နှစ်ကူးသဝဏ်လွှာ (2011-2012)

thit minDecember 29, 20111min22328

အားလုံးအတွက်ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ(^^)

သူကြီးဦးခိုင်မှအစပြု၍မန်းဂေဇက်ဝင်မိသားစုအားလုံးနဲ့ ဝင်ဖတ်သူတွေပါမကျန်နှစ်သစ်မှာ

စိတ်သစ်လူသစ်တွေနဲ့ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဒီနေ့ ၂၉ ရက်နေ့မှာဘဲ

နှစ်သစ်ကူးဆုတောင်းကို ကြိုပြီးဆုတောင်းလိုက်ပါတယ်။

ကျနော် တို့တွေ ဘဝအမျိုးမျိုး စိတ်အမျိုးမျိုးတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းကို ပိုကောင်းသော

နှစ်သစ်ဖြစ်သွားအောင် ပြုပြင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ကြိုးစားရမယ်လို့ယုံကြည်ပါတယ်။

ကိုယ့်ကိုကိုယ်ကောင်းအောင် နေတယ်ဆိုတယ်ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။

ငါ ငါ ဆိုတဲ့ မာန ဟာ လူ တယောက်ကိုရုပ်ဆိုးအကျည်းတန်လှပါတယ်။

နှိမ့်ချတတ်ခြင်းဟာ မင်္ဂလာတပါးဆိုတဲ့အတိုင်း မာနကင်းတဲ့သူဟာ ရုပ်မလှပေမဲ့စိတ်လှပါတယ်။

ကျနော် တချိန်က မာနကြီးတဲ့ လူတယောက်ဖြစ်ခဲ့ဘူးပါတယ်။ကိုယ်နဲနဲသိတာ တတ်တာလေးကို

နွားခြေရာကွက်ထဲက ရေကို ပင်လယ်ထင်တဲ့ဖားသူငယ်လို ခြေသလုံးက သွေးနားထင်ကိုရောက်ခဲ့တာမျိုးပါ။

ကိုယ့်ထက် ဂုဏ်အားဖြင့်အသက်အားဖြင့်ကြီးသူများကိုလည်း နှုတ်နဲ့ စော်ကားမော်ကားပြောဘူးပါတယ်။

ဘာသိလို့လဲ၊ ငါ့လောက်သိလို့လားပေါ့ အဲဒီလို ပုံစံမျိုးတွေပါ။

ခုနေပြန်ကြည့်လိုက်ရင်တော်တော်ရှက်ဘို့ကောင်းလှပါတယ်။ အဲဒီလိုအပြောခံရသူတွေက

ဘာမှပြန်မပြောတာကိုတောင် ငါဟုတ်လှပြီလို့ ထင်ခဲ့ရတဲ့ အမိုက်အမဲပါ။

လူတော်တော်များများက သိပေမဲ့ မပြောရဲတာကို၊ အဖတ်လုပ်ပြီးမပြောတာကို အဟုတ်ထင်နေခဲ့တာပါ။

တဘက်က ပြန်ကြည့်ရင် ကျနော်ဟာကိုယ့်ဘဝကို ကိုယ်ရပ်တည်နိုင်အောင်ကြိုးစားခဲ့ရတယ်။

အနစ်နာခံခဲ့ရတယ်။ အပျော်အပါးတွေကိုစွန့်လွှတ်ခဲ့တယ်။ အချိန်ကိုတန်ဖိုးထား အားထုတ်ခဲ့ရတယ်။

ရလာတော့ “ငါကွ” တဲ့။ ငါ့လောက် “တန်ခိုးမကြီးတန်ရာ” တဲ့။ ငါမှ အောင်မြင်အောင်လုပ်နိုင်တာတဲ့။

ဆင့်ကျင်ငယ် ပင်လယ်ထင်တဲ့ ပုရွက်ဆိတ် ကောင်ဖြစ်ခဲ့တာ။

ဘာဖြစ်လည်းဆိုတော့ လူတွေကကြိတ်မုန်းတာ ခံခဲ့ရတယ်။ဘယ်သူကမှတော့ “ရန်ဖြစ်ခံ”ပြီး အမုန်းခံပြီး

ပွင့်ပွင့်လင်းလင်း မပြောကြမဆုံးမကြတော့  လူကောင်းဖြစ်ဖို့ စိတ်ဓာတ်တွေကောင်းလာဖို့ ပြင်နိုင်ဘို့

