွားပြီး..အင်တာနက်မိတ်ဆက်လုပ်ပေးလိုက်တဲ့..သူတဦးရဲ့ ဖခင်ပဲ..။

    အင်း.. ၄နာရီခွဲပြီ.. အိပ်တော့မယ်..။ 👿

    • koyinmaung

      December 27, 2011 at 7:32 pm

      ငယ်ငယ်ကကျနော်အဖေလဲကုန်စုံရောင်းပါတယ်
      ဇူစကာစစ်ဆင်ရေးမှာဆိုင်မှာရှိတဲ့ကုန်တွေကိုချိတ်ပိတ်သွားပါတယ်
      တော်တော်နဲ့သိမ်းမသွားတဲ့အတွက်ကြက်သွန်နီ အားလူးလိုကုန်တွေ
      အားလုံးပုတ်ကုန်ပါတယ် ဘယ်သူမှအကျိုးမရှိတဲ့အလုပ်ကိုလုပ်သွားတာပါ
      လူလဲ၃လလောက်ထောင်ထဲမှာသွားနေရသေးတယ်
      စိတ်ပျက်စရာကောင်းတဲ့ဦးနေဝင်းအစိုးရပါ….

  • memeseku

    December 27, 2011 at 7:09 pm

    thanks for ur information

  • thit min

    December 27, 2011 at 7:15 pm

    သမတရုံပိုင်ရှင် ဦးကျောက်စိမ်းဆို ရှော့ခ်ရပြီးဆုံးရှာတယ်။
    ဘီတီဘရားသားက ဦးဘဦး၊ဦးဘတူတို့ညီအကိုတစု (ပလေးဘွိုင်းသန်းနိုင်၊ပုလဲ၊စိန်လွင်၊တင်မိုးခိုင်)တို့ရဲ့
    အဖေ၊ဦးလေးတွေ ရန်ကုန်က ဘီတီဘရားသားကော်ဖီစက်ရုံ နဲ့ မေမြို့က ကော်ဖီခြံတွေ အသိမ်းခံရတယ်။
    ကျားဘမ်းသူဌေး အော်ဘွန်ဟောင်း၊အော်ဘွန်ဝေါ်ညီအကိုတွေ စင်ကာပူရောက်သွားရရှာတယ်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~
    လမ်းရှောက်ပြီး ကျောင်းတက်နေရတဲ့ လခစားဗိုလ်ကြီးရဲ့ သမီးက သူ့အဖေပြည်သူပိုင်သိမ်းပြီး”လုယူလိုက်တဲ့”
    မော်တော်ကားပေါ်ကနေ မနေ့ကအထိအဲဒီကားကိုပိုင်ခဲ့ပြီး ဒီနေ့ကားမရှိတော့လို့လမ်းပေါ်မှာလမ်းရှောက်နေ
    ရရှာတဲ့ ပိုင်ရှင်သူဌေးရဲ့သမီးကို “ကားပေါ်ကနေ လှမ်းပြီး လက်ပြသတဲ့”။
    စဉ်းစားကြည့်။ ဘယ်လိုခံစားရမလဲ။ အမှန်တရားကိုဘဲတည့်တည့်ကြည့်။

  • memeseku

    December 27, 2011 at 7:55 pm

    အခုကျားဘမ်းသဌေးကsingaporeအရမ်းချမ်းသာပြီးsingaporeအစိုးရကိုအကျိုးပြုနေပြီလေ……
    အသုံးမကျတဲ့ဖြုတ်ဦးနှောက်သာသာလူတစ်ယောက်ရဲ.ကျေးဇူးတွေပေါ.။

  • inz@ghi

    December 27, 2011 at 8:27 pm

    ကျနော် ဘစ်ဇနက်စ် အက်ဒမင် စဖတ်ဖြစ်တော့ …
    သင်သမျှ ဆြာတွေ က …စကားစပ်တိုင်း …တညီတညွတ်ထဲ ….
    ငါတို့တိုင်းပြည်ကြီးကို စနစ်တကျ ဖျက်ဆီးသွားတဲ့ ပါပါကြီး ဦးနေဝင်း
    ဆိုပီး …နာကျည်းမှု အပြည့်နဲ့ ငေါ့တတ်ကြတယ်…

    ကျနော်ကလည်း ငယ်သူမို့ မသိပါပေါ့ သည်လူတွေ …အစိုးရမကောင်းကြောင်း တယ်ပြောပါလားပေါ့…
    တယောက်လည်း မဟုတ် ၂ယောက်လည်းမဟုတ်တော့ ..ဟုတ်သေးဘာဘူးလေ. ….ဆိုပီး
    စာရှာဖတ်ကြည့်တော့မှ အားလားလား …….အာမီဝေ့ …….အားယို့ယို့
    တွေ ဖစ်ကုန်တာပါပဲလားခညာ ….

