သတ္တာဒေဝမနုဿာနံ ဂုဏ်တော်

who whoDecember 28, 20111min1053

အဋ္ဌမမြောက်နေ့
ကျေးဇူးကြီးလှတဲ့ မြတ်ဘုရားရဲ့ ထူးခြားဂုဏ်အင်တွေကို ခုလို သိခွင့်ရတာကိုပဲ အထူးနှစ်သက် ကြည်နူးမိရပါတယ်။ ဘုရားရှင်ရဲ့ ဂုဏ်တော် တွေပွားရင်းကလည်း တစ်စတစ်စ စိတ်ကလေးက ငြိမ်ပြီး ကြည်ရွှင်လာရပါပြီ။ မြတ်ဗုဒ္ဓရဲ့ အရိပ်အောက်မှာ ခိုလှုံခွင့်ရနေရတာကိုလည်း အထူးကံကောင်းသူ တစ်ယောက်လို ခံစားလာရကာ စိတ်အစဉ်ကလည်း တဖြည်ဖြည်း နုညံ့လာရ ပါပြီ။ ဒီနေ့တော့ သတ္တာဒေဝမနုဿာနံ ဆိုတဲ့ ဂုဏ်တော်ကို ဆက်ကြပါမယ်။
သတ္တာဒေဝမနုဿာနံ ဂုဏ်တော်
နတ်တွေ လူတွေကို ဦးစီး ဦးဆောင်ပြုတော်မူနိုင်တဲ့ ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရားတဲ့နော်။ သေချာလေး စဉ်းစားကြည့်လိုက်ရင် ဒို့ တတွေဟာ သံသရာ ခရီးရှည်ကို သွားလာနေကြတဲ့ ခရီးသည်တွေပါနော်။ အစမထင် သံသရာကတည်းက သုံးဆယ့်တစ်ဘုံမှာ ကျင်လည်လာခဲ့လာ လိုက်တာ ဘယ်တော့မှ ဒီလမ်းကြီး အဆုံးသတ်ရပါ့မလဲရယ်လို့ တွေးတောင် မတွေးရဲအောင်ပါပဲနော်။
ခုတော့ဖြင့် မြတ်ဗုဒ္ဓရဲ့ ကျေးဇူးတွေကြောင့် သံသရာ ကနေ လွတ်မြောက်စေဖို့ နည်းလမ်းတွေ သိခွင့်ရခဲ့သလို ရှေ့ကနေ လွတ်မြောက်ခွင့် ရသွားကြတဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေကလည်း ရှေ့သွား အနေနဲ့ လမ်းပြ လို့နေပါပြီနော်။ အင်း တစ်ခါလာလည်း အို၊ နာ၊ သေဆိုတဲ့ ဘေးကြီးနဲ့ပဲ တစ်ဘဝပြီး တစ်ဘဝ ဆက်လာလိုက်တာ မသေခင် နေရစဉ်မှာလည်း ဒုက္ခတွေက တင်းကြမ်းကို ပြည့်နေပြီမို့ လွတ်လမ်းကိုမှ မရရ၊ မရောက် ရရင်တော့လား….ဟူး….ဒီလို ဒုက္ခကြီးတွေထဲကမှ အမြန်မရုန်းနိုင်ရင်တော့ လားဆိုပြီး ပူပန်သောကတွေ ရောက်မနေပါနဲ့နော်။ တို့တွေကို ဒီသံသရာ ဝဲဩဃကနေ လွတ်အောင် ရုန်းထွက်နည်းကို လမ်းပြပေးတော်မူသော မြတ်ဘုရား ရှိနေပါတယ်။ သတ္တဝါတွေ ဘေးအပေါင်းရန်အပေါင်းကနေ လွတ် ကင်းချမ်းသာပြီး သံသရာ တစ်ဖက်ကမ်း နိဗ္ဗာန်သောင်စခန်းဆီသို့ ပေါက် မြောက်အောင် ဦးဆောင်လို့ ပို့ပေးတော်မူနိုင်ခဲ့လို့ပဲ သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါ၏ လို့ စိတ်မှာ ရှိခိုးဦးညွှတ်ပါ၏ အရှင်ဘုရား။
ဇာတိ၊ ဇရာ၊ မရဏာဟု ကနာ္တရခရီးကြမ်းမှ ပြည်နိဗ္ဗူနန်းသို့ နတ်လူ ဗြဟ္မာ သတ္တဝါကို ကောင်းစွာဆောင်ယူ ကယ်တင်တော်မူသော ဤအကြောင်း ကြောင့်လည်း သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်ကြီးနှင့် အံ့ချီးမကုန် ကျော် ကြား ထင်ရှားတော်မူပါပေသည်။
ကုန်သည်မှူးကြီးပမာလို့လည်း တင်စားထားပါတယ်နော်။ ကုန်သည် မှူးကြီး၏ ဉာဏ်ပညာ ကြီးမားစွာ ခေါင်းဆောင်မှုကြောင့် နောက်လိုက်နောက်ပါ ကုန်သည်များဟာ ဘေးမသီရန်မခဘဲ ခရီးကြမ်းကို ဖြတ်သန်းလွန်မြောက်နိုင် ကြပြီး လိုသော အကျိုးအမြတ်ကို ခံစားရရှိကြရပါတယ်နော်။ အော်…ဒီလို ဉာဏ်ပညာရှင် ဆရာအစစ်ကြီးရဲ့ လမ်းညွှန်မှုတွေကြောင့် တို့တွေတော့ သံသရာက လွတ်စေနိုင်ပြီရယ်လို့ မြတ်ဘုရားရဲ့ သတ္တာဒေဝ ဂုဏ်တော်ကို စိတ်ဝယ် ရည်မှန်းကာ ပွားများကြပါစို့လား။