အချိန် တွေ ကို ဆုံးရှုံးခဲ့ရတာအမှန်ပါဘဲ။

ဘဝအတွက် ကောင်းသော မိတ်ဆွေများ၊ ကောင်းသောသင်ယူမှုများကို ဆုံးရှုံးခဲ့ရပါတယ်။

ကိုယ်ဟာကို ကြိုးစားတတ်တဲ့ စိတ် ဇွဲကြီးတဲ့ စိတ် ဝိရီယစိတ်တွေ ရှိတယ်ဆိုပေမဲ့ “မာန” တံတိုင်းက

“ရလာဒ်” တွေ ကို အားနဲစေခဲ့တာ လက်တွေ့ပါဘဲ။

နောက်တော့ ဘဝပေးအခြေအနေအရ အရမ်းချမ်းသာတဲ့ လောကထဲကလူတွေနဲ့ပါတ်သက်ဆက်

ဆံလာရတယ်။ လူအမျိုးမျိုးကိုတွေလာရတယ်။ လူချမ်းသာပေမဲ့ စိတ်မချမ်းသာရသူတွေ။

ချမ်းသာသလောက် စိတ်သဘောထားကောင်းတဲ့ (ကောင်းသောအကြောင်းအရာမလို့

ဒီနေရာမှာဖော်ပြပါရစေအရီးတောင်းအန်ကယ်ဦးကျော်သိန်း၊ မျိုးမျိုးဝမ်းတွင်းလုံချည်ကကိုကြီး

ကျော်မျိုးထွန်း) သဋ္ဌေးတွေကို တွေ့ရပါတယ်။ တခြားသူတွေလည်းရှိပါသေးတယ်။

နောက်တော့ပညာတတ်အသိုင်းအဝိုင်း ပေါ့။ ဟိုတုန်းကတည်းက အမေရိကန်ပြန်ဆရာကြီးတွေ

ပါမောက်ခကြီးတွေနဲ့ အနီးကပ်နေခွင့် အတူတူသွားလာ ခွင့်လေးတွေ ရခဲ့ရတော့ သူတို့ရဲ့ စိတ်တွေကို

မြင်ရပြီး ကျနော်လေရှက်လိုက်တာဗျာ။

ငါလို မြေမှုန့်မြေမွှား က သူတို့လိုတောင်ကြီးတွေလောက်တောင် ရို့ကျိုးချင်းမရှိပါလားလို့

ခံစားလာရတယ်။ နောက်တော့ နိုင်ငံခြားကိုရောက်လာတယ်။

ဒီကျ ပိုဆိုးသွားပြီ။ သူကြီး ဦးခိုင်ပြောသလို ဘီလီယံချီပြီး ချမ်းသာတဲ့ သူဌေး ကိုယ်တိုင်အိမ်သာ

ဆေးတာတွေ့ဘူးရပြီ။

Standford University-စတဲန်းဖို့ က ပြီးတဲ့ ကျနော်ဆရာပါမောက်ခ ကမြန်မာနိုင်ငံလိုနိုင်ငံကလာတဲ့

ကျနော်ကိုလူကြားထဲမှာအရေးပေးဆက်ဆံတာခံရတော့  “မာန” စိတ်တွေနဲ့ “ငါ” ဟာ နောင်တတွေနဲ့ပေါ့။

ဝမ်းလဲဝမ်းသာသလို ကိုယ့်ရဲ့အားနဲချက်တွေကိုပါမြင်လာတယ်၊ ပြင်ဖို့ကြိုးစားရတာပေါ့။

ပြောရရင်ဗျာ။ ကျနော် ဆီမီနာ(၂)မှာ အကျင့်တွေကိုဖော်ပြထားပါတယ်။

အကျင့်ဆိုတာ ဥပဒေမဟုတ်လေတော့ မလိုက်နာလဲ နေလို့ရနေတာမျိုးလေ။

အဲဒီတော့ လူတွေအလွယ်တကူဘဲ ချိုးဖောက်နေကြတာဘာဆန်းမှာလဲ။

နောက်တခုကတော့ ကျနော် “စံ” တွေကိုပြောပြထားတာပါ။

တကယ်တော့ “စံ” ဆိုတာကောင်းမှန်းလူတိုင်းသိပါတယ်။လုပ်ချင်မှလုပ်နိုင်အုန်းမှာပါ။

ကိုယ့်ရဲ့ လက်တွေ့ဘဝအခြေအနေကနေ စ ပါနော်။ ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက်ကောင်းမယ်ဆို

