သေခြင်း၏ နောက်တွင်
လူတွေ သေပြီးရင်းဘာဖြစ်ကြသလဲ?
လူတွေသေပြီးရင်ဘာဖြစ်ကြသလဲဆိုတာတော့  ကျွန်တော်လဲ အကြားအမြင်ပညာရှင်မဟုတ်လေတော့
သေချာစွာမသိပါ ဒါပေမယ့် လူတွေသေပြီးရင်တော့ ဘယ်လိုဖြစ်သလဲဆိုရင်  ….ဟုတ်ကဲ့
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
““ရှင်တို့အမေ အသက်မရှိတော့ဘူး””
ကျုပ်တို့ မျှော်လင့်ပြီးသား အကြောင်းအရာတစ်ခုပါပဲ  ဒီလိုစကားမျိုးကိုကြားရဘို့အတွက် မဟာမြိုင်ဆေးရုံ
ဒီလူနာဆောင် အခန်းထဲမှာ  ညနေ (၈း၀၀)နာရီထဲက ရောက်ရှိနေခဲ့ကြတာပေါ့..
ရုတ်တရက် လူ့လောက က ထွက်ခွာဘို့ ဖြစ်ပေါ်လာခဲ့တာပဲလေ  ညိမ်သက်တဲ့  ၀င်သက်ထွက်သက်
ရှုသွင်း ရှုထုတ်သံတစ်ခုနဲ့  အသံနေအသံထားမှန်မှန်  ရွတ်ဖတ်နေတဲ့ ဓမ္မစင်္ကြာ သုတ် ရွတ်ဆိုသံတို့ဟာ
နောက်ဆုံး ခရီးကိုထွက်ခွာလုဆဲဆဲ  မိခင်ကြီးကို အထောက်အကူရလိုရငြားေ၀၀ါး စွာ ပေါ်ထွက်နေပါတယ်
နံနက်လင်အားကြီး (၄း၂၅)မိနစ်အချိန်မှာမှာတော့ မိခင်ကြီးဟာ ကျုပ်တို့မမြင်နိုင် မမှန်းဆနိုင်တဲ့ လမ်းကြီး
ဒါမှမဟုတ် အမှီအတွယ် တစ်ခုခုရှိရာကို ညိမ်သက်ချုပ်ပျောက် ထွက်ခွာလားရောက်လို့ သွားချိန်မှာတော့
စောစောကရွတ်ဆိုနေတဲ့ တရားသံတွေအစား ငိုရှိုက်သံများသာ ဆေးရုံအခန်းကျဉ်းလေးဆီမှ
ပေါ်ထွက်ကြီးစိုးလို့ နေပါတယ် …
ကျုပ်လဲ မိခင်ကြီးရုပ်ခန္တာကြီးကိုနောက်ဆုံး ကန်တော့ခြင်းနဲ့ ကန်တော့လိုက်မိပါတော့တယ်…
““ဒီမှာရှင့် ရှင်တို့အမေ ဆုံးပြီး ငိုမနေနဲ့ မနက်လင်းရင်းဆရာဝန်ကြီးကပြန်မှာ သေစာရင်းလက်မှတ်လာ
ထုတ်ပါနော်””
““အော်ဟုတ်ကဲ့ပါခင်ဗျ””
ကျုပ်ငူတူတူရပ်နေမိသေးတယ် ဗျ  ဒါပေမယ့် ဒီ ဆရာဝန်လားနပ်(စ်) မလား သူပြောတဲ့နောက် လိုက်သွားလိုက်ရတယ် ငိုနေလို့အပိုပဲလေ ဟုတ်တာပေါ့   ဆေးရုံအောက်ဆုံးထပ်က ငွေးရှင်းကောင်တာလေးနားရောက်မှ ပဲ..
““ခဏစောင့်ပါ ဆရာဝန်ကြီးလက်မှတ်ထိုးနေတယ် သေဆုံးကြောင်းထောက်ခံစာရရင်ပေးမယ်နော် …အော်
ဆေးဖိုးနဲ့အခန်းခတွေရှင်းရမယ်နော်..အိပ်ယာခင်းစောင်ခြင်ထောင်တွေလဲ အကုန်သေသူနဲ့အတူထည့်ပေး
လိုက်မှာပါ..ဒါကြောင်းအဲဒီ ဟာဖိုးတွေပါ…..””
