သမိုင်းရက်စွဲများ (၄)

Zaw WonnaDecember 29, 20111min771
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် (၁၉၇၄ – ၁၉၈၈)
၁၉၇၄၊ မတ်လ ၂ ရက်။   ။ တော်လှန်ရေးကောင်စီက သိမ်းပိုက်ရယူထားသော နိုင်ငံတော် အချုပ်အခြာအာဏာကို နိုင်ငံတော်ကောင်စီ ဥက္ကဌ ဦးနေဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

၁၉၇၄၊ ဇွန်လ ၆ ရက်။   ။ အင်းစိန် မီးရထားစက်ခေါင်းရုံ၊ သမိုင်း ချည်မျှင်နှင့် အထည်စက်၊ အုတ်ကျင်း ဂုံနီစက်၊ ဆင်မလိုက် သင်္ဘောကျင်းတို့မှ စတင်ကာ အလုပ်သမား သပိတ်ကြီး ပေါ်ပေါက်ခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည်။

၁၉၇၄၊ ဇွန်လ ၁၈ ရက်။   ။ လက်နက်ကိုင် သောင်းကျန်းသူများအား အမြစ်ပြတ် ခြေမှုန်းနိုင်ရန်အတွက် ဖြတ် (၄) ဖြတ် အစီအစဉ်ကို တရားဝင်ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့သည်။

၁၉၇၄၊ ဇွန်လ ၂၉ ရက်။   ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အမေရိကန် ပြည်ထောင်စုမှ ဒေါ်လာ (၄.၈) သန်းနှင့် ရဟတ်ယာဉ် (၆) စီး အကူအညီပေးရန် သဘောတူညီမှု ရရှိခဲ့သည်။

၁၉၇၄၊ ဒီဇင်ဘာလ ၅ ရက်။   ။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၏ ရုပ်အလောင်းကို ကြံတောသင်္ချိုင်းသို့ ပို့ဆောင်ပြီး မြုပ်နှံတော့မည့် အချိန်တွင် တက္ကသိုလ် ကျောင်းသားများနှင့် ရဟန်းပျိုများက ရုပ်အလောင်းကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အတွင်းသို့ သယ်ယူလာပြီး နိုင်ငံတော် ဈာပနအဖြစ် ပြုလုပ်ခဲ့ကြသည်။

၁၉၇၅၊ ဇွန်လ ၆ ရက်။   ။ ၁၉၇၄ ခုနှစ် အလုပ်သမား သပိတ်ကြီး၏ နှစ်ပတ်လည် အဖြစ် တက္ကသိုလ် ကျောင်းသား သပိတ်ကြီး ပေါ်ပေါက်ခဲ့သည်။

၁၉၇၆၊ မတ်လ ၂၃ ရက်။   ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အသက်တရာပြည့် အထိမ်းအမှတ်အဖြစ် မှိုင်းရာပြည့် နိုင်ငံရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့သည်။

၁၉၈၀၊ မေလ ၂ရ ရက်။   ။ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပပြီးစီးခြင်းနှင့် သံဃာ့ဝန်ဆောင်အဖွဲ့ကြီး အောင်မြင်စွာ ဖွဲ့စည်းနိုင်ခြင်း အထိမ်းအမှတ်အဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြီးကို ထုတ်ပြန်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ခွင့် ရခဲ့သည်။

၁၉၈၃၊ အောက်တိုဘာလ ၉ ရက်။   ။ တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝမ် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ်လာပြီး အာဇာနည်ကုန်းတွင် ပန်းခွေချရန် အစီအစဉ်အား မြောက်ကိုရီးယား နိုင်ငံသားနှစ်ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဝန်ကြီး (၄) ဦး အပါအဝင် လူပေါင်း (၂၁) ဦး သေဆုံးခဲ့သည်။

၁၉၈၅၊ နိုဝင်ဘာလ ၃ ရက်။  ။ ပြည်တွင်း၌ တရားဝင် လည်ပတ်သုံးစွဲနေသော ငွေကျပ်သန်းပေါင်း ၁၂၀ဝ ကျော် တန်ကြေးရှိသည့် ကျပ်တစ်ရာတန် ငွေစကူများကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။