တာသိရင်ပြီးတာပါဘဲ။သူများနဲ့ နှိုင်းပြီးတော့လည်း စိတ်ဓာတ်ကျစရာမလိုပါဘူး။

ကျနော့ ကော်မန့်လေးလို ကိုယ့်စိတ်ကူးဂရပ်လေးကိုယ်ဆွဲပါဒီနေ့ထက်မနက်ဖန်တိုးတက်မယ်ဆိုရင်

ဝမ်းသာပါ။ အုတ်ခဲတလုံးချင်းကနေ ဗိမာန်ကြီး တည်ဆောက်နိုင်ပါတယ်။

နေ့စဉ်တော့အုတ်ခဲတလုံး စီဖြစ်ဘို့တော့လိုတယ်ပေါ့ဗျာ။

ကျနော်တို့တွေ ကိုယ့်ကိုကို စိတ်ဓာတ်တွေ၊ တရားမျှတတဲ့ရုပ်ပိုင်းတိုးတက်မှုတွေ ၂၀၁၂

မှာရရှိအောင်ကြိုးစားရင်းနဲ့…………………..

ကျနော်တို့အားလုံးချစ်တဲ့ ဂေဇက်ကိုလည်း မနေ့ကထက်ဒီနေ့ မနှစ်ကထက်ဒီနှစ်

တိုးတက်အောင်လုပ်ရမှာပေါ့နော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုခင်မင်လေးစားလျှက်

မောင်သစ်မင်း

28 comments

  • blackchaw

    December 29, 2011 at 10:48 am

    မင်္ဂလာရှိလိုက်တာ ကိုသစ်ရေ။
    ၂၀၁၁ ခုနှစ်အတွင်း ကိုသစ်ရဲ့ စွမ်းဆောင်ရည်တွေက
    တန်ဘိုးကြီးလိုက်တာဗျာ။
    ဟာသတွေ နဲ့ ကျွန်တော်တို့ ရဲ့ Stress တွေကို လျှော့ချပေးသူ၊
    ကဗျာတွေ နဲ့ ကျွန်တော်တို့ တွေကို ကြည်နူးချမ်းမြေ့စေသူ၊
    ဂျပန် ဘာသာပြန်ဝတ္ထုလေးတွေနဲ့ ကျွန်တော်တို့ ရဲ့ ခံစားနိုင်စွမ်းကို နယ်ပယ်ချဲ့ထွင်ပေးသူ၊
    ရသစာစုလေးတွေနဲ့ ကျွန်တော်တို့နှလုံးသားတွေကို နူးညံ့ပျော့ပျောင်းစေသူ၊
    ဆီမီနာတွေလုပ်ပြီး အသိပညာတွေနဲ့ ကျွန်တော်တို့ကို လက်တွဲခေါ်ယူသူ
    အဲဒီလူဟာ သစ်မင်း ပါ။
    ၂၀၁၂ မန်းဂဇက်မှာ ကျွန်ုပ်ဘလက်ရဲ့ ဘက်လိုက်မှုမပါသော ရွေးခြယ်မှုအဖြစ်
    ကိုသစ်မင်း သည်သာ တန်ဘိုးအကြီးဆုံး စာရေးသူဖြစ်ပါကြောင်း တရားဝင် ပြောခွင့်ပြုပါခင်ဗျာ။
    ဒါ ကျွန်တော် တစ်ဦးတည်းရဲ့ အကြိုက်ကို ပြောတာပါ။
    ၂၀၁၂ ဟာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းတွေနဲ့ ပြည့်စုံသော နှစ်တစ်နှစ် ဖြစ်ပါစေ ကိုသစ်ရေ။
    ၂၀၁၂ အတွင်း ကျွန်တော် အကြိုက်ဆုံး ကိုသစ်မင်းရဲ့ ပို့စ်လေးကတော့
    “Midlife Crisis ကို အကြံပေးကြည့်ခြင်း” ဆိုတဲ့ ပို့စ်လေးပါဗျာ။
    ဒါ ကျွန်တော့် အကြိုက်ပါ။ ကျွန်တော်တို့ အရွယ်ကြီးတွေ အကြိုက်ပါ။
    ရွာထဲက ချာတိတ်ကာလသား၊ ကာလသမီးတွေ နဲ့ တော့ တူချင်မှ တူမှာပါ။

    • nozomi

      December 29, 2011 at 12:21 pm

      ကိုဘလက်လိုတော့ ကျွန်တော် မပြောတတ်လို့ပါ
      အားလုံးကို ကြိုက်ပေမဲ့ ၊ အကြိုက်ဆုံးကတော့ ကိုသစ် ပါပဲ
      ကိုသစ် ရဲ့ ရွာအပေါ်ထားတဲ့ မေတ္တာ ၊ စေတနာ တွေ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ

  • ငပေါက်ဖော်

    December 29, 2011 at 11:06 am

    ကိုသစ်ပြောပြတော့..ကျနော်တို ့လို မြူမှုန်လေးတွေ ပိုလို ့ရှက်ဖွယ်ပါပဲဗျာ
    ဆင်ခြင်ပါ့မယ်

  • amatmin

    December 29, 2011 at 1:30 pm

    ဆြာသစ်ရေ..
    လောလောဆယ်တော့ အုတ်ခဲ မစုနိုင်သေးလို့ အုတ်ခဲလုပ်နည်းရယ် ..
    လိုအပ်တာလေးတွေ ရယ်အရင်စုဆောင်းလိုက် ဦးမယ် အကိုရာ..

  • ကိုရင်စည်သူ

    December 29, 2011 at 2:05 pm

    ကိုသစ်ပြောလိုက်တော့.. ကိုရင်တို့လို့..
    ပင်လယ်ကြီးထဲက ဘောက်ဖတ်လေးတွေမှာ
    ဆင်ခြင်ပြီး အသိတရား သတိတရားနဲ့
    ၂၀၁၂ ကနေစပြီး တိုးတက်အောင် အောင်မြင်အောင်
    တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစားသွားတော့မယ်ဗျာ…
    ဘဲ့အဲ့..အဲ့…

  • super

    December 29, 2011 at 2:29 pm

    ဆရာသစ်ရေ ….. ကျေးဇူးတင်ပါတယ်ဗျာ….. နှစ်သစ်မှာပျော်ရွှင်ပါစေ….

  • manawphyulay

    December 29, 2011 at 3:08 pm

    ဟုတ်ကဲ့ပါ အကိုသစ်မင်းရေ… မနောလည်း နိုင်သလောက် အုတ်ခဲတစ်လုံး တတ်နိုင်သလောက်ဖြည့်ဆည်းသွားမှာပါ….

  • MaMa

    December 29, 2011 at 3:48 pm

    ဆြာသစ်ရေ-
    ကိုယ့်အပြစ်ကိုယ်မြင်အောင်ကြည့်နိုင်တဲ့ မျက်စေ့ရှိတာက တော်တော်အားကျဖို့ ကောင်းနေပြီ။
    ဆုံးမလွယ်ခြင်းသည် မင်္ဂလာတစ်ပါးလို့ မှတ်သားထားပေမယ့် ကိုယ့်ကိုကိုယ် အမှန်လုပ် အဟုတ်ထင် နေတဲ့ စိတ်စာ ပြုပြင်ရ အတော်ခက်ပါတယ်။

  • koyinmaung

    December 29, 2011 at 6:38 pm

    ကိုသစ်မင်းရေ…
    ဒီပို့စ်ကိုဖတ်ပြီးပိုလေးစားမိပါတယ်
    ကိုယ့်ကိုယ်ကိုနှိမ်ချပြီးအများကိုဆက်ဆံနိုင်ဘို့ဆိုတာ
    ကိုယ်တိုင်လဲကြိုးစားနေရတုန်းပါ…
    ခုလိုကိုယ်တိုင်ကြုံတွေ့ခံစားချက်လေးတွေမျှဝေပေးတဲ့အတွက်
    ကျေးဇူးအထူးတင်ပါတယ်
    နှစ်သစ်မှာကိုသစ်မင်းလဲလိုအင်ဆန္ဒများပြည့်ဝပါစေဗျာ…..

  • kai

    December 29, 2011 at 6:49 pm

    နှစ်ဟောင်းနှုတ်ဆက်ရင်း..တလက်စထဲ… သတင်းစာ၂၀၁၁ ဒီဇင်ဘာလထုတ် ဒေါင်းလို့ရအောင် လင့်ခ်ပေးလိုက်ပါတယ်..
    နောက်တခါထွက်မယ် သတင်းစာအတွက်.. အင်တာဗျူးကောင်းလေးလည်း ပါလာမယ်ဖြစ်ကြောင်း..ပြောရင်း..။
    http://www.mandalaytube.com/mediadetails.php?key=2866d53ee0048e430d34&title=Mandalay+Gazette+Dec+2011
    ဆာယိုနရ နှစ်ဟောင်းရေ…။ 🙂

