သမိုင်းရက်စွဲများ (၃)

Zaw WonnaDecember 29, 20111min720
တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ – ၁၉၇၄)
၁၉၆၂၊ မတ်လ ၂ ရက်။   ။ နံနက် (၂) နာရီမှ စတင်ကာ ဝန်ကြီးချုပ်ဦးနုနှင့် တကွ နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ နံနက် ၈ နာရီ၊ ၂၅ မိနစ်တွင် မြန်မာ့အသံက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း၏ နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်က တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၁၉၆၂၊ မတ်လ ၃ ရက်။  ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တရားဝင် ရွေးကောက် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ကို ဖျက်သိမ်းကြောင်း တော်လှန်ရေးကောင်စီက ကြေညာခဲ့သည်။

၁၉၆၂၊ မတ်လ ရ ရက်။   ။ တော်လှန်ရေးကောင်စီ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် တော်လှန်ရေးကောင်စီဝင် ဗိုလ်မှုးချုပ်အောင်ကြီးနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးစောမြင့်တို့က တာဝန်ယူ ရှင်းလင်းပြောဆိုခဲ့ကြသည်။

၁၉၆၂၊ မတ်လ ၃ဝ ရက်။   ။ တရားလွှတ်တော်နှင့် တရားလွှတ်တော်ချုပ်တို့ကို ဖျက်သိမ်းကာ နိုင်ငံတော်တရားရုံးချုပ်ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

၁၉၆၂၊ ဇူလိုင်လ ၃ ရက်။   ။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦးတွင် ရန်ကုန်ခရိုင် တန်းမြှင့်ကျောင်းထွက် စာမေးပွဲ ဖျက်သိမ်းမှုကို ကန့်ကွက်သည့် ကျောင်းသားထု၏ ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့သည်။

၁၉၆၂၊ ဇူလိုင်လ ၄ ရက်။   ။ စစ်တပ်မှ ထိပ်သီးခေါင်းဆောင်ကြီးများနှင့် ဖွဲ့စည်းပြီး တပ်တွင်း အမာခံအင်အားစုများနှင့် အခြေပြုထားသည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ပေါ်ပေါက်လာခဲ့သည်။

၁၉၆၂၊ ဇူလိုင်လ ရ ရက်။   ။ နေ့လည်တွင် တက္ကသိုလ် ကျောင်းသားသမဂ္ဂက ကြီးမှုးပြီး တက္ကသိုလ်ကျောင်းသားထု အစည်းအဝေးကြီးကို ကျင်းပပြီး စစ်အစိုးရက ချမှတ်ပြဌာန်းသည့် တရားမမျှတသော အဆောင်စည်းကမ်းများကို ဖျက်သိမ်းရေး တောင်းဆိုရန် ဆုံးဖြတ်ခဲ့ကြသည်။ ညနေပိုင်းတွင် လုံထိန်းများက တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်ကာ ကျောင်းသားမဂ္ဂ ခေါင်းဆောင်များကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် စစ်သားများက ကျောင်းသားများကို မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသားရာနှင့်ချီ၍ သေဆုံးခဲ့သည်။

၁၉၆၂၊ ဇူလိုင်လ ၈ ရက်။   ။ စစ်အစိုးရက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဗုံးခွဲဖြိုချ ဖျက်ဆီးပစ်ခဲ့သည်။

၁၉၆၂၊ အောက်တိုဘာလ ၁ ရက်။   ။ ပြည်ထောင်စု စစ်ရဲဌာနချုပ်နှင့် စစ်ရဲတပ်ရင်းများကို ဖျက်သိမ်းပြီး ခြေလျင်တပ်ရင်းများအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရ၏ ပထမဆုံး သတင်းစာအဖြစ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ ထုတ်ဝေခဲ့သည်။

၁၉၆၃၊ ဇနဝါရီလ ၁ ရက်။   ။ ဘီအိုစီ ကုမ္ပဏီကို တော်လှန်ရေးကောင်စီက လျော်ကြေးပေးအပ်ကာ ပြည်သူပိုင် သိမ်းပိုက်ခဲ့သည်။

၁၉၆၃၊ ဖေဖော်ဝါရီ ၂၃ ရက်။   ။ နိုင်ငံခြာဘဏ် (၂၂) ခု အပါအဝင် ဘဏ်လုပ်ငန်း (၃၁) ခုကို နိုင်ငံပိုင် သိမ်းပိုက်ခဲ့သည်။

၁၉၆၃၊ ဧပြီလ ၁ ရက်။   ။ တော်လှန်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ကြေညာသည်။

