“သေခြင်း၏..နောက်တွင်”

သေခြင်း၏ နောက်တွင်
လူတွေ သေပြီးရင်းဘာဖြစ်ကြသလဲ?
လူတွေသေပြီးရင်ဘာဖြစ်ကြသလဲဆိုတာတော့  ကျွန်တော်လဲ အကြားအမြင်ပညာရှင်မဟုတ်လေတော့
သေချာစွာမသိပါ ဒါပေမယ့် လူတွေသေပြီးရင်တော့ ဘယ်လိုဖြစ်သလဲဆိုရင်  ….ဟုတ်ကဲ့
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
““ရှင်တို့အမေ အသက်မရှိတော့ဘူး””
ကျုပ်တို့ မျှော်လင့်ပြီးသား အကြောင်းအရာတစ်ခုပါပဲ  ဒီလိုစကားမျိုးကိုကြားရဘို့အတွက် မဟာမြိုင်ဆေးရုံ
ဒီလူနာဆောင် အခန်းထဲမှာ  ညနေ (၈းဝ၀)နာရီထဲက ရောက်ရှိနေခဲ့ကြတာပေါ့..
ရုတ်တရက် လူ့လောက က ထွက်ခွာဘို့ ဖြစ်ပေါ်လာခဲ့တာပဲလေ  ညိမ်သက်တဲ့  ဝင်သက်ထွက်သက်
ရှုသွင်း ရှုထုတ်သံတစ်ခုနဲ့  အသံနေအသံထားမှန်မှန်  ရွတ်ဖတ်နေတဲ့ ဓမ္မစင်္ကြာ သုတ် ရွတ်ဆိုသံတို့ဟာ
နောက်ဆုံး ခရီးကိုထွက်ခွာလုဆဲဆဲ  မိခင်ကြီးကို အထောက်အကူရလိုရငြား ဝေဝါး စွာ ပေါ်ထွက်နေပါတယ်
နံနက်လင်အားကြီး (၄း၂၅)မိနစ်အချိန်မှာမှာတော့ မိခင်ကြီးဟာ ကျုပ်တို့မမြင်နိုင် မမှန်းဆနိုင်တဲ့ လမ်းကြီး
ဒါမှမဟုတ် အမှီအတွယ် တစ်ခုခုရှိရာကို ညိမ်သက်ချုပ်ပျောက် ထွက်ခွာလားရောက်လို့ သွားချိန်မှာတော့
စောစောကရွတ်ဆိုနေတဲ့ တရားသံတွေအစား ငိုရှိုက်သံများသာ ဆေးရုံအခန်းကျဉ်းလေးဆီမှ
ပေါ်ထွက်ကြီးစိုးလို့ နေပါတယ် …
ကျုပ်လဲ မိခင်ကြီးရုပ်ခန္တာကြီးကိုနောက်ဆုံး ကန်တော့ခြင်းနဲ့ ကန်တော့လိုက်မိပါတော့တယ်…
““ဒီမှာရှင့် ရှင်တို့အမေ ဆုံးပြီး ငိုမနေနဲ့ မနက်လင်းရင်းဆရာဝန်ကြီးကပြန်မှာ သေစာရင်းလက်မှတ်လာ
ထုတ်ပါနော်””
““အော်ဟုတ်ကဲ့ပါခင်ဗျ””
ကျုပ်ငူတူတူရပ်နေမိသေးတယ် ဗျ  ဒါပေမယ့် ဒီ ဆရာဝန်လားနပ်(စ်) မလား သူပြောတဲ့နောက် လိုက်သွားလိုက်ရတယ် ငိုနေလို့အပိုပဲလေ ဟုတ်တာပေါ့   ဆေးရုံအောက်ဆုံးထပ်က ငွေးရှင်းကောင်တာလေးနားရောက်မှ ပဲ..
““ခဏစောင့်ပါ ဆရာဝန်ကြီးလက်မှတ်ထိုးနေတယ် သေဆုံးကြောင်းထောက်ခံစာရရင်ပေးမယ်နော် …အော်
ဆေးဖိုးနဲ့အခန်းခတွေရှင်းရမယ်နော်..အိပ်ယာခင်းစောင်ခြင်ထောင်တွေလဲ အကုန်သေသူနဲ့အတူထည့်ပေး
လိုက်မှာပါ..ဒါကြောင်းအဲဒီ ဟာဖိုးတွေပါ…..””
အော်ဒီလိုကိုယ်ဗျ  ကျုပ်လဲ ခပ်မြန်မြန်
““ဟာ…ရပါတယ်အကုန်ရှင်းပေးပါ့မယ်””
ဆေးဘိုးတွေ အိပ်ယာအသုံးအဆောင်ခတွေရှင်းပေးပြီးတယ်ဆိုရင်ပဲ ကျုပ်လဲ အမေရှိတဲ့ ရုပ်ကလပ်ကြီးထားရာ လူနာခန်းအပေါ်ထပ်ကိုပြန်တက်လာလိုက်တယ်  ကျုပ်ရောက်တော့ ကုလားလူမျိုးနှစ်
ယောက်ကရောက်နေပြီလေ သူတိုက အမေရဲ့ရုပ်ကလပ်ကြီးကို အခင်းတွေ စောင်တွေနဲ့ပတ်ပြီး သယ်ဖို့
ပြင်နေကြပြီ..
““ဘယ်ကိုသယ်ပြီးပြောင်းထားမှာလဲဗျ””
““ အောက်ဆုံးထပ်က အအေးခန်းမှာပါ အကို   သေဆုံးကြောင်းထောက်ခံစာရရင် သေစာရင်းလုပ်ပြီးလာသယ်ပါ””
““ကျုပ်က..အမေ့ကိုဘယ်ကိုထပ်သယ်ရမှာလဲဗျ””
““ထိန်ပင်ကိုလေဗျာ ထိန်ပင်အအေးတိုက်ကို ””
““အော်..ဟုတ်ကဲ့””
ဒီကုလားတွေ အမေ့ကို အဝတ်အခင်းစတွေနဲ့ထုပ်ပတ်နေလိုက်တာများဖြည်းဖြည်းသက်သာမလုပ်ကြဘူး
ဟောသူတို့ ယူလာတဲ့ တံပိုးကြီးနဲ့လျှိုပြီး ထမ်းသွားကြပြီ…ကျုပ်လဲ အမေ့ ကိုသယ်သွားတဲ့သူတို့နောက်က
ခပ်သွက်သွက်ဆင်းလိုက်လာခဲ့လိုက်တယ်..အောက်ထပ်ရောက်လို့ အအေးတိုက်ထဲအထည့်မှာ အအေး
တိုက်စောင့်ဝန်ထမ်းက
““ကျွန်တော်တို့ အအေးတိုက်က သာမန် အဲယားကွန်းခန်းမို့လို့ နေလည် (၁၂းဝ၀)နာရီ မတိုင်ခင် အလောင်းလာထုတ်ပေးပါ နော်””
ဟုတ်ကဲပဲပေါ့ ကျုပ်လဲ သေဆုံးကြောင်းထောက်ခံစာယူဘို့ ငွေရှင်းကောင်တာကိုပြန်သွားလိုက်တယ်
ကောင်တာရောက်တော့ ထောက်ခံစာကရနေပြီး ထောက်ခံစာကို သေချာအိတ်ထဲထည့်ပြီး  ဆေးရုံအပြင်ဘက် ထွက်လိုက်တော့ မိုးတောင်စင်စင်လင်းနေပါပေါ့…
“““အော် အမေ ဒီဆေးရုံထဲမှာခဏနေရစ်ပါလေ …သား(၁၂းဝ၀) မထိုးခင် အမေ့ကိုပြန်လာခေါ်ပါမယ်ဗျာ…””
အိမ်ကိုမြန်မြန် ပြန်ပြေးဘို့ တက္ကစီတစ်စီးတားလိုက်တယ်  တက္ကစီပေါ်မှာ အတွေးတွေ က ဘာဆက်လုပ်ရမှာပါလိမ်  ဒုက္ခပဲ …..
အင်းအမေ့ကို သူတို့ပြောတဲ့  အချိန်မတိုင်ခင်ထုတ်နိုင်ဘို့တော့  လုပ်ရမှာပဲလေ  တော်ကြာ မထုတ်နိုင်ရင်  ဘာဖြစ်မယ်ကသိတာမဟုတ်ဘူးဗျ…တွေးရင်တွေးရင် တညလုံးမအိပ်ရသေးတာကြောင့်
မူးနောက်နေတဲ့ခေါင်းကိုအကြိမ်ကြိမ် ပြန်မတ်ရင်
အိမ်ရောက်တော့  ဘီရိုဖွင့် သန်းခေါင်စာရင်းတွေရှာအမေ့မှတ်ပုံတင်တွေရှာ  ဒါတွေ မိတ္တူကူးဘို့
မိတ္တူဆိုင်ကိုပြေးရအုံးမယ် အဲဒီမသွားခင် အိမ်မှာ ကုလားဖျင်းထိုးဘို့ ရပ်ကွက်ထဲက
လူမှုရေးကူညီတတ်တဲ့သူတစ်ယောက်ကိုအကူညီတောင်း    ပိုက်ဆံပေးခဲ့ပြီး
ညီတော်မောင်ကိုပါ အိမ်မှာနေဘို့ ပြောရင် မိတ္တူဆိုင်ပြေးခဲ့ရတယ် မိတ္တူကူးပြီးတော့  ရပ်ကွက်ရုံးကို
ပြေးရပြန်ရောဗျို့    ရပ်ကွက်ရုံးရောက်တော့   ထောက်ခံစာပေးမယ့် လူကြီးကမရှိသေး
ပြဿနာတော့ တက်ပြီ…….
အချိန်မမှီရင်ဒုက္ခပဲ    ရုံးထဲက လမ်းလူကြီးတစ်ယောက် ညွှန်ပြမှုကြောင့်    ရပ်ကွက်လူကြီးအိမ်ကို
လိုက်ရပြန်ရောဗျို့ တော်ပါသေးရဲ လူကြီးကိုအဆင်သင့် အိမ်မှာတွေ့ရလို့ အကျိုးအကြောင်းလူကြီးကိုပြောပြပြီး ထောက်ခံစာလုပ်ခဲ့ရတယ် ရပ်ကွက်လူကြီးအိမ်ကထွက်တော့ ဆယ်နာရီ…….
တက္ကစီငှားပြီး မြိုနယ် ဒေသန္ဒ ဆေးရုံရှိရာ ဆက်ပြီးလစ်ရပြန်တာပဲလေ အမေတော့ ဟိုဆေးရုံမှာ ဘယ်လိုနေတယ်မသိ ကျုပ်ကတော့ ချာလပတ်လယ်နေပြီလေ ..
ဒေသန္ဒ ရောက်တော့ ဆရာမလေးတွေ မရောက်သေးလို့ ခဏစောင့်နေလိုက်ရသေးတယ် လက်ကနာရီက
ဆယ်နာရီခွဲကို ပြနေပြီး မြန်မြန်လာကြပေါတော့ ဆယ်ငါးမိနစ်လောက်ကြာတော့ မှ ဆရာမလေးတွေရောက်လာကြတယ် ကျုပ်လဲ ရပ်ကွက်ထောက်ခံစာ ဆေးရုံထောက်ခံစာ တွေထုတ်ပြ
သေးဆုံးကြောင်းနဲ့ သင်္ချိုင်းလွဲခွင့်လာထုတ်တာပါပြောရတာပေါ့
““ဆရာဝန်ကြီးလက်မှတ်ထိုးဖို့ဆိုရင်တော့ ဆရာဝန်ကြီးမလာသေးဘူရှင့် ခဏစောင့်ရမယ်””