    • naywoonni

      December 30, 2011 at 1:12 pm

      ထွက်လာသမျှ စာအုပ်တွေ အကုန်ကြည့်လို့ရအောင်စီစဉ်ပေးမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ဗဟုသုတ ပိုရတာပေါ့ ကိုခိုင်ရယ်…။ စီစဉ်ပေးမယ်မဟုတ်လားဟင် ကျေးဇူးပဲနော်…။

  • Khin Latt

    December 29, 2011 at 7:23 pm

    မှန်တာပြောရရင် ကျွန်မ ကို ဒီဂေဇက်ထဲ ဆရာသစ် ရဲ့ စာတွေက ဆွဲခေါ်ခဲ့ပါတယ်။
    ဒီမှာတင် မမြင်ဘူးပေမဲ့ စိတ်ချင်း ရင်းနှီး သွားတဲ့ မိတ်ဆွေ တွေ အများကြီး ရခဲ့ပါတယ်။
    ဆရာသစ် စခဲ့တဲ့ Seminar ကနေ ရော၊ အခြား Post များကပါ ကျွန်မမှာပြင်စရာ တွေ၊ ထပ်ကြိုးစားစရာ တွေ ကို သိလာတဲ့ အပြင် ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်လူမျိုး အတွက် ပါ ဘာလုပ်ပေးရပါ့ မလဲ ဆိုတဲ့ စိတ် ပါ ဖြစ်ခဲ့ရပါတယ်။
    ဒီအတွက် ကျွန်မ လဲ အများကြီး ကျေးဇူးတင်ပါတယ်။
    ကျွန်မ တို့ ကိုယ့်အတွက် သာမက အများ အတွက်ပါ ကောင်းအောင် ကြိုးစားနိုင်အောင် ကြိုးစားကြရအောင်ပါ။
    (ကြိုးစား ၂ခု ထပ်ပြီး စာမချောတာ ခွင့်လွှတ်ကြပါ)
    ဆရာသစ်၊ သူကြီးခိုင်၊ ဂေဇက်ညီအစ်ကို မောင်နှစ်မ အားလုံး နှင့် တစ်ကွ မြန်မာပြည်သူ/သား၊
    က မ္ဘာသူ/ သား များ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်း လိုအင်ဆန္ဒများ နှင့်ပြည့်စုံ ကာ ၂၀၁၂ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ ကြောင်း ဆုမွန် ခြွေလိုက်ပါရစေရှင့်။ 🙂

  • yaungchikha

    December 29, 2011 at 7:43 pm

    ကိုသစ်မင်းရဲ့ ထားတတ်တဲ့စိတ်ကို လေးစားပါသည်၊ ကျမလည်း တတ်နိုင်သမျှကြိုးစားပါမည်။
    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်………………….

  • Oo Oo

    December 29, 2011 at 9:35 pm

    ကိုသစ်ရေ..
    ကိုသစ်ရဲ့စာတွေဖတ်ပြီး ကိုသစ်ရဲ့စိတ်ကိုကျနော်ဖတ်မိတာလေးက..
    အရသာရှိတဲ့အစားကောင်းလေးစားရတဲ့အခါ..မိတ်ဆွေတွေကိုပါ မျှဝေစားစေချင်တတ်သူ
    အသိဉာဏ်ပညာကောင်းတွေ သိလာတဲ့အခါ ..မိတ်ဆွေတွေကိုပါ သိစေတတ်စေချင်တဲ့ သူ
    စိတ်ဓါတ်ကောင်းထားခြင်းရဲ့ကောင်းကျိုးကိုခံစားမိတဲ့အခါ မိတ်ဆွေတွေကိုပါစိတ်ဓါတ်ကောင်းထားစေချင်တဲ့သူ
    အဖြစ်မြင်မိပါတယ်။
    မြင့်မြတ်သောစိတ်ထားသည်လောကကြီးကိုအစဉ်လှပစေသလို..မန်းဂေဇက်ရွာကြီးလည်းထာဝရလှပနေပါစေဗျာ

  • TTNU

    December 29, 2011 at 10:53 pm

    ကိုသစ်ရေ…

    “မာန” စိတ်တွေနဲ့ “ငါ” ဟာ နောင်တတွေနဲ့ပေါ့။ ကိုသစ်ရေးထားတဲ့
    ဒီစာသားလေးကြိုက်လိုက်တာ။