သတ္တာဒေဝမနုဿာနံ ဂုဏ်တော်-နတ်လူတို့၏ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။

(နတ် လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား)
ဒီနေ့တော့ မြတ်ဘုရား၏ သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်ကို စိတ် ဝယ် မြတ်နိုး လွန်အားကိုးစွာဖြင့် ပွားများနိုင်ကြလို့ သံသရာ ဝဲဂယက်မှ အလွတ်ရုန်းထွက်နိုင်ကြပါစေ။

3 comments

  • blackchaw

    December 28, 2011 at 12:53 pm

    ကျေးဇူးပါ whowho ရေ။
    တန်ဘိုးရှိတဲ့ ပို့စ်လေးပါဗျာ။

  • TTNU

    December 28, 2011 at 3:32 pm

    သတ္တာဒေဝမနုဿာနံ ဂုဏ်တော်-နတ်လူတို့၏ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။
    (နတ် လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား)

    ဟူးဟူးခေါ်ဆောင်ရာသို့ စိတ်ချမ်းသာစွာ အေးချမ်းစွာ ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်မှာ
    အဋ္ဌမမြောက်နေ့ သို့ရောက်ခဲ့ပါပြီ။

    စကြာဝဠာအနန ္တရှိ နတ်လူသတ္တဝါ အပေါင်းတို့ ဘေးရန်ကြောင့်ကျဆင်းရဲ ကင်းကြပါစေ၊
    နှလုးံစိတ်ဝမ်းငြိမ်းချမ်းကြပါစေ၊
    ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာတော်မူကြပါစေ၊
    မိမိစိတ်ကိုမိမိ ကောင်းစွာ စောင့်ရှောက်နှိုင်ကြပါစေ၊
    ဒေါသလောင်မီး ရှိန်ရှိန်ငြီးနေသော ဘဝများမှ လွတ်မြောက်နှိုင်ကြပါစေ။

    မေတ္တာဖြင့်
    တီချာ။

  • whowho

    December 29, 2011 at 10:48 am

    တီချာရေ။ ကိုယ်လုပ်ဖြစ်တဲ့ ကုသိုလ်လေးကိုယ် ပြန်တွေးမိတိုင်း ဝမ်းမြောက်ပီတိဖြစ်ရပါတယ်နော်။ တီချာပေးတဲ့ ဘဝလွတ်မြောက်နိုင်ပါစေဆိုတဲ့ ဆုလေးသာ ပြည့်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဝမ်းမြောက်ကြရမှာမို့ လွတ်မြောက်ဖို့အရေး ဆက်လက်ချီတက် ကြိုးစားပွားများရပေဦးတော့မည်။

Leave a Reply