၁၉၈၇၊ စက်တင်ဘာလ ၅ ရက်။   ။ တရားဝင် လည်ပတ်သုံးစွဲနေသော ငွေကျပ်သန်းပေါင်း ၆၅၀ဝ ကျော် တန်ကြေးရှိသည့် (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်နှင့် (၇၅) ကျပ်တန် ငွေစက္ကူများကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။

၁၉၈၈၊ မတ်လ ၁၃ ရက်။   ။ ရန်ကုန်၊ စက်မှုတက္ကသိုလ်အနီးရှိ လက်ရည်ဆိုင်တွင် စက်မှုတက္ကသိုလ် ကျောင်းသား (၃) ဦးနှင့် အရပ်သား (၄) ဦးတို့ ရန်ဖြစ်ခဲ့ရာက အစပြု၍ စစ်တပ်က စက်မှုတက္ကသိုလ် ကျောင်းတွင်းသို့ သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုကြောင့် ကျောင်းသား မောင်ဖုန်းမော်နှင့် မောင်စိုးနိုင်တို့ သေဆုံးခဲ့ရပြီး ဖုန်းမော်အရေးအခင်းကြီး ပေါ်ပေါက်လာခဲ့ရသည်။

၁၉၈၈၊ မတ်လ ၁၄ ရက်။   ။ ကျောင်းသားများက အဖြစ်မှန်ကို ရေးသားပြီး ပြည်သူများ အဖြစ်အပျက်ကို အမှန်အတိုင်း သိမြင်နိုင်စေရန် ကြိုးပမ်းဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။

၁၉၈၈၊ မတ်လ ၁၆ ရက်။   ။ အင်းလျားကန်ဘောင်ပေါ်တွင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ သွေးချင်းချင်းနီအောင် အရိုက်အနှက်ခံခဲ့ရသည့် တံတားနီ အရေးအခင်း ပေါ်ပေါက်ခဲ့သည်။

၁၉၈၈၊ မတ်လ ၁၈ ရက်။   ။ ကျောင်းသား အယောက် (၂၀) ခန့် ရန်ကုန်မြို့ထဲရှိ ဗန္ဓုလပန်းခြံတွင် တရားဟောကြရာမှ လမ်းပေါ်မှ လူထုနှင့် စတင်ပေါင်းမိပြီး ဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာခဲ့သည်။ အစိုးရက ဆန္ဒပြသူများကို ဖမ်းဆီးရာတွင် အချုပ်ကားများဖြင့်သာမက အသားတင် အလုံပိတ်ယာဉ်များကို အသုံးပြုခဲ့ရာ ဖမ်းဆီးခံရသူ (၄၁) ဦး အသက်ရှု မွန်းကြပ်ကာ သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

၁၉၈၈၊ ဇွန်လ ၂၁ ရက်။   ။ ရန်ကုန်မြို့၊ မြေနီကုန်းတွင် စီတန်းလမ်းလျှောက် ဆန္ဒပြလာသည့် ကျောင်းသူကျောင်းသားများအား လုံထိန်းရဲကားများဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူထုက မခံမရပ်နိုင်ဖြစ်ကာ ကျောင်းသားထုနှင့် ပူးပေါင်းပြီး လုံထိန်းရဲများကို ရရာလက်နက်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ လုံထိန်းရဲ (၆) ဦး သေဆုံးခဲ့သည်။

၁၉၈၈၊ ဇွန်လ ၂၃ ရက်။   ။ ပဲခူးမြို့တွင် လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ရာ အစိုးရက နေဝင်မီးငြိမ်း အမိန့်ထုတ်ပြန်ပြီး ဟန့်တားနှိပ်ကွပ်ခဲ့သည်။

၁၉၈၈၊ ဇူလိုင်လ ၂၃ ရက်။   ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အရေးပေါ် ပါတီညီလာခံကြီးကို ခေါ်ဆိုကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌကြီး ဦးနေဝင်းက လက်ရှိရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာကာ ဦးစိန်လွင်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့သည်။