““ဟာ…အခုအဆင်ပြေအောင်လုပ်ပေးလို့မရဘူးလားဗျာ ..နေ့လယ် အမှီ
အလောင်းပြန်ထုတ်ပေးရမှာမိုလို့ပါ””
““ခဏ..နော် လက်မှတ်ကြိုထိုးထားတာရှိလားကြည့်ပေးမယ် ရှိရင်တော့ရမယ်””
အောင်မလေး ကျေးဇူးကြီးလှပါတယ်ဗျာ သူတို့ရှာနေတာတွေကျုပ်လဲ ရင်တမမနဲ့ လိုက်ကြည့်နေမိတယ်လေ
““တွေ့ပြီတွေပြီ””
ဆရာမလေးရဲ ပြောလိုက်တဲ့အသံဟာ တစ်သက်နဲ့တစ်ကိုယ် ကြားဖူးသမျှ နားဝင်အချိုဆုံးပဲလို့ ထင်မိပါ
တယ် သူတော့ မသိ ကျုပ်တော့ ပျော်လိုက်တာ မပြောပါနဲ့တော့…
ကျုပ်လဲ ဆရာမလေးပေးလိုက်တဲ့ သင်္ချိုင်းလွဲခွင့်လက်မှတ်လေးကိုင်ပြီ အိမ်ကိုတစ်ခါပြန်ပြေးရတယ်လေ
ဟုတ်တယ်လေဗျာ အမေ့အလောင်းထုတ်ဖို့ ဘယ်ကားနဲ့တင်မှာလဲ အလောင်းတင်ကားခေါ်ရအုံးမှာလေ
ကျုပ်ကအလောင်းတင်ကားဘယ်လိုခေါ်ရမှန်းမှမသိတာ အိမ်ရောက်တော့….ရပ်ကွက်နာရေးကူညီမှုအသင်းလူကြီးဆီ သွားပြီး အလောင်းတင်ကားခေါ်မည့်အကြောင်း  ပြောတော့ ဒီလူကြီးက အားတက်သရောပါပဲ
““ခဏစောင့်သားလေးအဘ ဖုန်းဆက်ပေးမယ်””
သူဖုန်းဆက်နေတာကိုခဏစောင့်နေလိုက်တယ် ခဏနေတော့
““ရပြီ သားရေ မင်းဆေးရုံကိုသာ  သွားတော့ သူတို့သယ်ဘို့ ထွက်လာကြပြီ ထိန်ပင်ပဲမှတ်လား””
““ဟုတ်ကဲ့ အဘ  ထိန်ပင်ပါပဲ””
““အေးအေး သွားစောင့်နှင့် ဆေးရုံမှာ ထောက်ခံစာတွေပါရဲ့ မဟုတ်လား အရေးကြီးတယ်နော
မပျောက်စေနဲ့ကြားလား..””
““ဟုတ်အဘ ””
အသင်းလူကြီးအိမ်ကထွက်တယ်ဆိုရင်ပဲ ကျုပ်လဲ တွေရာတက္ကစီငှားပြီး မဟာမြိုင်ဆေးရုံကို ထွက်လာလိုက်တယ်…ကားသမားကိုလဲ မြန်မြန်မောင်ဘို့ပြောရတယ် တော်ကြာ အလောင်းတင်ကားက
စောရောက်နေရင် အလောင်းပိုင်ရှင်မလာသေးလို့     မထုတ်ပေးပဲစောင့်နေရအုံးမယ်လေ
ဆေးရုံရောက်တော့    ကျုပ်နဲ့ရှေ့ဆင့် နောက်ဆင့်ပဲ     အလောင်းတင်ကားရောက်လာတယ်
သူတို့ရောက်တာနဲ့    အအေးတိုက်ကလူကို   အလောင်းအမည်ပြော   လက်မှတ်ထုတ်ပြပြီး အလောင်းရှာရတယ်
သိပ်တော့မရှာရပါဘူး ညက ဆုံးတဲ့လူက   သုံးဦးလားပဲရှိတော့လွယ်လွယ်ပဲ   အမေ့ ကိုရှာတွေလိုက်တယ်
အလောင်းတင်ကားနဲ့အတူပါသူတွေ    အမေ့အလောင်းကိုဝိုင်းတင်ပေးကြတယ်လေ
ကျုပ်လဲ အမေ့ကိုခေါ်ဆောင်သွားမယ့်    အလာင်းတင်ကားနဲ့အတူ ထိန်ပင်သုဿန်ကို တစ်ပါတည်း
လိုက်ခဲ့ရတော့တယ် …
ဟောထိန်ပင်ရောက်ပြီ ..
ကားဖင်ထိုးလိုက်တာနဲ့ အလောင်းသယ်မယ်သူတွေ က အမေ့အလောင်းကို ကားထဲက သယ်ထုတ်သွားကြတယ်လေ ကျုပ်ကတော့ယောင်နနနဲ့ လိုက်ကြည့်နေမိသေးတယ်
နောက်နားက ကားဆရာသတိပေးမှ သတိဝင်လာမိတယ်
““ညီလေ..ရုံးထဲသွားပြီး  သေစာရင်းပြလိုက်  သူတို့လုပ်ပေးလိပ်မယ်””
““အော်…ဟုတ်..ဟုတ်ကဲ့ခင်ဗျ””
ရုံးထဲကိုဝင်သွားလိုက်တော့ စည်ပင်ဝန်ထမ်းတွေက သေးစာရင်းကိုသိမ်းပြီး အလောင်းကို လက်ခံရရှိကြောင်း နဲ့  မီးသဂြိုလ်ဖို့ သင်္ချိုင်းလက်မှတ် ထုတ်ပေးလိုက်တဲ့အပြင် ..