    ဒါနဲ့ စကားမစပ် ..ဟိုတလောက လူ့အခွင့်အရေးအဖွဲ့တခုက မှတ်တမ်း ဗီဒီယို ကြည့်ရတယ်…
    ဂျာပွန် ဆပ်တိုက်တဲလ် နဲ့ ….. အဆိုပါ ပုဂ္ဂိုလ် အကောင်းဇား ဂျီးက တီဗီမှာ ထောင်မဘုဘူး
    တည့်တည့်ဘု မယ် ပြောဒါဂျီး တွေ့လိုက်ရသကိုးဗျာ …….

    ထှောက်ခ် ရှက်ထှာကွာ …..

  • ငပေါက်ဖော်

    December 27, 2011 at 8:49 pm

    အန်ကယ်ဟာဂျီဦးလှမောင် ပြောပြတာ..ဖတ်ရင်း…
    ဒေါ်သလဲထွက်၏..
    ဝမ်းလဲနဲ၏
    အားလဲကျ၏
    ပီတိလဲ ဖြစ်၏..
    ဝမ်းလဲသာ၏

  • windtalker

    December 27, 2011 at 9:10 pm

    ကျွန်တော်တို ့နိုင်ငံ က ဆုံးရှုံးခဲ့တဲ့ လူတော်တစ်ယောက် အကြောင်း ကို သိခွင့်ရလိုက်ပါတယ်

  • nigimi77

    December 27, 2011 at 10:59 pm

    သွပ်သွင်း နိုင်ငံရေး ၊ ဘာသာရေးက ရှိတယ် ။

    ကုလား ဘာညာ ။

    တရုပ် သာတကာ ။

    ဟို တိုင်းရင်းသား ဘုစု ။

    ဒီ တိုင်းရင်းသား ခရု ။

    နောက်ဆုံးတော့ လအု တောင်မှ ပုံပန်း မကျတာ

    ဘိုးဘေးဘီဘင် ငါ့ရှင် သခင် ဘဝင် လေဟပ်နေတဲ့

    အုတ်ရောရော ကျောက်ရောရော ဗမော ပရော ဗမာ တွေပဲ ။

  • pooch

    December 27, 2011 at 11:45 pm

    အကြောင်းကြောင့် အကျိုးဖြစ်ရတာဆိုသလိုပဲ ဒီနေ့ ဒီလိုတွေ ဖြစ်နေရခြင်းရဲ့ အကြောင်းတရားကလည်း စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို ……..တွေးလေတွေးလေ စိတ်နာလေပဲ…..
    ကျပ်မပြည့်တဲ့ လူတယောက်လက်ထဲကိုမှ တိုင်းပြည်ကလည်း ဇောက်ထိုးမိုးမျှော်ကျသွားရရှာတယ်…..

    ဒီလို ရေမြေခြားမှာ ကိုယ့်အမျိုးတွေ အောင်မြင်တယ်ဆိုတာ သိရတော့လည်း ဝမ်းသာမိပါတယ်…

  • ကြောင်ကြီး

    December 28, 2011 at 9:12 am

    ကြောင်ကြီးချမ်းသာတဲ့တနေ့ ဗမာ့အကြောင်း ကမာ္ဘက သိရစေမယ်ဟေ့…။

  • Shwe Tike Soe

    December 28, 2011 at 11:36 am

    ဒီပို.စ်လေးမှာ ကျွန်တော်တစ်ခုရလိုက်ပါတယ်… အလုပ်လုပ်တဲ့နေရာမှာ ကိုယ့်အထက်လူကြီးတွေနဲ. ထိပ်တိုက်မတွေ.နဲ.ဆိုတာလေးပေါ့.. ဆင်ဆင်ခြင်ခြင်နေရတာပေါ့.. ဗဟုသုတရတဲ့အတွက်ကျေးဇူးပါ….
    တိုင်းပြည်ကိုချစ်ပေမယ့် လဲ အခြေအနေမပေးလို. နေနေရတာနဲ.တူတယ်နော်…

  • Arkar11

    December 28, 2011 at 11:37 am

    အခုလို နိုင်ငံရပ်ခြားမှာ အောင်မြင်နေတဲ့မြန်မာလူမျိုးတွေရဲ့ အကြောင်းကိုသိခွင့်ရတဲ့အတွက် သူကြီးရေကျေးဇူးပဲ…အဲဒီလိုလူမျိုးတွေ (ဘယ်ဘာသာဝင်ဖြစ်ဖြစ်)မြန်မာပြည်ကို အခုထိချစ်နေတာတွေ့ရတော့ သူတို့တွေရဲ့စိတ်ဓါတ်ကိုလေးစားမိပါတယ်…
    ဖြစ်နိုင်ရင် ဒီလိုမျိုး ပိုစ့်တွေ နောက်ထပ်တင်ပေးပါအုံး….

    • nigimi77

      December 29, 2011 at 12:39 am

      @ Arkar11

      မြန်မာ လူမျိုး မဟုတ်ပါဘူး ။

      မြန်မာ နိုင်ငံသားတွေပါ ။

  • char too lan

    December 28, 2011 at 2:02 pm

    ၆) တိုင်းတပါးမှာအလုပ်လုပ်နေတဲ့မြန်မာလူငယ်တွကို အန်ကယ့်အတွေ့အကြုံအရဆောင်ရန်၊ရှောင်ရန် ဘာပြောချင်ပါလဲ။
    အလုပ်လုပ်နေတဲ့တိုင်းပြည်ရဲ့ပညာပိုင်းတွေအတုယူသင့်တယ်။ Mandagement တွေဘယ်လို handleလုပ်တယ်။ ရှောင်ရန်ကအဓိကက လုပ်ငန်းပိုင်းမှာ ဘယ်သူနဲ့မှထိပ်တိုက်မတွေ့ဖို့ပါပဲ။ supervisorမကောင်းတဲ့သူတွေရှိတယ်။ ကျနော်ကိုယ်တိုင်လဲခံခဲ့ရတယ်။ ဒါကိုမကျေနပ်တဲ့ဒေါသစိတ် ဆိုတာလူတိုင်းမှာရှိတယ်။ ဒါပေမယ့် ကိုယ်ကမခံနိုင်လို့ရန်ဖြစ်ပြီး နာမည်ပျက်နဲ့အလုပ်ထွက်လာရင်
    နောက်အလုပ်တခုမှာနစ်နာမယ်။ ဒီအလုပ်ကတခြားအလုပ်တခု ထပ်ပြောင်းရင် referenceပေးရတဲ့အခါ အဲဒီ့နာမည်ပျက်ပါသွားရင်နောက်အလုပ်မှာကိုယ်ပဲနစ်နာမယ်။
    ===================
    အဲ့ဒီသင်ခန်းစာက ခုခေတ်လူငယ်တွေများများဖတ်သင့်တယ် ဒီမှာနှစ်ရှည်လများ တက်ထားရတဲ့ ဘွဲ ့လက်မှတ်ကြီး အဟုတ်ကြီးမှတ် ဘာအလုပ်အတွေ ့အကြုံမှ မရှိဘဲနဲ့ သူများနိုင်ငံသွားချင်လိုက်တာလဲ တစ်ပိုင်းတင်မကဘူး တစ်ကိုယ်လုံးသေနေပီ ဟိုရောက်တော့အချိုးကမကျ အလုပ်မှာအဆင်မပြေ ဟိုရမ်းဒီရမ်းတွေလုပ် ကိုယ့်ဟာကိုအသုံးမကျတာကျတော့ ထုတ်မပြောကြဘူး အခုချိန်မှာ အဲ့လိုလူတွေများတယ်။ မှတ်သားသွားပါတယ်ဗျာ.. ကျေးဇူးပါ

Leave a Reply