၁၉၈၈၊ ဩဂုတ်လ ၄ ရက်။   ။ သမ္မတသစ် ဦးစိန်လွင်က ရန်ကုန်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာပြီး နယ်မှစစ်တပ်အချို့ကို ရန်ကုန်သို့ ခေါ်ယူကာ စစ်အင်အားတိုးမြှင့် ချထားလိုက်သည်။

၁၉၈၈၊ ဩဂုတ်လ ၈ ရက်။   ။ တပြည်လုံး အတိုင်းအတာအရ မြို့ပေါင်း (၄၀) ကျော်ကို ချက်ချင်းကူးစက် ပျံ့နှံ့ခဲ့သည့် လူထုလှုပ်ရှားမှုအဖြစ် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့၊ ဗန္ဓုလပန်းခြံရှေ့တွင် စခန်းချထားသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူလူထုကို အစိုးရက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့သည်။

၁၉၈၈၊ ဩဂုတ်လ ၁၂ ရက်။   ။ ဦးစိန်လွင်က နိုင်ငံတော်သမ္မတ အဖြစ်မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

၁၉၈၈၊ ဩဂုတ်လ ၁၉ ရက်။   ။ ဒေါက်တာမောင်မောင်က သမ္မတအဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။

၁၉၈၈၊ ဩဂုတ်လ ၂၃ ရက်။   ။ လူထုကြီးအား ချွေးသိပ်သည့် အနေဖြင့် ရန်ကုန်မြို့နှင့် ပြည်မြို့တို့တွင် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးအမိန့်ကို တရားဝင် ရုတ်သိမ်းပေးခဲ့သည်။

၁၉၈၈၊ ဩဂုတ်လ ၂၆ ရက်။   ။ လူထုပရိတ်သတ် ၅ သိန်းခန့် တက်ရောက် အားပေးခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေတိဂုံ အနောက်ဘက်မုဒ် လူထုတရားပွဲကြီး ပေါ်ပေါက်ခဲ့သည်။

၁၉၈၈၊ ဩဂုတ်လ ၂၈ ရက်။   ။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားညီလာခံကြီးကို ကျင်းပကာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် တရားဝင်ဖြစ်မြောက်ရေးနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ယာယီ) ကို တရားဝင် ဖွဲ့စည်းလိုက်ကြသည်။

၁၉၈၈၊ စက်တင်ဘာလ ၁၁ ရက်။   ။ သမ္မတဒေါက်တာမောင်မောင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။

၁၉၈၈၊ စက်တင်ဘာလ ၁ရ ရက်။   ။ ရန်ကုန်မြို့ရှိ ကုန်သွယ်ရေးရုံးချုပ် အပေါ်ထပ်တွင် အစောင့်ချထားသည့် တပ်စုအား သံဃာတော်များ၊ ကျောင်းသားများနှင့် လူအုပ်ကြီးက ကုန်သွယ်ရေးရုံးကို ဝိုင်းကာ လက်နက်ချခိုင်းသည့် ကုန်သွယ်ရေးရုံးချုပ် အရေးအခင်း ပေါ်ပေါက်ခဲ့သည်။

၁၉၈၈၊ စက်တင်ဘာလ ၁၈ ရက်။   ။ ညနေ (၄) နာရီတွင် နိုင်ငံတော် အာဏာအရပ်ရပ်ကို စစ်တပ်က သိမ်းယူလိုက်ပြီဖြစ်ကြောင်း မြန်မာ့အသံမှ ကြေညာခဲ့သည်။

ဝင်းတင့်ထွန်း ရေးသားသည့် “အမှောင်ကြားက ဗမာပြည်” အနီးခေတ် ဗမာပြည်နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအကျဉ်း (၁၉၄၈ – ၂၀၀၀) မှ ကောက်နှုက်ချက်များ ဖြစ်ပါသည်။

One comment

  • တောတွင်းပျော်

    December 30, 2011 at 9:06 pm

    ကို Zaw Wonna ရေ အားပေးပါတယ်။ ကျနော် သိချင်တဲ ့ရက်စွဲ တစ်ချို ့ လွယ်လွယ်သိလိုက်ရလို ့
    ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင် အရေးကြီးရက်စွဲတွေသိရဖို ့ ဒီပိုစ်ကို အကိုးအကားလုပ်ရမယ်။

Leave a Reply