““ညီလေးခန်းမငှားမှာလား””
““ခန်းမငှားတယ်ဆိုတာ ဘာလဲအကို””
““လာလာ အကိုလိုက်ပြမယ်””
““သူခေါ်ရာလိုက်လာတော့မှသဘောပေါက်တော့တယ်
““ဒါကခန်းမကျယ် ဘုန်းကြီးတွေ သရဏဂုံ တင်ဘိုနဲ့ လူတွေထိုင်ဘို့ပေါ့..ဟိုဘက်ကခန်းမအကျဉ်း..
သူ့ဈေးနဲ့သူပဲ ကုလားထိုင်ကော ဘယ်လောက်ယူမှာလဲ အားလုံးနာရီနဲ့ ငှားတာပဲကွ””
ကျုပ်လဲ သင့်တော်ရာခန်းမအကျယ် ငှားလိုက်တယ် အားလုံငွေကြေး ပေးချေပြီးမှ ထိန်ပင်အဆောက်အဦး
ထဲက အပြင်ကိုထွက်လိုက်တော့    အလောင်းတင်ကားမောင်းတဲ့    စောစောက ကားဆရာကိုတွေ့လိုက်ရတယ်
သူက ရုံးရဲ့အပြင်အစပ်က    သစ်ပင်တန်းလေးက အခေါင်းတွေ ရောင်းတဲ့ ဆိုင်မှာရေနွေးသောက်
နေတာကြောင့် ကျုပ်လဲအမေ့အလောင်းအပ်ပြီးလို့    စိတ်ကိုဒုံးဒုံးချကာ သူဆီလျှောက်သွားလိုက်မိပါတယ်
““ညီလေးလာထိုင်””
““မင်းခန်မငှားလိုက်လား””
““ငှားတယ်အကို””
““ဘုန်းကြီးကော ပင့်ပြီးပလား””
““မပင့်ရသေးဘူးလေဗျာ..””
““ဟာဒါဆိုအတော်ပဲ.. ဒီဆိုင်မှာအကုန်စီစဉ်ပေးတယ်ကွ ခဏလေး…အမရေ အမ ””
သူလှမ်းခေါ်လိုက်တော့ အခေါင်းဆိုင်လေးထဲက မိန်းမတစ်ယောက်ထွက်လာပါတယ်
““အမ သူက အသုဘအတွက် အပ်မလို့တဲ””
ကျုပ်လဲ ..
““အမရယ် ဘုန်ကြီးလဲ ပင့်ခြင်တယ်   မှန်ခေါင်းတွေဘာတွေနဲ့လဲ သေချာလေးလုပ်ခြင်တယ် စီစဉ်ပေးစမ်း
ပါဗျာ””
““ငါ့မောင်စိတ်ချ အသုဘ ဘယ်ချိန်လဲ””
““ နေ့လယ် တစ်နာရီဗျ မနက်ဖန်ပေါ့””
““အားလုံးစီစဉ်ပေးမယ်…ရဟန်းအမဆိုရင် ရွှေထီးပါမိုးပေးမယ် ..ဘုန်းကြီးပင့်ပေးမယ်..ဘုန်းကြီးကန်တော့
ပွဲပြင်ပေးမယ် ..မောင်လေးတို့သပ်သပ်လှူခြင်လဲ ယူလာပေါ့ ရတယ် ငါ့မောင် အချိန်အတိုင်း အလောင်းသာ
လာထုတ်ပေး အမတို့ လိုတာအကုန်ပြင်ပေးမယ်..ပြင်တဲ့အချိန်ငါ့မောင် မကြိုက်တာပါရင်ချက်ချင်းပြော
ပြင်ပေးမယ်နော်  ပိုက်ဆံကတော့ စုစုပေါင်း%$@* ””
အားလုံးစီစဉ်ပြီးချိန်မှာတော့ ကျုပ်လက်ကနာရီက ညနေ (၆)နာရီကျော်လို့ နေပါပြီး ကျုပ်အိမ်ကို တက္ကစီငှား
ပြီးပြန်လာလိုက်တယ် …အင်း..မနက်ကျမှပဲ အသုဘပို့ဖို့ ဘီအမ်းကားကြီးတွေ ဘယ်နှစ်စီးလောက်ငှားရ
မယ်ဆိုတာရယ် ရောက်ရောက်ချင်း ဖိတ်စာနဲ့ ယပ်တောင် စာစီဖို့ ကွန်ပြူတာနဲ့ ဖိတ်စာဆိုင် ကို အရင်သွား
ရအုံးတော့မှာပဲ…ဒါတွေလဲ ချောချောမောမော အဆင်ပြေပါစေလို့ဆုတောင်ရင်းနဲ့……။။။။။။
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
ကဲဘယ် မလဲ မိတ်ဆွေ  သေခြင်းရဲ့ နောက် ဒုတိယနေ့ ..ကျုပ်ငိုရမယ့်အချိန် ပူဆွေးသောက ရောက်ရမယ့်အချိန် တတိယနေ့ ကိုမရောက်သေးဘူးလေ…ဟုတ်တယ် ကျုပ်လဲ ဒီချိန်ထိ တစ်မှေးမှ
မမှေးရသေးတာကြောင့် တတိယနေ့အတွက် တွေးတောပူပန်ရင်း ….
အင်း…………………….သေခြင်းရဲနောက်မှာကတော့
*********လေးနှစ်မြောက် မိခင်ကြီးရဲ့ ဘဝခရီးထွက်ခွာခြင်းအမှတ်တရ*********
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

