ပြည်တွင်း၌ လုပ်ကိုင်ရန် အလုပ်အကိုင်ရှာဖွေသူဦးရေ ၂၀၁ဝတွင် ပိုမိုမြင့်တက်လာ

klnMay 28, 20101min530

ပြည်တွင်းအလုပ်အကိုင်ရလို၍ အလုပ်လျှောက်ထားသူဦးရေမှာ ယမန်နှစ်များက တည်ငြိမ်နေခဲ့သော်လည်း ၂၀၁ဝတွင် မြင့်တက်လာခဲ့သည်ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့ထံမှ သိရှိရပါသည်။ အလုပ်အကိုင်ရလိုသူဦးရေ မြင့်တက်သည်ဟုဆိုရာ၌ ဘွဲ့ရကျောင်းသားအများစုတွင် နိုင်ငံတကာသင်တန်းများတက်ရောက်ထားသော စာတွေ့ အတွေ့အကြုံသာရှိပြီး လုပ်ငန်းခွင်အတွေ့အကြုံမရှိသူများဖြစ်ကြခြင်းကြောင့် ရရှိသောလစာနှင့် ကုမ္ပဏီအများစုတွင်လုပ်သားမတည်ငြိမ်မှုများဖြစ်ပေါ်ကာ ပြည်တွင်း၌ အလုပ်အကိုင်ရှာဖွေသူမှာ မြင့်တက်လာခဲ့ရသည်ဟု ပြည်တွင်းအလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောပြခဲ့သည်။ “အခု ဘွဲ့ရကျောင်းသားတွေကြားမှာ နိုင်ငံခြားမထွက်သူက ပြည်တွင်းမှာ သင်တန်းတွေတက်ပြီး အလုပ်အကိုင်ရဖို့ မျှော်မှန်လာကြတယ်။ ဘွဲ့ရထားပြီး အလုပ်အကိုင်ရဖို့ သင်တန်းတွေတက်ထားတဲ့ ကုန်ကျစရိတ်က သိန်းချီရှိကြတော့ ကိုယ်တတ်ထားတဲ့ပညာနဲ့ အလုပ်ကောင်းကောင်းမှာ လစာကောင်းကောင်းလိုချင်ကြတယ်”ဟု လက်ရှိ ပြည်တွင်းအလုပ်အကိုင်အခြေအနေနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးက ရှင်းပြခဲ့သည်။ မိမိ၏ကျွမ်းကျင်မှုနှင့်ပတ်သက်၍ လုပ်ငန်းခွင်ဝင်ရန် အေဂျင်စီများသို့ လျှောက်ထားသူများမှာ အဆင့်အလိုက်တူညီမှုမရှိကြသော်လည်း ၂၀၀၉ခုနှစ်ပိုင်းမှစတင်ကာ လုပ်ငန်းခွင်များ၌ ကျွမ်းကျင်ဝန်ထမ်းများကိုသာ ရွေးချယ်ခန့်ထားမှုပိုမိုများပြားလာကြကြောင်း Device အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ သိရှိရပါသည်။ စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံများ၌ အခြေခံလုပ်သားများနေရာခန့်ထားရာ၌ လုပ်သက်အတွေ့အကြုံမရှိသေးသော ဝန်ထမ်းသစ်များကိုသာခေါ်ယူမှုများပြီး ယခုနောက်ပိုင်း ကုမ္ပဏီ်အများစုမှ လုပ်သက်အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝသော သူများကိုသာ လစာအမြင့်ပိုင်းပေး၍ ခေါ်ယူခန့်ထားမှု ပိုများလာခဲ့သည်ဟု ကမာရွတ်မြို့နယ်ရှိ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ သိရသည်။ ပြည်ပထက် ပြည်တွင်းအလုပ်အကိုင်ရလိုသူဦးရေ မြင့်တက်လာရခြင်းမှာ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး၊ စီးပွားရေးအခြေအနေပေါ်၌ မှီတည်လျက်ရှိနေရာ အများစုမှာ ပြည်ပထွက်ခြင်းထက် ပြည်တွင်း၌ ယခုနှစ်အတွက် ပိုမိုနေထိုင်လိုသူများ များပြားနေကြောင်း အလုပ်အကိုင်ရှာဖွေနေသူ လူငယ်အများစု၏ ဖြေကြားချက်အရ သိရကြောင်း ၂၀၁ဝခုနှစ် မေလ ၂၈ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။