အော်ဒီလိုကိုယ်ဗျ  ကျုပ်လဲ ခပ်မြန်မြန်
““ဟာ…ရပါတယ်အကုန်ရှင်းပေးပါ့မယ်””
ဆေးဘိုးတွေ အိပ်ယာအသုံးအဆောင်ခတွေရှင်းပေးပြီးတယ်ဆိုရင်ပဲ ကျုပ်လဲ အမေရှိတဲ့ ရုပ်ကလပ်ကြီးထားရာ လူနာခန်းအပေါ်ထပ်ကိုပြန်တက်လာလိုက်တယ်  ကျုပ်ရောက်တော့ ကုလားလူမျိုးနှစ်
ယောက်ကရောက်နေပြီလေ သူတိုက အမေရဲ့ရုပ်ကလပ်ကြီးကို အခင်းတွေ စောင်တွေနဲ့ပတ်ပြီး သယ်ဖို့
ပြင်နေကြပြီ..
““ဘယ်ကိုသယ်ပြီးပြောင်းထားမှာလဲဗျ””
““ အောက်ဆုံးထပ်က အအေးခန်းမှာပါ အကို   သေဆုံးကြောင်းထောက်ခံစာရရင် သေစာရင်းလုပ်ပြီးလာသယ်ပါ””
““ကျုပ်က..အမေ့ကိုဘယ်ကိုထပ်သယ်ရမှာလဲဗျ””
““ထိန်ပင်ကိုလေဗျာ ထိန်ပင်အအေးတိုက်ကို ””
““အော်..ဟုတ်ကဲ့””
ဒီကုလားတွေ အမေ့ကို အ၀တ်အခင်းစတွေနဲ့ထုပ်ပတ်နေလိုက်တာများဖြည်းဖြည်းသက်သာမလုပ်ကြဘူး
ဟောသူတို့ ယူလာတဲ့ တံပိုးကြီးနဲ့လျှိုပြီး ထမ်းသွားကြပြီ…ကျုပ်လဲ အမေ့ ကိုသယ်သွားတဲ့သူတို့နောက်က
ခပ်သွက်သွက်ဆင်းလိုက်လာခဲ့လိုက်တယ်..အောက်ထပ်ရောက်လို့ အအေးတိုက်ထဲအထည့်မှာ အအေး
တိုက်စောင့်ဝန်ထမ်းက
““ကျွန်တော်တို့ အအေးတိုက်က သာမန် အဲယားကွန်းခန်းမို့လို့ နေလည် (၁၂း၀၀)နာရီ မတိုင်ခင် အလောင်းလာထုတ်ပေးပါ နော်””
ဟုတ်ကဲပဲပေါ့ ကျုပ်လဲ သေဆုံးကြောင်းထောက်ခံစာယူဘို့ ငွေရှင်းကောင်တာကိုပြန်သွားလိုက်တယ်
ကောင်တာရောက်တော့ ထောက်ခံစာကရနေပြီး ထောက်ခံစာကို သေချာအိတ်ထဲထည့်ပြီး  ဆေးရုံအပြင်ဘက် ထွက်လိုက်တော့ မိုးတောင်စင်စင်လင်းနေပါပေါ့…
“““အော် အမေ ဒီဆေးရုံထဲမှာခဏနေရစ်ပါလေ …သား(၁၂း၀၀) မထိုးခင် အမေ့ကိုပြန်လာခေါ်ပါမယ်ဗျာ…””
အိမ်ကိုမြန်မြန် ပြန်ပြေးဘို့ တက္ကစီတစ်စီးတားလိုက်တယ်  တက္ကစီပေါ်မှာ အတွေးတွေ က ဘာဆက်လုပ်ရမှာပါလိမ်  ဒုက္ခပဲ …..
အင်းအမေ့ကို သူတို့ပြောတဲ့  အချိန်မတိုင်ခင်ထုတ်နိုင်ဘို့တော့  လုပ်ရမှာပဲလေ  တော်ကြာ မထုတ်နိုင်ရင်  ဘာဖြစ်မယ်ကသိတာမဟုတ်ဘူးဗျ…တွေးရင်တွေးရင် တညလုံးမအိပ်ရသေးတာကြောင့်
မူးနောက်နေတဲ့ခေါင်းကိုအကြိမ်ကြိမ် ပြန်မတ်ရင်
အိမ်ရောက်တော့  ဘီရိုဖွင့် သန်းခေါင်စာရင်းတွေရှာအမေ့မှတ်ပုံတင်တွေရှာ  ဒါတွေ မိတ္တူကူးဘို့
မိတ္တူဆိုင်ကိုပြေးရအုံးမယ် အဲဒီမသွားခင် အိမ်မှာ ကုလားဖျင်းထိုးဘို့ ရပ်ကွက်ထဲက
လူမှုရေးကူညီတတ်တဲ့သူတစ်ယောက်ကိုအကူညီတောင်း    ပိုက်ဆံပေးခဲ့ပြီး
ညီတော်မောင်ကိုပါ အိမ်မှာနေဘို့ ပြောရင် မိတ္တူဆိုင်ပြေးခဲ့ရတယ် မိတ္တူကူးပြီးတော့  ရပ်ကွက်ရုံးကို
ပြေးရပြန်ရောဗျို့    ရပ်ကွက်ရုံးရောက်တော့   ထောက်ခံစာပေးမယ့် လူကြီးကမရှိသေး
ပြဿနာတော့ တက်ပြီ…….
အချိန်မမှီရင်ဒုက္ခပဲ    ရုံးထဲက လမ်းလူကြီးတစ်ယောက် ညွှန်ပြမှုကြောင့်    ရပ်ကွက်လူကြီးအိမ်ကို
လိုက်ရပြန်ရောဗျို့ တော်ပါသေးရဲ လူကြီးကိုအဆင်သင့် အိမ်မှာတွေ့ရလို့ အကျိုးအကြောင်းလူကြီးကိုပြောပြပြီး ထောက်ခံစာလုပ်ခဲ့ရတယ် ရပ်ကွက်လူကြီးအိမ်ကထွက်တော့ ဆယ်နာရီ…….
တက္ကစီငှားပြီး မြိုနယ် ဒေသန္ဒ ဆေးရုံရှိရာ ဆက်ပြီးလစ်ရပြန်တာပဲလေ အမေတော့ ဟိုဆေးရုံမှာ ဘယ်လိုနေတယ်မသိ ကျုပ်ကတော့ ချာလပတ်လယ်နေပြီလေ ..
ဒေသန္ဒ ရောက်တော့ ဆရာမလေးတွေ မရောက်သေးလို့ ခဏစောင့်နေလိုက်ရသေးတယ် လက်ကနာရီက
ဆယ်နာရီခွဲကို ပြနေပြီး မြန်မြန်လာကြပေါတော့ ဆယ်ငါးမိနစ်လောက်ကြာတော့ မှ ဆရာမလေးတွေရောက်လာကြတယ် ကျုပ်လဲ ရပ်ကွက်ထောက်ခံစာ ဆေးရုံထောက်ခံစာ တွေထုတ်ပြ
သေးဆုံးကြောင်းနဲ့ သင်္ချိုင်းလွဲခွင့်လာထုတ်တာပါပြောရတာပေါ့
““ဆရာဝန်ကြီးလက်မှတ်ထိုးဖို့ဆိုရင်တော့ ဆရာဝန်ကြီးမလာသေးဘူရှင့် ခဏစောင့်ရမယ်””
““ဟာ…အခုအဆင်ပြေအောင်လုပ်ပေးလို့မရဘူးလားဗျာ ..နေ့လယ် အမှီ
အလောင်းပြန်ထုတ်ပေးရမှာမိုလို့ပါ””
““ခဏ..နော် လက်မှတ်ကြိုထိုးထားတာရှိလားကြည့်ပေးမယ် ရှိရင်တော့ရမယ်””
အောင်မလေး ကျေးဇူးကြီးလှပါတယ်ဗျာ သူတို့ရှာနေတာတွေကျုပ်လဲ ရင်တမမနဲ့ လိုက်ကြည့်နေမိတယ်လေ
““တွေ့ပြီတွေပြီ””
ဆရာမလေးရဲ ပြောလိုက်တဲ့အသံဟာ တစ်သက်နဲ့တစ်ကိုယ် ကြားဖူးသမျှ နားဝင်အချိုဆုံးပဲလို့ ထင်မိပါ
တယ် သူတော့ မသိ ကျုပ်တော့ ပျော်လိုက်တာ မပြောပါနဲ့တော့…
ကျုပ်လဲ ဆရာမလေးပေးလိုက်တဲ့ သင်္ချိုင်းလွဲခွင့်လက်မှတ်လေးကိုင်ပြီ အိမ်ကိုတစ်ခါပြန်ပြေးရတယ်လေ
ဟုတ်တယ်လေဗျာ အမေ့အလောင်းထုတ်ဖို့ ဘယ်ကားနဲ့တင်မှာလဲ အလောင်းတင်ကားခေါ်ရအုံးမှာလေ
ကျုပ်ကအလောင်းတင်ကားဘယ်လိုခေါ်ရမှန်းမှမသိတာ အိမ်ရောက်တော့….ရပ်ကွက်နာရေးကူညီမှုအသင်းလူကြီးဆီ သွားပြီး အလောင်းတင်ကားခေါ်မည့်အကြောင်း  ပြောတော့ ဒီလူကြီးက အားတက်သရောပါပဲ
““ခဏစောင့်သားလေးအဘ ဖုန်းဆက်ပေးမယ်””
သူဖုန်းဆက်နေတာကိုခဏစောင့်နေလိုက်တယ် ခဏနေတော့
““ရပြီ သားရေ မင်းဆေးရုံကိုသာ  သွားတော့ သူတို့သယ်ဘို့ ထွက်လာကြပြီ ထိန်ပင်ပဲမှတ်လား””
““ဟုတ်ကဲ့ အဘ  ထိန်ပင်ပါပဲ””
““အေးအေး သွားစောင့်နှင့် ဆေးရုံမှာ ထောက်ခံစာတွေပါရဲ့ မဟုတ်လား အရေးကြီးတယ်နော
မပျောက်စေနဲ့ကြားလား..””
““ဟုတ်အဘ ””
အသင်းလူကြီးအိမ်ကထွက်တယ်ဆိုရင်ပဲ ကျုပ်လဲ တွေရာတက္ကစီငှားပြီး မဟာမြိုင်ဆေးရုံကို ထွက်လာလိုက်တယ်…ကားသမားကိုလဲ မြန်မြန်မောင်ဘို့ပြောရတယ် တော်ကြာ အလောင်းတင်ကားက
စောရောက်နေရင် အလောင်းပိုင်ရှင်မလာသေးလို့     မထုတ်ပေးပဲစောင့်နေရအုံးမယ်လေ
ဆေးရုံရောက်တော့    ကျုပ်နဲ့ရှေ့ဆင့် နောက်ဆင့်ပဲ     အလောင်းတင်ကားရောက်လာတယ်
သူတို့ရောက်တာနဲ့    အအေးတိုက်ကလူကို   အလောင်းအမည်ပြော   လက်မှတ်ထုတ်ပြပြီး အလောင်းရှာရတယ်
သိပ်တော့မရှာရပါဘူး ညက ဆုံးတဲ့လူက   သုံးဦးလားပဲရှိတော့လွယ်လွယ်ပဲ   အမေ့ ကိုရှာတွေလိုက်တယ်
အလောင်းတင်ကားနဲ့အတူပါသူတွေ    အမေ့အလောင်းကိုဝိုင်းတင်ပေးကြတယ်လေ
ကျုပ်လဲ အမေ့ကိုခေါ်ဆောင်သွားမယ့်    အလာင်းတင်ကားနဲ့အတူ ထိန်ပင်သုဿန်ကို တစ်ပါတည်း
လိုက်ခဲ့ရတော့တယ် …
ဟောထိန်ပင်ရောက်ပြီ ..
ကားဖင်ထိုးလိုက်တာနဲ့ အလောင်းသယ်မယ်သူတွေ က အမေ့အလောင်းကို ကားထဲက သယ်ထုတ်သွားကြတယ်လေ ကျုပ်ကတော့ယောင်နနနဲ့ လိုက်ကြည့်နေမိသေးတယ်
နောက်နားက ကားဆရာသတိပေးမှ သတိဝင်လာမိတယ်
““ညီလေ..ရုံးထဲသွားပြီး  သေစာရင်းပြလိုက်  သူတို့လုပ်ပေးလိပ်မယ်””
““အော်…ဟုတ်..ဟုတ်ကဲ့ခင်ဗျ””
ရုံးထဲကိုဝင်သွားလိုက်တော့ စည်ပင်ဝန်ထမ်းတွေက သေးစာရင်းကိုသိမ်းပြီး အလောင်းကို လက်ခံရရှိကြောင်း နဲ့  မီးသဂြိုလ်ဖို့ သင်္ချိုင်းလက်မှတ် ထုတ်ပေးလိုက်တဲ့အပြင် ..
““ညီလေးခန်းမငှားမှာလား””
““ခန်းမငှားတယ်ဆိုတာ ဘာလဲအကို””
““လာလာ အကိုလိုက်ပြမယ်””
““သူခေါ်ရာလိုက်လာတော့မှသဘောပေါက်တော့တယ်
““ဒါကခန်းမကျယ် ဘုန်းကြီးတွေ သရဏဂုံ တင်ဘိုနဲ့ လူတွေထိုင်ဘို့ပေါ့..ဟိုဘက်ကခန်းမအကျဉ်း..
သူ့ဈေးနဲ့သူပဲ ကုလားထိုင်ကော ဘယ်လောက်ယူမှာလဲ အားလုံးနာရီနဲ့ ငှားတာပဲကွ””
ကျုပ်လဲ သင့်တော်ရာခန်းမအကျယ် ငှားလိုက်တယ် အားလုံငွေကြေး ပေးချေပြီးမှ ထိန်ပင်အဆောက်အဦး
ထဲက အပြင်ကိုထွက်လိုက်တော့    အလောင်းတင်ကားမောင်းတဲ့    စောစောက ကားဆရာကိုတွေ့လိုက်ရတယ်
သူက ရုံးရဲ့အပြင်အစပ်က    သစ်ပင်တန်းလေးက အခေါင်းတွေ ရောင်းတဲ့ ဆိုင်မှာရေနွေးသောက်
နေတာကြောင့် ကျုပ်လဲအမေ့အလောင်းအပ်ပြီးလို့    စိတ်ကိုဒုံးဒုံးချကာ သူဆီလျှောက်သွားလိုက်မိပါတယ်
““ညီလေးလာထိုင်””
““မင်းခန်မငှားလိုက်လား””
““ငှားတယ်အကို””
““ဘုန်းကြီးကော ပင့်ပြီးပလား””
““မပင့်ရသေးဘူးလေဗျာ..””
““ဟာဒါဆိုအတော်ပဲ.. ဒီဆိုင်မှာအကုန်စီစဉ်ပေးတယ်ကွ ခဏလေး…အမရေ အမ ””
သူလှမ်းခေါ်လိုက်တော့ အခေါင်းဆိုင်လေးထဲက မိန်းမတစ်ယောက်ထွက်လာပါတယ်
““အမ သူက အသုဘအတွက် အပ်မလို့တဲ””
ကျုပ်လဲ ..
““အမရယ် ဘုန်ကြီးလဲ ပင့်ခြင်တယ်   မှန်ခေါင်းတွေဘာတွေနဲ့လဲ သေချာလေးလုပ်ခြင်တယ် စီစဉ်ပေးစမ်း
ပါဗျာ””
““ငါ့မောင်စိတ်ချ အသုဘ ဘယ်ချိန်လဲ””
““ နေ့လယ် တစ်နာရီဗျ မနက်ဖန်ပေါ့””
““အားလုံးစီစဉ်ပေးမယ်…ရဟန်းအမဆိုရင် ရွှေထီးပါမိုးပေးမယ် ..ဘုန်းကြီးပင့်ပေးမယ်..ဘုန်းကြီးကန်တော့
ပွဲပြင်ပေးမယ် ..မောင်လေးတို့သပ်သပ်လှူခြင်လဲ ယူလာပေါ့ ရတယ် ငါ့မောင် အချိန်အတိုင်း အလောင်းသာ
လာထုတ်ပေး အမတို့ လိုတာအကုန်ပြင်ပေးမယ်..ပြင်တဲ့အချိန်ငါ့မောင် မကြိုက်တာပါရင်ချက်ချင်းပြော
ပြင်ပေးမယ်နော်  ပိုက်ဆံကတော့ စုစုပေါင်း%$@* ””
အားလုံးစီစဉ်ပြီးချိန်မှာတော့ ကျုပ်လက်ကနာရီက ညနေ (၆)နာရီကျော်လို့ နေပါပြီး ကျုပ်အိမ်ကို တက္ကစီငှား
ပြီးပြန်လာလိုက်တယ် …အင်း..မနက်ကျမှပဲ အသုဘပို့ဖို့ ဘီအမ်းကားကြီးတွေ ဘယ်နှစ်စီးလောက်ငှားရ
မယ်ဆိုတာရယ် ရောက်ရောက်ချင်း ဖိတ်စာနဲ့ ယပ်တောင် စာစီဖို့ ကွန်ပြူတာနဲ့ ဖိတ်စာဆိုင် ကို အရင်သွား
ရအုံးတော့မှာပဲ…ဒါတွေလဲ ချောချောမောမော အဆင်ပြေပါစေလို့ဆုတောင်ရင်းနဲ့……။။။။။။
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
ကဲဘယ် မလဲ မိတ်ဆွေ  သေခြင်းရဲ့ နောက် ဒုတိယနေ့ ..ကျုပ်ငိုရမယ့်အချိန် ပူဆွေးသောက ရောက်ရမယ့်အချိန် တတိယနေ့ ကိုမရောက်သေးဘူးလေ…ဟုတ်တယ် ကျုပ်လဲ ဒီချိန်ထိ တစ်မှေးမှ
မမှေးရသေးတာကြောင့် တတိယနေ့အတွက် တွေးတောပူပန်ရင်း ….
အင်း…………………….သေခြင်းရဲနောက်မှာကတော့
*********လေးနှစ်မြောက် မိခင်ကြီးရဲ့ ဘ၀ခရီးထွက်ခွာခြင်းအမှတ်တရ*********
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com