20 comments

  • memeseku

    December 27, 2011 at 7:21 pm

    ကိုogre နဲ.ထပ်တူဝမ်းနည်းမိပါတယ်…..
    အစားထိုးမရတဲ.ဆုံးရှုံးမှုတစ်ခုမှာကာယကံရှင်သာ…အသိဆုံးပါ…
    ဝမ်းနည်းပါတယ်…ကို 0gre ရယ်…..

  • ငပေါက်ဖော်

    December 27, 2011 at 7:31 pm

    မလွယ်ပါလားကိုဘလူးရေ့..
    မွေးလဲ မလွယ်..သေလဲ မလွယ်..
    အဲကြားထဲက မွေးခြင်း သေခြင်း မရှိတဲ့..နိဗ္ဗာန် သာ လျင်မြန်စွာ ရောက်အောင် အားထုတ်ကြပါကုန်
    ဪ..အသင်လောက ..အသင်လောက….

    သဗ္ဗေသတ္တာ ကမ္မသကာ
    ပေါက်သိင်္ခ

  • KoNyeinChan

    December 27, 2011 at 8:11 pm

    အမေသေတာတောင် မျက်ရည်ကျဖို ့အချိန်မရခဲ့ပါလား ကိုဘီလူးရေ… ခင်ဗျား ပို ့စ်ကို ဖတ်ပြီးတော့ ခံစားမှုတစ်ခုတော့ ဖြစ်သွားတယ်ဗျာ..

  • windtalker

    December 27, 2011 at 8:47 pm

    ကိုလူး က အကြီးဆုံး သား ဖြစ်မယ် ထင်တယ်နော်…
    စိတ်အနှောင့်အယှက် သိပ်မဖြစ်ခဲ့တာ တော်ပါသေးရဲ ့ဗျာ ။

  • ဦးဦးပါလေရာ

    December 27, 2011 at 9:08 pm

    ကိုဘီလူးရဲ့မိခင်က ပုဂ္ဂလိက ဆေးခန်းက ထိန်ပင်တိုက်ရိုက်ပို့ရတော့ နဲနဲတော်သေးတယ်။
    ဆေးရုံကြီးကဆို ပိုဆိုးတယ်။
    အရင် သာကေတအထွက် လည်ရွာသုဿန်ကို
    ဆေးရုံကြီးရေခဲတိုက်က ပို့ရတုန်းကဆို ဒုက္ခ များမှများ။
    အဆိုးဆုံးကတော့ ရပ်ကွက်ရုံးလို ဒေသန္တရဆေးခန်းလို အစိုးရတာဝန်ရှိဌာနတွေဟာ လိုအပ်တဲ့အချိန် အသင့်လုပ်မပေးနိုင်တာပဲ။
    အမှန်တော့ ဒီကိစ္စ မျိုး အတွက် သေဆုံးတာအတည်ပြုတာ၊ စုံစမ်းမေးမြန်း မှတ်တမ်းယူတာ၊ သေစာရင်းထုတ်ပေးတာ
    စတာတွေကို အဖွဲ့လေးနဲ့ လာလုပ်ပေးတာမျိုး အစိုးရက စီစဉ်ထားဘို့ကောင်းတယ်။

  • လူသေသွားပြီဆိုရင် သူ့ရဲ့နောက်ဆုံးခရီးကိုချောမောအောင်မြင်အောင်လုပ်နို်င်ဘို့ကအတော်ကိုမလွယ်တာပါ။
    မိတ်ဆွေမရှိဘူး ကူညီလုပ်ဆောင်ပေးမယ့်သူမရှိရင်ပိုဆိုုးပေါ့။
    အဲဒီအထဲမှာ ပိုက်ဆံမရှိရင်ပိုတောင်ဆိုးပါသေးတယ်။
    ဒါတောင်အခုခေတ်မှာ နာရေးကူညီမူ့အသင်းတွေပေါ်လာတာ တော်သေးတယ်လို့
    ပြောရပါမယ်။
    နာရေး ကူညီမူ့အသင်းတွေမှာဆောင်ရွက်နေသူအားလုံးကို
    လေးစားပါတယ် လို့ ဒီနေရာကနေ ဂုဏ်ပြုလိုက်ပါတယ်။

  • TTNU

    December 27, 2011 at 10:32 pm

    ကိုဘီလူးရေ…

    တီချာဒီ ပို့စ်လေးကို (၂)ခေါက်ထပ်ဖတ်မိတယ်။ အသက်တောင်မရှုမိဘူးထင်ပါရဲ ့၊
    ဖတ်လဲပြီးရော သက်ပြင်းတောင်ချမိပါတယ်။ နယ်တွေမှာတော့ ဒီလောက် အမော
    တကောမဖြစ်လောက်ဘူးထင်ပါရဲ ့။

