အဖြစ်အပျက်လေးက ကြားခဲ့ပါပြီ ဒါပေမယ့် တိုက်ဆိုင်မှု့ရှိတိုင်း အဲ့ဒီအဖြစ်အပျက်လေးကို သတိရမိနေပါတယ်၊
လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို အဲ့ဒီလူတစ်ယောက်မလုပ်ပဲ အထင်နဲ့ မှားမိကြတာတွေရှိပါတယ် ဒါပေမယ့် အဲ့ဒီအထင်ဟာ မှန်တာလဲ ရှိသလို မှားပြီးထင်မိတာတွေလည်း ရှိတတ်တယ်ဆိုတာ ကျမအတွက်တော့ အဲ့ဒီအဖြစ်အပျက်လေးက သင်ခန်းစာယူစရာ ဖြစ်ခဲ့ပါတယ်…… ရွာသူားတွေရဲ့ အမြင်လေးတွေကိုလည်း ချပြပေးကြပါဦးနော်…….

မနက်ခြောက်နာရီခွဲ အချိန်ဆိုရင် ကျမအိမ်ရှေ့ကို လာကြိုတဲ့ကားရောက်လာပါတယ်၊ ကျမ ကွန်ပျူတာ သွားသင်ရမယ့် အိမ်ကလာကြိုတာပါ၊ ကားမောင်းတဲ့သူကတော့ ကျမထက် ငယ်ပါတယ်၊ သူက အဝေးသင်တက္ကသိုလ်တက်နေရင်းနဲ့ သူ့အဖေရဲ့ ဆရာ ကျမ ကွန်ပျူတာ သွားသင်ရတဲ့ အရာရှိအိမ်မှာ ကားမောင်းပေးရတာပါ၊ တရက်ကျတော့ ကားမောင်းတဲ့လူနေရာပြောင်းနေပါတယ်၊ အဲ့ဒါနဲ့ ကျမလည်း အဲ့ဒီကောင်လေး ခွင့်ယူထားတယ်ထင်တာပေါ့၊ ကျမလည်း ကွန်ပျူတာသင်ရမယ့်အိမ်ရောက်တော့ ကျမသင်တဲ့ သင်တန်းသူရဲ့ အမေက ပြောပါတယ်၊ ဆရာမ ကျမတို့အိမ်ဖောက်ထွင်းခံရတယ်တဲ့၊ အဲ့ဒါနဲ့ ကျမလည်း ဟုတ်လား၊ ဘယ်ရက်က ဖြစ်သွားတာလဲလို့ပြောတော့ တနင်္ဂနွေနေ့ကလို့ပြောပါတယ်၊ စနေ၊ တနင်္ဂနွေ နှစ်ရက် ကျမသင်တန်းပိတ်ထားတဲ့ရက်ပါ၊ အဲ့ဒီရက်က ကျမသင်တန်းသူတို့ မိသားစုအားလုံး ခရီးသွားကြပါတယ်၊ အဲ့ဒီအချိန်မှာ ကျမကို လာကြိုပေးတဲ့ ကောင်လေးကို အိမ်စောင့်ထားခဲ့ပါတယ်တဲ့၊ အိမ်ကိုဖောက်ထွင်းခံရတာက နေ့လည် ၂ နာရီလောက်ပါ၊ အဲ့ဒီအချိန် ကောင်လေးက လက်ဖက်ရည်သွား သောက်နေပါတယ်တဲ့၊ ကျမသင်တန်းသူတို့ မိသားစုက တကယ့်ကို သဘောထားပြည့်ဝပါတယ်၊ အလုပ်သမားတွေကိုလည်း ခွဲခြားမဆက်ဆံပါဘူး၊ ဒါပေမယ့် ဘယ်လိုပဲ သဘောထားပြည့်ဝတဲ့သူဖြစ်ပါစေ၊ မိမိ ဥစ္စာပစ္စည်း သူတပါးခိုးသွားတဲ့အခါ ဖြစ်နိုင်ခြေတွေကို လိုက်စဉ်းစားပြီး ကျမကိုပြောပြပါတယ်၊ ကျမသင်တန်သူရဲ့ အမေကပြောပါတယ်၊ ဆရာမ ကျမတို့အိမ်ဖောက်ထွင်ခံရတာ အတွင်းလူပါလို့ပါတဲ့၊ ကျမတို့ အိမ်ထဲမှာ ပစ္စည်းထားတဲ့နေရာကို အတတ်သိလို့လို့ပြောပါတယ်၊ ကျမ ကွန်ပျူတာ သင်တန်း သင်တဲ့အခန်းကိုတော့ သူခိုးက ၀င်မသွားပါဘူးတဲ့၊ ပစ္စည်းသိမ်းတဲ့နေရာကို အတိအကျသိလို့ တန်းဝင်သွားပါတယ်လို့ပြောပါတယ်၊ ပြီးတော့ အိမ်ကိုအစောင့်ထားတဲ့ကောင်လေးက သူခိုးဝင်တဲ့အချိန်မှ လက်ဖက်ရည်ဆိုင်သွားတယ်လို့ပြောပါတယ်တဲ့၊ သူနဲ့သူခိုးပေါင်းခိုးတာပဲ ဖြစ်မှာပါလို့ပြောလာပါတယ်၊ အဲ့လိုနဲ့ ပါသွားတဲ့ပစ္စည်းတွေကလည်း တစ်သက်လုံး ၀န်းထမ်းလုပ်ရင်းနဲ့ သူများတွေလို လာဒ်မစားပဲ ရတာလေးကို စုဆောင်းထားတာဆိုတော့ နှမျောတာပေါ့လို့ပြောပြပါတယ်၊ ကျမလည်း စိတ်မကောင်းဖြစ်ရတာပေါ့၊ ခိုးသွားတဲ့လူကိုလည်း မြန်မြန်မိစေချင်ပါတယ်၊ သူခိုးကိုလည်း မမိသေးပါဘူး၊ အဲ့လိုနဲ့ ကျမသင်တဲ့ သင်တန်းလည်း ပြီးသွားပါတယ်၊
တရက် ကျမဆီကို ဖုန်းဆက်လာပါတယ်၊ ဆရာမ စပီကာက အသံမထွက်တော့လို့ လာကြည့်ပေးပါတဲ့ ၊ ကားလွှတ်ပေးလိုက်ပါ့မယ်လို့ပြောပါတယ်၊ အဲ့ဒါနဲ့ ကျမလည်း အိမ်ရှေ့က ထွက်စောင့်နေဖြစ်ပါတယ်၊ လာကြိုတဲ့သူက သူခိုးနဲ့ပေါင်းကြံတယ်ဆိုပြီး ပြောခံရတဲ့ ကောင်လေးဖြစ်နေပါတယ်၊ ကျမလည်း အံ့သြသွားပါတယ်၊ ဒါပေမယ့် ကျမ မမေးကြည့်ဖြစ်ပဲ စိတ်ထဲမှာတော့ သိချင်စိတ်တွေနဲ့ပါ၊ အဲ့လိုနဲ့ ကျမသင်တန်းသူလေးအိမ်ရောက်တော့ အသံမရတာလေး လုပ်ပေးပြီး ဖောက်ထွင်းခံရတဲ့ အကြောင်းမေးကြည့်လိုက်ပါတယ်၊ အဲ့ဒီမှာပဲ ဖောက်သွားတဲ့သူကို မိပြီဆိုတဲ့အကြောင်းသိရပါတယ်၊ ကျမတို့အိမ်ကို ဖောက်သွားတဲ့သူခိုးက ဓားတစ်ချောင်းထဲနဲ့ ဖောက်သွားတာလို့ပြောပါတယ်၊ အရာရှိအိမ်တွေဆိုတော့ ပုံနရိတ်စည်းတန်းလေးတွေပါ၊ ဟိုဘက်အိမ်ဒီဘက်အိမ် အလွယ်တကူကူးလို့ရပါတယ်၊ နေ့လည်ခင်း သူခိုးက အဲ့ဒီနားကဖြတ်သွားတဲ့အချိန် သော့ခတ်ထားတဲ့အိမ်နဲ့ ဘေးအိမ်က တံခါးပွင့်နေတာကိုတွေ့တော့ ဘေးအိမ်ရဲ့တခါးပေါက်ကနေ ပုံနရိပ်စည်းကိုကျော်ပြီး တဖက်အိမ်ထဲကို ၀င်ပါတယ်၊ ပြီးတော့ နောက်ဖေးကနေ အခြေအနေကြည့်တော့ မီးသွေးခုတ်တဲ့ ဓားကိုတွေ့ပါတယ်၊ အဲ့ဒီမှာ သူခိုးက မီးသွေးခုတ်တဲ့ဓားနဲ့ပဲ နောက်ဖေးတံခါးက သော့ကိုဖျက်ပြီး မီးဖိုချောင်ကတဆင့် အထဲကိုဝင်ပါတယ်၊ ပြီးတော့ ကျမတို့ သင်တန်းသင်တဲ့အခန်းကိုဝင်ကြည့်ပါတယ်တဲ့ သူခိုးရဲ့ အတွေ့အကြုံကလည်း မနည်းလောက်ဘူးဆိုတော့ ရှိနိုင်မရှိနိုင် ခန့်မှန်းနိုင်လို့ထင်ပါတယ်၊ ၀င်ကြည့်ပြီး တဖက်ခန်းကိုကူးပါတယ်၊ အဲ့ဒီတစ်ဘက်ခန်းမှာတော့ ပိုက်ဆံ၊ ဟန်းဖုန်းနဲ့ လက်ဝတ်လက်စား ထားတဲ့သေတ္တာကို ဖျက်ယူပါတယ်၊ ပြီးတော့မှ ၀င်ခဲ့တဲ့အပေါက်က ပြန်ထွက်သွားပါတယ်လို့ပြောပါတယ်၊ သူကတော့ အေးအေးဆေးဆေးလုပ်ပြီး ယူသွားတာပါ၊ ဟိုကောင်လေးကလည်း အဲ့ဒီအချိန် လူငယ်ဆိုတော့ လက်ဖက်ရည်ဆိုင်ခဏသွားထိုင်မယ်ဆိုပြီး လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ စကားပြောရင်း အချိန်ကြာသွားပါတယ်တဲ့၊ အဲ့ဒီအချိန်မှာ ကောင်လေးနဲ့ပေါင်းကြံတယ်လို့ထင်သွားတာပေါ့၊ ဖောက်ထွင်းတဲ့သူခိုးကလည်း ကျမသင်တဲ့အိမ်ကို ခိုးပြီး မကြာခင်မှာပဲ နောက်ထပ် ဟိုတယ်တစ်ခုကိုလည်း ဖောက်ထွင်းပြန်ပါတယ်၊ သိန်းနှစ်ထောင်ဖိုးလောက်ပါတယ်လို့ပြောပါတယ်၊ အစကတော့ ကျမသင်တန်းအိမ် တစ်အိမ်ထဲခိုးတော့ ရဲတွေက လာမေးလိုက်စစ်လိုက်နဲ့ အမှု့က မပေါ်နိုင်ဘူးဖြစ်နေပါတယ်၊ အဲ့ဒီနားက ဟိုတယ်ကို သိန်းနှစ်ထောင်ဖိုး ပါသွားတော့ သေချာလိုက်ရပါတော့တယ်၊ မမိရင် စခန်းတစ်ခုလုံးပြုတ်ဆိုပြီး အထက်က အမိန့်ချလိုက်ပါတယ်တဲ့၊ အဲ့လိုနဲ့ ဖောက်ထွင်းတဲ့သူကို ရှာကြတော့ မိသွားပါတယ်၊ ဖောက်ထွင်းသူခိုးက သူနေတဲ့ ရပ်ကွက်ကိုလည်း အဲ့ဒီပိုက်ဆံနဲ့ လမ်းခင်းပေးတယ်လို့သိရပါတယ်၊ ဆိုက်ကားသမားနဲ့ ရဲနဲ့ပေါင်းပြီး ဖော်ထုတ်တဲ့အတွက် အဲ့ဒီဖောက်ထွင်းတဲ့ သူခိုးကိုမိသွားတာပါလို့ အန်တီက ပြောပြတော့ ကျမလည်း တော်သေးတာပေါ့နော် လို့ပြောမိပါတယ်၊ သူခိုးမိပြီဆိုတော့ ယူသွားတဲ့ ပစ္စည်းတွေပြန်ရလားလို့မေးတော့ မရတော့ပါဘူးတဲ့၊ မိသွားတာပဲ ရှိတာပါတဲ့ ပစ္စည်းတော့ ပြန်မရပါဘူးတဲ့၊ ဟိုတယ်ကပျောက်သွားတာတော့ နဲနဲပြန်ရမယ်ထင်ပါတယ်လို့ပြောပြပါတယ်၊ အဲ့ဒီအကြောင်းလည်း မှု့ခင်းဂျာနယ်မှာ ပါတယ်လို့ပြောပြပါတယ်၊ အဲ့လိုနဲ့ ကျမလည်း လုပ်စရာရှိတဲ့အလုပ်လည်းပြီး၊ သိချင်တဲ့အကြောင်းအရာလေးလည်း သိခဲ့ပြီး ပြန်မယ်ဆိုတော့ ခုနကကောင်လေးပဲ ပြန်လိုက်ပို့ပေးပါတယ်၊ အဲ့ဒီမှာ ကျမက အဲ့ဒီကောင်လေးကို စကားပြောဖြစ်ပါတယ်၊ သူခိုးမိသွားတော့ တော်သေးတာပေါ့နော်လို့ပြောတော့ ဟုတ်ပါတယ် ဆရာမရယ်တဲ့ ကျနော့်အဖြစ်က ကျနော်မယူတာကို သက်သေပြလို့လည်းမရ၊ ကျနော်လက်ဖက်ရည်ဆိုင် ထိုင်တဲ့အချိန်မှာ ဖြစ်သွားတာဆိုတော့ ကျနော့်ကို ထင်ကြတာပေါ့၊ အဲ့ဒီအချိန်ကဆို ကျနော်မှာ နေစရာမရှိပဲ ကိုယ့်ကိုကို သိမ်ငယ်မှု့တွေနဲ့ ကျနော်မဟုတ်ပါဘူး၊ ကျနော်မလုပ်ပါဘူးဆိုတာကို ဘုရားပဲသိပါတယ်၊ အဲ့ဒီအချိန်က ကျနော့်ခံစားမှု့က ပြောမပြတတ်အောင်ပါပဲဗျာတဲ့၊ လူတွေရဲ့ မျက်နှာကိုတောင် ကျနော်ရဲရဲမကြည့်ဝံ့ပါဘူးတဲ့ အဲ့ဒါကြောင့် အဖေ့ရွာမှာ သွားနေတာ၊ ကျောင်းလည်း ခဏနားထားပါတယ်တဲ့ ရွာဦးကျောင်းက စေတီမှာ နေ့တိုင်း ပုတီးစိတ်ပြီး ဘုရားကို နေ့တိုင်း အမှု့မှန်ပေါ်ဖို့ကိုပဲ ဆုတောင်းနေမိပါတယ်ဗျာလို့ပြောပါတယ်၊ ဆရာမရယ် ကျနော်တို့လို မရှိဆင်းရဲတဲ့လူတွေမှာ မရှိခိုးနိုး………….. မလှစုန်းရိုး………… ဆိုတဲ့စကားပုံလိုပေါ့ဗျာလို့ပြောပါတယ် ……….. အမှု့မှန်ပေါ်သွားတာ ကျနော့်ကို ဘုရားမတာပါပဲလို့ ပြောပြရင်း……. ကျမအိမ်ရှေ့ကို ကားက ရောက်နေပါပြီ၊ ကျမလည်း ကားပေါ်ကဆင်းရင်း သူပြောသွာတဲ့ ကိုယ်မလုပ်ပဲနဲ့ ……. အမှု့မှန်မပေါ်ပဲ ……. သူများအထင်သေးခံနေရတဲ့ လူတွေ၊ အထင်လွဲပြီး အပြစ်ပေးခံရတဲ့လူတွေ ဘယ်နှစ်ယောက်များ ခံနေကြရပြီးလဲလို့ အတွေးတွေပွားရင်း ခြေလှမ်းတွေလေးလံပြီး သက်ပြင်းခါခါချလို့ ……………………..

တစ်ချိန်က တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ………………………..

About yaungchikha

has written 16 post in this Website..