၁၉၆၄၊ မတ်လ ၁၉ ရက်။  ။ ရန်ကုန်နယ်နိမိတ် အတွင်းရှိ လက်ကားဆိုင်ကြီးများ၊ ပွဲရုံများ၊ ကုန်တိုက်ကြီးများ၊ ကုန်ပစ္စည်း ဂိုဒေါင်ကြီးများ၊ သမဝါယမဆိုင်များနှင့် အထွေထွေ စတိုးဆိုင်ကြီး များကို တော်လှန်ရေးကောင်စီက ပြည်သူပိုင် သိမ်းခဲ့သည်။

၁၉၆၄၊ မတ်လ ၂ဝ ရက်။   ။ ၁၉၆၄ ခုနှစ်၊ အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေအရ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်း အသင်းအပင်းအားလုံကို ဖျက်သိမ်းပစ်ခဲ့သည်။

၁၉၆၄၊ ဧပြီလ ၉ ရက်။   ။ ရန်ကုန်အပါအဝင် တနိုင်ငံလုံးရှိ လက်လီလက်ကား ဆိုင်ကြီးပေါင်း (၁၂၇၆၄) ဆိုင်ကို ပြည်သူပိုင် သိမ်းပိုက်ခဲ့သည်။

၁၉၆၄၊ မေလ ၁ရ ရက်။   ။ တော်လှန်ရေးကောင်စီ အစိုးရက တပြည်လုံးတွင် တရားဝင် သုံးစွဲနေသည့် တစ်ရာကျပ်တန်၊ ငါးဆယ်ကျပ်တန် ငွေစက္ကူများကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။

၁၉၆၄၊ စက်တင်ဘာလ ၁ရ ရက်။   ။ အခြေခံ စားသောက်ကုန်ပစ္စည်း အမျိုးပေါင်း (၆၀) ကျော်ကို နိုင်ငံတော်အစိုးရကသာ ဝယ်ယူဖြန့်ချိခွင့်ရှိသည့် ကန့်သတ်ကုန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၆၄၊ နိုဝင်ဘာလ ၂ ရက်။   ။ စနစ်သစ်တက္ကသိုလ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

၁၉၆၆၊ ဇန္နဝါရီလ ၆ ရက်။   ။ လယ်ယာ၊ ရေထွက်ကုန်ပစ္စည်း အမျိုးပေါင်း (၄၆၀) ကျော်ကို အစိုးရကသာ ရောင်းဝယ်ဖောက်ကား တင်သွင်းခွင့် ဖြန့်ချိခွင့်ရှိသည့် ကန့်သတ်ပစ္စည်းများအဖြစ် သတ်မှတ်လိုက်သည်။

၁၉၆၇၊ ဩဂုတ်လ ၁၃ ရက်။   ။ ရခိုင်တိုင်း၊ စစ်တွေမြို့တွင် စစ်တွေဆန်လုပွဲကြီး ပေါ်ပေါက်ခဲ့ရာ စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့သဖြင့် လူပေါင်း (၂၀၀) ခန့် သေကြေဒါဏ်ရာရခဲ့သည်။

၁၉၆၉၊ ဖေဖော်ဝါရီလ ၁၃ ရက်။   ။ နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော်ကို ကိုကိုးကျွန်းသို့ ပို့ခဲ့သည်။

၁၉၇၁၊ ဇွန်လ ၂၁ ရက်။   ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမဆုံးအကြိမ် ပါတီညီလာခံကြီးကို ခေါ်ဆိုကျင်းပခဲ့သည်။

၁၉၇၁၊ နိုဝင်ဘာလ ၁၃ ရက်။   ။ ကိုကိုးကျွန်းရောက် နိုင်ငံရေး အကျဉ်းသားများ၏ (၅၃) ရက်ကြာ အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကိုကိုးကျွန်း အကျဉ်းထောင်ကို လုံးဝ ဖျက်သိမ်းပေးခဲ့ရသည်။

၁၉၇၄၊ ဇန္နဝါရီ ၃ ရက်။   ။ အခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပကာ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုကြောင်း ကြေညာချက်ကို တော်လှန်ရေးကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

၁၉၇၄၊ ဇန္နဝါရီ ၂ရ ရက်။   ။ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့သည်။

ဝင်းတင့်ထွန်း ရေးသားသည့် “အမှောင်ကြားက ဗမာပြည်” အနီးခေတ် ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအကျဉ်း (၁၉၄၈ – ၂၀၀၀) မှ ကောက်နှုက်ချက်များ ဖြစ်ပါသည်။