    တီချာတို့ ဘုရားရှိခိုးတရားမထိုင်ခင်ရွတ်ဆိုနေကျလေးတစ်ခုပြောပြမယ်နော်။
    “ဘုရားတပည့်တော်၏ ရုပ်နာမ်ခန္ဓာတို့သည် ရွံရှာဖွယ်၊ စက်ဆုတ်ဖွယ်ရာအတိဖြစ်ပါသည်။
    ဘုရားတပည့်တော်သည် မုချမသွေသေရမည်ကို သိရှိနားလည်သဘောပေါက်ပါသည်
    အရှင်ဘုရား။”

    ကိုသစ်ရယ်… တီချာဖြင့် နေ့တိုင်း အဲဒီလိုရွတ်ဆိုလိုက်တိုင်း… ငယ်ငယ်တုန်းက ထားခဲဖူးတဲ့
    အတ္တမာန တွေကိုတွေးမိပြီး ရှက်လိုုက်တာ။ ငယ်စဉ်တုန်းက ငါသာငါထက်မာန်တွေတက်ခဲမိကြ
    တာပါလား။ လုပ်ပစ်လိုက်မယ်။ ချေမွပစ်လိုက်မယ်။ ငါ့ဘာမှတ်သလဲ….အို ခုတွေးကြည့်မှ…
    တော်တော်သနားစရာကောင်းတဲ့ ငါတွေပါလား။

    ကိုယ့်ကိုယ်ကို စိတ်ဓာတ်တွေ၊ တရားမျှတတဲ့ရုပ်ပိုင်းတိုးတက်မှုတွေ ၂၀၁၂
    မှာရရှိအောင်ကြိုးစားရအောင်ဆိုတဲ့ ကိုသစ် အဆိုလေးကို လေးစားစွာထောက်ခံလိုက်ပါတယ်။

    မေတ္တာဖြင့်
    တီချာ

  • TTNU

    December 29, 2011 at 11:03 pm

    ကိုသစ်ရေ…

    “မာန” စိတ်တွေနဲ့ “ငါ” ဟာ နောင်တတွေနဲ့ပေါ့။ ကိုသစ်ရေးထားတဲ့
    ဒီစာသားလေးကြိုက်လိုက်တာ။

    တီချာတို့ ဘုရားရှိခိုးတရားမထိုင်ခင်ရွတ်ဆိုနေကျလေးတစ်ခုပြောပြမယ်နော်။
    “ဘုရားတပည့်တော်၏ ရုပ်နာမ်ခန္ဓာတို့သည် ရွံရှာဖွယ်၊ စက်ဆုတ်ဖွယ်ရာအတိဖြစ်ပါသည်။
    ဘုရားတပည့်တော်သည် မုချမသွေသေရမည်ကို သိရှိနားလည်သဘောပေါက်ပါသည်
    အရှင်ဘုရား။”

    ကိုသစ်ရယ်… တီချာဖြင့် နေ့တိုင်း အဲဒီလိုရွတ်ဆိုလိုက်တိုင်း… ငယ်ငယ်တုန်းက ထားခဲဖူးတဲ့
    အတ္တမာန တွေကိုတွေးမိပြီး ရှက်လိုုက်တာ။ ငယ်စဉ်တုန်းက ငါသာငါထက်မာန်တွေတက်ခဲ့မိကြ
    တာပါလား။ လုပ်ပစ်လိုက်မယ်။ ချေမွပစ်လိုက်မယ်။ ငါ့ဘာမှတ်သလဲ….အို ခုတွေးကြည့်မှ…
    တော်တော်သနားစရာကောင်းတဲ့ ငါတွေပါလား။

    ကိုယ့်ကိုယ်ကို စိတ်ဓာတ်တွေ၊ တရားမျှတတဲ့ရုပ်ပိုင်းတိုးတက်မှုတွေ ၂၀၁၂
    မှာရရှိအောင်ကြိုးစားရအောင်ဆိုတဲ့ ကိုသစ် အဆိုလေးကို လေးစားစွာထောက်ခံလိုက်ပါတယ်။

    မေတ္တာဖြင့်
    တီချာ

  • hmee

    December 29, 2011 at 11:41 pm

    ငယ်တုန်းကတော့ ငယ်စိတ် မာနလေးနဲ့ပေါ့။ လုပ်တိုင်းကလည်း ဖြစ်တာကိုး။ တော်ရုံဆို ပခုံးခြင်း ယှဉ်ချင်တယ် အနိုင်ယူချင်တယ်။ ငါမှငါ ဆိုပြီး တခုခုများ အကျောခံရပြီဆို ပူလောင်လိုက်တာ အိပ်မရ စားမရ မာနတွေနဲ့။ အခု အသက်လေးကြီးလာတော့ အဲ့လို တလွဲမာနတွေကို ရှက်လာတယ်။ ကိုယ့်ဘာသာ သတိထားပြီး ပြင်လာခဲ့ရတယ်။ ကိုယ့်ကိုကိုယ် နှိမ့်ချဆက်ဆံတတ်အောင် သတိပေးပြီး နေလာခဲ့တာ အခုဆို တော်တော် စိတ်ချမ်းသာစရာ ကောင်းမှန်းသိလာတယ် ကိုသစ်မင်းရေ။
    ကိုသစ်မင်းလည်း နှစ်သစ်မှာ စိတ်သွားတိုင်း ကိုယ်ပါလို့ လိုရာဆန္ဒပြည့်ပါစေ။ ရွာအကျိုးလည်း ဆထက်တပိုး ထမ်းရွက်နိုင်ပါစေ။ ရွာသူားများနဲ့ သဂျီးလည်း နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။

  • comegyi

    December 30, 2011 at 12:37 am

    ကိုသစ်ရေ့
    တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်
    ကြိုးစားပြီးတော့ နေထိုင်ပါတင်ခင်ဗျာ
    ဒါ့အပြင် ကိုသစ်ပို့(စ်)တွေကို
    ဖတ်နေရတာကလည်း
    အစ်ကိုတစ်ယောက်
    ဆရာတစ်ယောက်က ဘေးကအမြဲသတိပေးလမ်းညွှန်နေတယ်
    လို့ခံယူမိတဲ့အတွက်
    ဝမ်းသာအားတက်မှုလည်းဖြစ်ရပါတယ်
    ကိုသစ်လည်း အစစအရာရာလိုအင်ဆန္ဒပြည့်ဝပါစေ
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့
    ကျွန်တော်ဆုတောင်းမေတ္တာပို့ပါတယ်ခင်ဗျာ
    ရွာသူရွာသားအပေါင်းလည်း
    ငြိမ်းချမ်းပျော်ရွှင်ကြပါစေ……

  • ကြောင်ကြီး

    December 30, 2011 at 11:05 am

    ဓဂျီးကတော့ တငါငါနဲ့ ထောင်နေတာ မိုးပေါ်ကို တချိန်လုံးပဲ။ ဓဂျီးဂဒေါ် နှိပ်ကွပ်လိုက်မှ ပျော့ကျသွားတယ်။ မှတ်ပြီလားဓဂျီးရေ……

  • စုံ စုံ

    December 30, 2011 at 11:33 am

    ကိုသစ်မင်းရေ စာတွေအများကြီးမရေးတတ်ပေမယ့်
    ကိုသစ် ဆိုလိုတာကိုနားလည်ပါတယ် ကိုသစ်စာတွေထဲက
    မေတ္တာစေတနာတွေကိုလဲမြင်ရပါတယ်
    လာမယ့် ၂၀၁၂ နှစ်သစ်ကနေစလို့တနှစ်ပတ်လုံး ကိုသစ်မင်း၊ သဂျီးနှင့်တကွ
    ရွာသူားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

  • windtalker

    December 30, 2011 at 1:40 pm

    ကိုသစ်ရဲ ့လမ်းညွှန်မှုများ ဖြင့်
    မြူမှုန်တစ်မှုန် မှ သည် ပိုမိုကောင်းမွန်အောင် တက်လှမ်းနေတဲ့
    မစ်စတာပေ

  • pooch

    December 30, 2011 at 11:00 pm

    ကိုသစ်မင်းရဲ့ နှစ်ကူး သဝဏ်လွှာလေးကတော့ တကယ့်ကို် အဖိုးတန်စာစုလေးပါပဲ..

  • aye.kk

    December 31, 2011 at 1:22 am

    ကိုသစ်အား..
    နှစ်သစ်မင်္ဂလာဂါရဝဖြင့်..
    အချိန်တန်ဘိုး..
    မြတ်နိုးထား၍..
    တွေ ့မြင်ဂေဇက်..
    နေ့ဆက်ဆက်ပင်..
    တိုးတက်မြင်သာ..
    စေတနာဖြင့်..
    စာဆီဗဟု..
    သုတအနှစ်..
    ကိုသစ်တင်တတ်..
    ဖတ်ရှု ့ကကြိုက်
    နှစ်ချိုက်ပျော်ရွှင်..
    ကြည်လင်အေးချမ်း..
    စိတ်ဝမ်းမှာလျှင်..
    မင်္ဂလာပေါင်း..
    ခညောင်းစေသာ..
    မေတ္တာတောင်းဆုအမြဲချွေ..။

  • windtalker

    December 31, 2011 at 2:01 pm

    အခုချိန်ထိတော့
    ကိုသစ်မင်း ပစ်ထားတဲ့ မြှားနှစ်စင်း ဟာ ပစ်မှတ်တွေ ဆီ မရောက်သေးပါဘူး ခင်ဗျာ
    ဗေပုံ ထိပုံ ဗေပုံ ထိပုံ

  • tt lay

    December 31, 2011 at 3:28 pm

    ဂဇက်ရွာသူားအပေါင်းနှင့် စာဝင်ဖတ်သူများရဲ့ စိတ်ကို စာပေဖြင့်ဖမ်းစားနိုင်သူ ကိုသစ်မင်း
    2012 မှသည် လာမည့်နှစ်များစွာတိုင်အောင် သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ပညာပြည့်ဝ နှလုံးလှလျက် အများအကျိုးကို ထမ်းဆောင်နိုင်ပါစေ……..။

  • zaw min

    December 31, 2011 at 7:08 pm

    ဟုတ်ပါတယ်ကိုသစ်ရေ…တစ်ဦးချင်းတစ်ယောက်ချင်းမိမိတို့ရဲ့ စိတ်တွေကိုပြင်၊ပြီးရင်မိမိ မိသားစု၊မိမိ ပတ်ဝန်းကျင် အားလုံးပြင်သွားကြမယ်ဆိုရင် မနှေးသောအချိန်ကာလအတွင်းမှာ တိုးတက်ကောင်းမွန်သောတိုင်းပြည်ကြီးဖြစ်လာမှာ ဧကန်မလွဲပါပဲ….
    ငါ ဆိုတဲ့ ငါစွဲမထား…အမြင်မတူတာတွေ ဘေးဖယ်ထား…လူသား အချင်းချင်း ရိုင်းပင်းကူညီကြအောင်လား..

  • weiwei

    January 1, 2012 at 3:55 pm

    မရှိတာထက် မသိတာခက်၏ ဆိုတဲ့ စကားပုံလိုပေါ့ ….
    တကယ်တော့ သိဖို့တော်တော်ခက်ပါတယ် … သိသလိုလိုရှိပေမယ့် တကယ်မသိပါဘူး …
    ဘယ်လိုပဲပြောပြော .. ဘယ်လိုပဲတရားချချ … မသိတာက မသိတာပါပဲ …

    • thit min

      January 4, 2012 at 7:12 am

      မှန်ပါတယ် မဝေဝေ ရေ။
      ဒါ့ကြောင့်လဲ “ကြယ်ငါးအများစု” ဟာ နေပူတဲ့ သဲသောင်ပေါ်မှာဘဲ “သေ (သို့မဟုတ်) သေလု
      မြောပါး” ဖြစ်နေရတာပေါ့ဗျာ။
      ပြုပြင်လိုက်သောသူကတော့ ပင်လယ်ထဲပြန်ရောက်သွားသော ကြယ်ငါးတကောင်ပါဘဲ။
      (ကျနော်ရည်ရွယ်တာ အဲဒီ လို ပြုပြင်နိုင်သူတယောက်ရှိရင်တောင် မြတ်တယ်လို့ပါ)
      ဒီစာဟာ…………
      ငါ နားလည်တယ် ဆရာလာမလုပ်နဲ့ ဆိုသူများကိုမရည်ရွယ်ပါဘူး။
      စိတ်မဝင်စားဘူးကွာ ဆိုသူများကိုမရည်ရွယ်ပါဘူး။
      ဒို့ကတော့ မပြင်နိုင်ဘူးဟေ့ဆိုသူများကိုလည်း ဘာမှ မပြောလိုပါဘူး။
      ပြင်လို့မှရဘူး ရတယ်ဆိုတာ ကျနော်ကတော့ ကိုယ်တွေ့ပါ။ ဒါပေမဲ့မရဘူးဆိုတဲ့ ဘောင်ထဲမှာရှိ
      နေသူများကိုလည်း ကျနော် သဘောတူပေးပါတယ်။ ကိုယ်တိုင်လည်းအရင်ကအဲဒီလိုယူဆခဲ့ဘူးလို့ပါဘဲ။
      ကျနော်မှားခဲ့သလိုမမှားအောင် ပြန်ပြောပြတဲ့ သဘောမို့ ယူခြင်းမယူခြင်းကတော့ စိတ်ဆန္နအတိုင်းပါခင်ဗျာ။
      ခင်မင်လေးစားစွာ
      မောင်သစ်မင်း

Leave a Reply