ဘုရားဂုဏ်တော်ပွားရင်းက သုဂတောဂုဏ်တော်နဲ့ ဆက်စပ်လို့ “ကောင်းသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား”ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ထပ်သိချင်လာတဲ့ အချက်ကလေးတစ်ချက်။ ကောင်းသောစကားကို ဆိုတယ်ဆိုတော့ ဘယ်လို စကားမျိုးပါလိမ့်လို့ စပ်စုချင်လာတာနဲ့ ထပ်လေ့လာ လိုက်တဲ့အခါ “ဘုရားပြောသော စကားနှစ်ခွန်း”ဆိုတာလေး ထပ်သိလာရပါတယ်။ မြတ်ဘုရားနဲ့ ပတ်သက်လို့ သိလာရသမျှတိုင်းဟာ ကျနော်တို့အတွက် အတုယူလိုက်နာဖွယ်ရာများသာ ဖြစ်တာကြောင့် အားလုံးလည်း အကျိုးများစေရန် အလို့ဌါ ထပ်မံ ဝေမျှလိုက်ရပါတယ်။
လောကမှာ လူတွေ ပြောနေကြသော စကားတွေကို အမျိုးအစား ခွဲခြမ်းလိုက်တဲ့အခါ စကားကြီး ခြောက်ခွန်းရယ်လို့ ထွက်လာပါတယ်နော်။ အဲဒါတွေကတော့
၁။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ဘူး”။
၂။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တယ်”။
၃။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးမရှိဘူး၊ သူတစ်ပါး မကြိုက်ဘူး”။
၎။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးမရှိဘူး၊ သူတစ်ပါး ကြိုက်တယ်”။
၅။ “မဟုတ်ဘူး၊ မမှန်ဘူး၊ အကျိုးမရှိဘူး၊ သူတစ်ပါး မကြိုက်ဘူး”။
၆။ “မဟုတ်ဘူး၊ မမှန်ဘူး၊ အကျိုးမရှိဘူး၊ သူတစ်ပါး ကြိုက်တယ်”။ တို့ပဲပေါ့။
အဲဒီစကားကြီး ခြောက်ခွန်းထဲမှာမှ မြတ်စွာဘုရား မိန့်ခြွေပြောကြားနေကျ စကားကတော့ နှစ်ခွန်းထဲပဲရှိ ပါတယ်တဲ့နော်။ ဟောခဲ့သမျှတရားတိုင်းမှာရော၊ ပြောခဲ့သမျှ စကားတိုင်းမှာပါ နှစ်ခွန်းသောစကားကိုသာ ထည်လဲ ပြောခဲ့တယ်ဆိုတဲ့ ထူးခြားချက်လေးတစ်ခု ထပ်သိလိုက်ရပါတယ်။
ဘာတွေပါလိမ့်ဆိုတော့
၁။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ဘူး”။
၂။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တယ်”။

ဆိုတဲ့ စကားနှစ်ခွန်းတို့ပဲဖြစ်ပါတယ်။ အဲဒီစကားနှစ်ခွန်းကိုတောင် ပြောချင်သလို မပြောခဲ့ပါဘူး။
၁။ ပထမစကားဖြစ်တဲ့ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်။ ဒါပေမယ့် သူတစ်ပါး မကြိုက်ဘူးဆိုတဲ့ စကားကိုကျ ပြောတော့ပြောပါ။ ဒါပေမယ့် အချိန် ကာလကို ကြည့်ပြောပါ”တဲ့။ ဒါလေးက ကျနော်တို့အတွက် တော်တော်လေး ပညာရစေပါတယ်။ ဘာလို့လဲ သူများ မကြိုက်မှန်းသိသိကြီးကို ဆက်ပြောရမှာနော်။ ဘာလို့ ပြောရမှာလဲဆိုတော့ ဟုတ်လည်းဟုတ်တယ်။ မှန်လည်းမှန်မယ်။ အကျိုးလည်းရှိမယ့်စကားမို့ပါပဲ။ အင်း..ကျနော်တို့ ဒီလို စကားမျိုးကို တစ်နေ့တစ်နေ့ ဘယ်နှစ်ခါများ ပြောဖြစ်ပါလိမ့်ဆိုတဲ့ အတွေးက ကြားဝင်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်လှမ်းစစ်နေလိုက်ပါသေးတယ်။ ဒီမှာ ကန့်သတ်ချက်တော့ ရှိတယ်နော်။ အချိန် ကာလကို ကြည့်ပြီး ပြောရမယ်ဆိုတာလေးပေါ့။
ဒါလေးကို နားလည်အောင် မိုးကုတ်ဆရာတော်ကြီးကတော့ ဥပမာလေးတစ်ခုနဲ့ ခုလို ဟောပြထားပါ တယ်။ ကလေးတစ်ယောက်(အသိဥာဏ်နည်းသေးတဲ့အရွယ်)က ဆော့ကစားရင်း တွေ့ရာပစ္စည်းတွေကို ပါးစပ် ထဲထည့်ပြီး ၀ါးကြည့်နေပါတယ်။ ဘယ်အချိန်ကများ ကောက်ထည့်လိုက်တယ်မသိပါဘူး။ သူ့ပါးစပ်ထဲမှာ ၀င်သွားတဲ့အရာက တကယ့်အန္တရာယ်များမယ့်အိုးခြမ်းပဲ့လို၊ ဖန်ကွဲစလို သံချောင်းလို အရာမျိုး ဖြစ်နေမယ်ထား။ ဒါကို လူကြီးတစ်ယောက်က လှမ်းမြင်လိုက်တယ်ဆိုရင်ပဲ ကလေးကို ဆွဲလိုက်ပြီး သူ့ပါးစပ်ကို လက်တစ်ဖက်က ဇွတ်ဟလို့ ကျန်တစ်ဖက်က ပစ္စည်းက အားကုန် ဆွဲထုတ်လိုက်ပါတယ်။ ဘာလို့ဆွဲထုတ်လိုက်သလဲဆိုတော့ ရှင်းပါတယ်။ ကလေးပါးစပ်ထဲဝင်နေတာက အန္တရာယ်များတဲ့ အရာဖြစ်နေလို့ပဲပေါ့။ အဲဒီပစ္စည်းတွေသာ မတော် တဆ မြိုချလိုက်လို့ ဗိုက်ထဲများ ၀င်သွားခဲ့ရင်တော့ အသေဆိုးနဲ့ သေဖို့သာရှိတော့တယ်ဆိုတဲ့ ဘေးကိုလည်း ဒီလူကြီးဖြစ်သူက လှမ်းကြည့်တာနဲ့ တန်းသိထားလို့ပေါ့နော်။ အင်း ