န၀မမြောက်နေ့
ဒီနေ့ကတော့ မြတ်ဘုရားရဲ့ နောက်ဆုံး ဂုဏ်တော်ဖြစ်တဲ့ ဘဂ၀ါ ဂုဏ်တော် အကြောင်းလေး သိခွင့်ရတော့မှာမို့ ညအိပ်ယာဝင်ခါနီးတောင် သိချင်လွန်းလာတာကြောင့် မအိပ်တော့ပဲ ဒီစာလေးကို ထရေးမိပါတော့သည်။
ဘဂ၀ါ ဂုဏ်တော်
ရှေ့က ဆိုခဲ့ပြီးသော ဂုဏ်တော် ကျေးဇူးတော်တို့အရ လူရော နတ်ရော ဗြဟ္မာပါ မလပ်အောင် ဆုံးမ၍ ယဉ်ကျေးကြသော သတ္တ၀ါတို့၏ တစ် ပါးတည်းသာ ဖြစ်သော ဆရာသခင် ဘုရားရှင်၏ ဘုန်းတော်၊ ဥာဏ်တော်၊ ကျက်သရေတော်၊ တန်ခိုးတော်တို့ ကြီးမားပုံကို အာရုံပြုမယ်ဆိုလို့ကတော့ ကုန်နိုင်တော့မည် မဟုတ်ပေ။
ဘဂ၀ါ ဂုဏ်တော်ရဲ့ အနက်က ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားလို့ အဓိပ္ပါယ် ပြန်ကြတယ်နော်။ အဲဒီမှာ ဘုန်းတော် ခြောက်ပါးတွေက ဘာတွေပါလိမ့်လို့ သိစရာတွေ ထွက်လာပါ တော့တယ်။ ဘုန်းတော်ခြောက်ပါးကို ဗမာလို သိအောင် မှတ်သားထားလိုက် ပါတယ်။
(၁)ဘုရားရှင် အလိုရှိတော်မူတဲ့အတိုင်း ဖန်ဆင်းတော်မူ လိုရာကို ဖန်ဆင်းနိုင် တဲ့ ၊ အစိုးရတော်မူခြင်း အနက်ကို ဆောင်တဲ့ ဘုန်းတော်က တစ်ပါးပေါ့။ အဲဒီ ဘုန်းတော်ကို ဣဿရိယ ဘုန်းတော်လို့ ခေါ်ပါတယ်တဲ့နော်။ အဲဒီမှာကိုပဲ အစွမ်း သတ္တိအားဖြင့် ရှစ်မျိုးပြားသွားပါတယ်။ အဲဒီရှစ်မျိုးက စမှတ်ကြတာပေါ့။

(၁) အဏိမာဘုန်းတော်
မြတ်စွာဘုရားဟာ အလိုရှိတယ်ဆိုရင် မိမိရဲ့ကိုယ်တော်ကို အဏုမြူမှုန်ကလေးတမျှ သေးငယ်သွားအောင် ဖန်ဆင်းနိုင်လို့ ပရိက္ခရာ ရှစ်ပါးနှင့်တကွ မုန်ညင်းစေ့အတွင်းမှာတောင် စင်္ကြံကြွတော်မူနိုင်တယ်တဲ့ ။ နောက်ြပီး ဒီနေရာမှာရှိနေပါလျက် အနီးကလူ မမြင်စေလိုရင် ကိုယ်တော်ကို ကွယ်ပျောက်သွားအောင် ဖျောက်နိုင်တယ်တဲ့နော်။
(၂)လဃိမာ ဘုန်းတော်
မြတ်ဘုရားဟာ မိမိရောက်လိုသော အရပ်ကို လျင်မြန် သောနှုန်းနဲ့ ရောက်စေလို့ စိတ်က ပြဌါန်းလိုက်တယ်ဆိုရင်ပဲ ချက်ချင်းရောက် ပြီးသား ဖြစ်သွားပါတယ်တဲ့နော်။ (အသံထက်တောင် ပိုမြန်ပါတယ်တဲ့။)
(၃)မဟိမာ ဘုန်းတော်
ဒီဘုန်းတော်ကတော့ ရှေ့ဆုံးတစ်ခုနဲ့ ပြောင်းပြန်ပေါ့။ မြတ်စွာဘုရားဟာ အလိုရှိက ကိုယ်တော်ကို အလွန်ကြီးမားအောင် ဖန်ဆင်း ပြတော်မူနိုင်တယ်တဲ့နော်။ အဲဒါနဲ့ ပတ်သက်လို့ ရှင်းပြထားတာလေးရှိသေး တယ်။ ဘုရားလက်ထက်တော်က အသူရိန်နတ်ကြီးဟာ မြတ်ဘုရားရဲ့ ဂုဏ် သတင်းတွေကြားတော့ ဖူးချင်ရှာတယ်တဲ့။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က ယူဇနာ ရှစ်သောင်း လေးထောင်တောင် ကြီးမားတယ်တဲ့နော်။ အဲလို ခန္ဓာကြီးနဲ့မို့ ဘုရားကို ဖူးမယ်ဆိုရင် ငုံ့ဖူးရတော့မှာပဲလို့ ထင်ခဲ့တယ်တဲ့လေ။ အဲဒါကို သိလို့ပဲ မြတ်စွာဘုရားက သူ့ထက် အဆမတန်ကြီးမားတဲ့ ခန္ဓာကိုယ်ကြီး ဖန်ဆင်းပြပြီး လျောင်းတော်မူလျက် အဖူးမြော်ခံတယ်တဲ့။ အဲဒီမှာ အသူရိန်ကြီးက တအား ကုန်မော့ဖူး တာတောင် ဘုရားရှင်ရဲ့ ကိုယ်အထက်ပိုင်းကို မမြင်နိုင်ရှာဘူးတဲ့။ ကဲ ဘယ်လောက်တောင် ထူးဆန်း သလဲနော်။
(၄)ပတ္တိ ဘုန်းတော်
မြတ်စွာဘုရားဟာ မိမိ ကြည့်တော်မူရာ အရပ်ကို အဆီး အတားမရှိဘဲနဲ့ တစ်ခါတည်း အရောက် ကြွတော်မူသွားနိုင်တဲ့ ဘုန်းတော် ကို ပြောတာပါ။
(၅)ပါကမ္မ ဘုန်းတော်
မြတ်စွာဘုရားဟာ အဆင်းအမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုး ကို ဖန်ဆင်းလိုက ချက်ချင်းကို ဖန်ဆင်းနိုင်ပါသတဲ့။
(၆)ဣသိတာ ဘုန်းတော်
ဒီဘုန်းတော်က ဘာကို ပြောတာလဲဆိုရင် ဘုံသုံးပါးမှာရှိကြ တဲ့ သတ္တ၀ါမှန်သမျှရဲ့ စိတ်ကို အုပ်စိုးနိုင်တဲ့ ဘုန်းတော်ကို ပြောပါတယ်။ ဒီဘုန်းတော်ကြောင့်ပဲ သတ္တ၀ါတွေ အပေါ် လွမ်းမိုး အုပ်စိုးနိုင်တာပေါ့။
(၇)၀သိတာ ဘုန်းတော်
ဈာန်အဘိညာဉ်ကို ၀င်စားတော်မူလိုက ချက်ချင်း မဆိုင်း မတွ ၀င်စားနိုင်တဲ့ ဘုန်းတော်ကို ပြောပါတယ်။ သာမာန်ပုဂ္ဂိုလ်ဆိုရင် ဈာန် ၀င်စားလိုက အားထုတ်ကြရတယ်လေ။ မြတ်စွာဘုရားကတော့ ဒီလို ကာလ အပိုင်းအခြားနဲ့ အားထုတ်စရာ မလိုပါပဲ ချက်ချင်း ၀င်စားလို့ ရပါတယ်တဲ့နော်။
(၈)ယတ္တကာမာ ၀သာယိတာ ဘုန်းတော်
ဈာန်ဝင်စားခြင်း၊ ကောင်းကင်ပျံကြွခြင်း စတဲ့ ကိစ္စ တစ်စုံ တစ်ခုကို ပြုတော်မူစဉ် ပြီးဆုံးစေလိုတောမူတဲ့အခါမှာ ဆိုင်းငံ့တော်မမူဘဲ ပြီးဆုံးစေလိုတော်မူသည်နှင့် တစ်ပြိုင်နက် ထိုကိစ္စကို ပြီးဆုံးစေနိုင်သော ဘုန်းတော်ကို ပြောတာပါပဲ။
တကယ်တော့ ဘုန်းတော်ဆိုတာသည်ပင် ဘုန်းတန်းခိုးပဲမို့ ခုပြော လိုက်တဲ့ (၈)မျိုးသည်ပင် နံပါတ်တစ်ရဲ့ အစွမ်းသတ္တိ တန်ခိုးတွေပဲ ဆိုတာကို သိရှိရပြီးနောက် ဒုတိယမြောက် ဘုန်းတော်ကို ဆက်ကြပါမယ်။

(၂)ဓမ္မ ဘုန်းတော်
ဓမ္မဆိုတာသည် ကိလေသာမှန်သမျှကို ဖယ်ရှားသုတ်သင်နိုင်သော မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ရယ်လို့ လောကုတ္တရာကိုးပါး တရားတော် များကို ဆိုလိုပါတယ်။ အဲဒီ တရား ကိုးပါးလုံးကို ရတော်မူသော ဘုန်းတော်ကို ဓမ္မ ဘုန်းတော်လို့ ခေါ်ပါတယ်တဲ့။
(၃)ယသဘုန်းတော်
မြတ်ဘုရားရဲ့ ဂုဏ်သတင်းဟာ ဟုတ်မှန်တဲ့အတိုင်း ကျော်ကြားတဲ့ ဂုဏ်သတင်းမျိုးဖြစ်တာကြောင့် စကြာဝဠါ တစ်သောင်းတိုင်အောင် ပျံ့နှံ့ကျော် ကြားတော်မူသော ဘုန်းတော်ကို ဆိုလိုပါတယ်။
(၄)သိရီဘုန်းတော်
သိရီဆိုတာက အလွန်ကျက်သရေ ရှိပြီး ဖူးလို့မ၀အောင် သပ္ပာယ် တော်မူသော ဘုန်းတော်ကို ပြောတာပါနော်။

(၅)ကာမဘုန်းတော်
ဘုရားရှင်ဟာ အလိုရှိရာ ကိစ္စအ၀၀ကို အကုန် ပြီးစီစေနိုင်သော ဘုန်းတော်နှင့် ပြည့်စုံတော်မူတယ်။ ဒါသည်ပင် ကာမဘုန်းတော်လို့ ခေါ်ပါတယ်။
(၆)ပယတ္တဘုန်းတော်
ဒီဘုန်းတော်ကတော့ နောက်ဆုံးဘုန်းတော်ပေါ့။ ပယတ္တ ဆိုတာကို အရင်ရှင်းထားတယ်။ အဓိပ္ပါယ်က ကြီးမားသော လုံ့လ၀ီရိယတော်ကို ဆိုတာပါနော်။ မြတ်စွာဘုရားရှင်ဟာ နေ့ရော ညပါ အားလပ်ခွင့် မရအောင်ကို ဝေနေယျတို့ရဲ့ အကျိုးကို အားထုတ်တော် မူခဲ့ပါတယ်။ ဒါကြောင့်လည်း အလွန် ကြီးမားသော ၀ီရိယတော်နှင့် ပြည့်စုံသော ဘုန်းတော်ပိုင်ရှင် ဖြစ်တာ ပေါ့နော်။
ကဲ ဒီမှာပဲ ဘုန်းတော် ခြောက်ပါးလုံး စုံလင်သွားပြီမို့ ဘဂ၀ါ ဂုဏ်တော်ကို အားရပါးရ ပွားများနိုင်ပါပြီနော်။

ဘဂ၀ါ – ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

အားလုံးပဲ မြတ်ဘုရား၏ ထူးခြားလှသော ဘုန်းတော် ခြောက်စုံ (ပေါင်း-၁၄ပါး)လုံးကို စိတ်ထဲမှာ ကြည်ညိုသဒ္ဓါ ပွားများနိုင်ကြပါစေသော်….။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”