    “အော် အမေ ဒီဆေးရုံထဲမှာခဏနေရစ်ပါလေ …သား(၁၂းဝ၀) မထိုးခင်
    အမေ့ကိုပြန်လာခေါ်ပါမယ်ဗျာ…”

    ဒီနေရာမှာ တီချာဖြင့် မျက်ရည်တောင်ဝဲမိပါတယ် ကိုဘီလူးရယ်။
    တကယ်တော့လေ သေသွားတဲ့ သူတွေမှာ လတ်တလောဒုက္ခကို အေးသွားတာနော်။
    ကျန်ရစ်သူတွေမှာသာ ရေခဲတိုက်အစ ရပ်ကွက်ရုံးအလယ် ဘုန်းကြီးပင့်အဆုံး
    ရှုတ်ထွေးကျန်ခဲ့ရတာနော်။

    နောက်တစ်ခုရှိသေးတယ်။ အမျိုးတွေ နယ်ကလာပြီး နာရေး ရက်မလည်သေး
    မချင်းနေကြမယ် ဆိုလို့ကတော့ မငိုအားသေး ချက်ပြုတ်ကျွေး ရှုပ်ထွေးသံသရာ
    ဖြစ်ပေဦးတော့ပဲ။

    သေခြင်း၏နောက်မှာ ငွေရှင်းတာ အရင်လို့ ဆိုရပေလိမ့်မယ်ထင်ပါရဲ ့ရှင်။

  • comegyi

    December 27, 2011 at 10:51 pm

    ကိုဘီလူးရေ့….
    ခင်ဗျားအတွက်မတော့ …..လေးနှစ်ဆိုပေမဲ့လည်း
    မနေ့တစ်နေ့ကလိုပဲ ရှိနေဦးမယ် ထင်ပါတယ်…
    ခင်ဗျားရဲ့ စာကိုဖတ်ရင်း
    ခင်ဗျားရဲ့ မိခင်ကြီးလည်းကောင်းရာဘုံဘဝမှာ
    အေးချမ်းနေမယ်လို့ ယုံကြည်ပါတယ်ခင်ဗျား….

  • amatmin

    December 28, 2011 at 12:03 am

    ကိုဘီလူး ပို့စ်ကို ဖတ်ပြီးနောက် ကိုယ်တွေ အတွက်လည်း လမ်းခွဲခရီးတွေ အရေး ကြိုတင်ပြင်ဆင်ထားဖို့သတိပေးနေတယ်လို့ ခံစားမိသွားတယ်ဗျာ..ဒီပို့စ်ကိုရေးနေတဲ့ စာတလုံးစီကို က အမေ့အကြောင်းအတွေးတွေဖြစ်နေမှာဗျ..နော်

    • Khin Latt

      December 28, 2011 at 4:59 am

      ကျွန်မ လဲ အဲဒီလို တွေးမိနေပါတယ်။ ဒီလို Reminder ပေး နိုင်တဲ့ Post အတွက် ကျေးဇူးပါ ကိုဘီလူးရှင့်။
      တကယ်တော့ သေချင်းတရား နဲ့ ယှဉ်လိုက်ရင် အားလုံးဟာ ဘာမှ မဟုတ်တော့ ပါဘူး။
      ဒါကြောင့် လူ့ဘဝ တိုတိုလေးမှာ အမုန်းတွေ၊ စစ်ပွဲ/ ရန်ပွဲတွေ၊ တစ်ကိုယ်ကောင်း စိတ်တွေ နဲ့ အသက်ရှင်နေရမှာ ဘယ်လိုမှ အကျိုးမဖြစ်ပါဘူး။

  • Khin Latt

    December 28, 2011 at 4:55 am

    ကိုဘီလူး ရဲ့ အမေ မရှိတော့တာ သိရလို့ ကျွန်မလဲ စိတ်ကောင်းပါဘူး။
    အမေ က ဓမ္မစင်္ကြာ သုတ် နာရင်း နဲ့ ဝင်သက်၊ ထွက်သက် ငြိမ်းတာကြောင့် ကောင်းရာဘုံ ကို ရောက်မှာပါ။
    ကိုဘီလူး လို လုပ်ကိုင်နိုင်တဲ့လို လူမျိုး မရှိ တဲ့၊ ငွေကြေး မသုံးနိုင်တဲ့ မိသားစုများ မှာဆို ပို ဒုက္ခရောက်မှာနော်။
    ကိုပေါက် ပြောသလို ဘဲ ကိုကျော်သူ တို့ လို အခမဲ့ ဝန်ဆောင် ပေးသူ တွေ နဲ့ သူတို့ လုပ်ဆောင်မှု တွေကို အလွန်ဘဲ သာဓု ခေါ်ရပါတယ်။
    တစ်ချို့ ဆို အိမ်တွေ လိုက်ပြီးတောင် အားပေးစကား ပြောတယ် ကြားဘူးပါတယ်။
    ကျွန်မတို့ တိုင်းပြည်မှာ ဒီလို အဖွဲ့တွေ အများကြီးလိုပါတယ်။
    ကျွန်မထင်ပါတယ်။ ဒါမျိုး ကို ကူညီချင်တဲ့ သူတွေ လဲ အများကြီးရှိမှာပါ။
    အဝေးက ကူချင်သူတွေ ဆိုရင် လဲ သူတို့လို အဖွဲ့တွေကို ငွေကြေး ပံ့ပိုးပေးချင်ကြပါတယ်။
    ဒါပေမဲ့ စံနစ်တကျ နဲ့ စုစုစည်းစည်း ဖြစ်ဖို့တော့ လိုမယ်ထင်ပါရဲ့။
    ကျွန်မ အတွေးပါ။ စံနစ်တကျ လဲ ဖြစ်နေပြီးသားနေမှာပါ။

  • blackchaw

    December 28, 2011 at 10:05 am

    ဘီလူးကြီးရေ။
    စိတ်မကောင်းစွာနဲ့ ဖတ်သွားပါတယ်ဗျာ။
    ကိုယ်ချင်းစာစိတ်လည်း ဖြစ်မိပါတယ်။

  • နီကီတာ

    December 28, 2011 at 11:06 am

    ကိုဘီလူးရေ..
    စိတ်မကောင်းစွာနဲ့ဖတ်သွားပါတယ်….
    ဒါပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်ကဆိုတော့ တော်သေးတာပေါ့
    နီကီ့ အဖေဆို နီကီ၁၄နှစ်သမီးအရွယ်ထဲက ဆုံးသွားတာ… 🙁

  • etone

    December 28, 2011 at 11:15 am

    ကိုဘီလူးကြီးရေ … အမေရဲ့ နောက်ဆုံးရက်တွေ အကြောင်းရေးထားတာ ဖတ်ပြီး ထပ်တူ ကြေကွဲ ဝမ်းနည်းရပါတယ် … ။ လူတိုင်းတနေ့မဟုတ် တနေ့ ကြုံမယ်ဆိုတာ သိပေမယ့် …. အဲ့ဒီလိုနေရက်တွေကို ကြောက်နေမိတယ် ….. ။ မိဘတွေမရှိတဲ့အချိန် ဘယ်တော့များ ရေနည်းငါးဖြစ်မလဲတွေးမိလျှင် အိပ်လို့တောင် မပျော်တဲ့ ရက်တွေရှိခဲ့ဖူးတယ် ….. ။ ဒီပို့စ်လေးဖတ်ရင်း ပိုလို့တောင် တွေးကြောက်မိပြီး မျက်ရည်ဝဲမိပါတယ် …. 😥
    ကိုဘီလူးရဲ့ ပို့စ်ကို မျက်စိနဲ့ရော နှလုံးသားနဲ့ပါဖတ်သွားပါတယ်နော် … ။

    လူတစ်ယောက် မျက်စိရှေ့မှာတင် … ရှင်နေရာက သေဆုံးသွားတဲ့ အဖြစ်မျိုးကြုံခဲ့ဖူးတယ် …။ မှတ်မှတ်ရရပါပဲ … ဖိုးဖိုးသေတုန်းကပါ … ။ ချောင်းဆိုးပြီး မောလွန်းလို့ နောက်ပြန်လဲကျသွားရာနေ .. အသက်ထွက်သွားခဲ့ရတယ် … ဆေးရုံမှာ ဆရာဝန်တွေက နှလုံးပြန်ခုန်အောင် အမျိုးမျိုးကြိုးစားပေမယ့် … သေသွားခဲ့ပြီးပြီ … ။ သူတို့ ကြိုးစားပမ်းစား လုပ်ထားတဲ့အရှိန်နဲ့ … နှလုံးခုန်သယောင်ယောင်ဖြစ်နေတဲ့ အသက်မဲ့ ခန္ဓာကြီးကို သေသွားပြီလို့ပြောတုန်းက ကျွန်မလက်မခံခဲ့ဘူး … ။ ဘယ်သူမှ အနားကပ်လို့မရအောင် မောင်းထုတ်ရင်း ဖိုးဖိုးရဲ့ ကိုယ်ခန္ဓာကြီးကို ဖတ်တွယ်ထားရင်း အသက်ပြန်ရှုလာပါစေလို့ ဆုတောင်းမိတာ အကြိမ်ပေါင်းထောင်သောင်းမကပါပဲ … ။ …. မိနစ်ပိုင်းအတွင်း တကိုယ်လုံ းဖြူဖပ် ဖြူရော်ဖြစ်လာပြီး … အသားတွေ အေးစက်တောင့်တင်း ပြာလာတော့မှ သေသွားတာလို့ … လက်ခံလိုက်ရတော့တယ် .. ဒါတောင် အလောင်းကို ဖက်ထားရင်း အအေးတိုက်ပို့ဖို့ နှမျောတသ ဖြစ်နေမိခဲ့တယ် … ။ ဘေးပတ်ဝန်းကျင်က ဆေးရုံတက်နေတဲ့ လူနာတွေကို အားနာလို့ … နာရီအတော်ကြာမှ … လက်လွှတ်လိုက်ရတယ် … ။ သယ်သွားတဲ့ အလောင်းစင်တွန်းသံကို အခုထိနားထဲက မထွက်ဘူး … ပြန်တွေးရင်း ငိုချင်နေတုန်းပဲ … ။ ဘာခံစားမှုမှမရှိတော့တဲ့ ခန္ဓာကိုယ်ကြီးကို အလောင်းတွန်းသူတွေ ကြမ်းကြမ်းတမ်းတမ်း တွန်း သယ်သွားတာ … ရင်ကွဲမနာ နာကျင်ရပါတယ် … ။ ဖိုးဖိုးတယောက်တည်း အဖော်မဲ့နေမှာစိုးလို့ …ကိုယ်တိုင်တော် အအေးတိုက်ထဲ ငုတ်တုတ်သွားထိုင်ချင်တဲ့စိတ်ကူးမျိုး အကြိမ်ကြိမ်ဖြစ်မိတယ် … ။ 😥

    သေခြင်းဆိုကို လူတိုင်းကြုံရမယ်ဆိုတာသိပေမယ့် …. ကိုယ်ချစ်တဲ့လူတွေအရင်သွားတာ မခံစားနိုင်လို့ .. ဖြစ်နိုင်လျှင် တကိုယ်ကောင်းဆန်စွာ ကိုယ်ပဲ အရင်သွားလိုက်ချင်ပါတော့တယ် … ။ 😥

  • ကြောင်ကြီး

    December 28, 2011 at 11:27 am

    အကောင်းဖက်ကလှည့်တွေးရင် လုပ်စရာရှိတာလုပ်နေရတော့ အဲဒီအချိန်မှာ ဝမ်းနည်းမနေရဘူးပေါ့ဗျာ။ တကယ်တမ်းကြတော့ ဝမ်းနည်းတယ်ဆိုတာ အလဟသအားဖြုန်း ပစ်တာပဲလေ။ ဖြစ်ဖြစ်ချင်းနဲ့ လွန်ပြီးသွားတဲ့အချိန် ခံစားမှုနှစ်ခု ပြင်းထန်သက်ရောက်မှု ကွာခြားလို့ ခံစားရတာသက်သာတာပေါ့။ လူတွေက သိသိနဲ့မလွန်ဆန်နိုင်လို့သာ ကိုယ့်စိတ်ရဲ့အနိုင်ကျင့်မှုကို ခံနေရတာ။ ပြန်စဉ်းစားကြည့်ပါ လူတွေ ဝမ်းနည်းကြေကွဲလွမ်းဆွတ်နေတယ်ဆိုတာ လုပ်နိုင်၊ လုပ်ခွင့်ရှိနေကြလို့။ မိဘသေလို့၊ ရည်းစားသူများနောက်ပါလို့ ငိုကြွေးပူဆွေးတယ်ဆိုပေမဲ့ အဲဒီအချိန်မှာ စစ်ဖြစ်နေ၊ ရန်သူလိုက်နေလို့ ပြေးရ ရုန်းကန်ရချိန်မျိုးဆိုရင် ဝမ်းနည်းနေဖို့ အချိန်မရှိဘူး၊ ကိုယ့်အသက် ကိုယ်လုပြေးနေရလို့….။

  • နွယ်ပင်

    December 28, 2011 at 12:01 pm

    ကိုဘီလူးရေ ပိုစ့်လေးကို ဖတ်ရင်း မျက်ရည်တောင် ဝဲမိပါတယ်
    လူဆိုတာ သေမျိုးချည်းပဲဆိုတာ သိပင်မယ့် ကိုယ်ချစ်ခင်ရတဲ့ သူတွေ
    ကိုတော့ ကိုယ့်အရင်လောကက ထွက်ခွာမသွားစေချင်ဘူးပဲ (ခံစားရမှာကြောက်လို့ပါ )

  • Big Bang

    December 28, 2011 at 2:20 pm

    စိတ်မကောင်းပါဘူးဗျာ….ကိုယ်ချင်းလဲစာမိပါရဲ့….
    နေပြည်တော်မှာကပိုဆိုးသဗျ….ကွင်းကြီးသုသာန်ကိုသွားပို့ရတာ…အရင်ကနီးသေးတယ်..
    သာရေး၊နာရေးဆိုရင်တော့ ရပ်ကွက်တိုင်းလိုလိုမှာ ကူညီရေးအသင်းတွေ လူငယ်တွေဖွဲ့ထားတာရှိပါတယ်…
    အားလုံးဝိုင်းဝန်းကူညီလုပ်ကိုင်ကြတယ်…ချီးကျူးစရာမြန်မာ့စိတ်ဓာတ်လေးတွေပါ…

  • char too lan

    December 28, 2011 at 2:28 pm

    ဒီသင်ခန်းစာ ဘယ်သူဆီကမှမရသေးဘူး
    သေသူကြည့်ပီးထိုင်ငိုနေရင် နောက်ဆက်တွဲပြဿနာတွေနဲ့
    ဦးဖောပြောသလို နားကားသွားမယ် ….
    ကျေးဇူးတင်တယ် ကိုဘီဠူး

  • chityimhtoo

    December 28, 2011 at 6:11 pm

    အင်းတစ်ခါတစ်လေကျတော့လည်း ကျွန်တော်တို့တွေက သေဖို့အတွက်အလုပ်လုပ်နေကျတာလားတောင်
    စဉ်းစားမိတယ်ဗျာ။ဘယ်လောက်ချမ်းသာချမ်းသာ ဘယ်လောက်ဘဲပညာတွေတတ်တတ် သေမင်းကို
    တော့နိုင်အောင်မတိုက်နိုင်ပါဘူးဗျာ။

  • “ဘီလူးကြီး”ogre

    December 28, 2011 at 6:15 pm

    အမေ့ အတွက် ကွန်မန့်များဖြင့်
    ဝိုင်းဝန်းအားပေး ကြသူများအား ကျေးဇူးအထူးတင်ပါတယ်
    ရွာထဲ သိပ်မရောက်ဖြစ်လို့ အပေါင်းအသင်းများ၏ စာများအား
    အချိန်ပြည့် အရင်လို မဖတ်ရှုနိုင်တာ ဝမ်းနည်းသဗျာ…….. 🙁 🙁

Leave a Reply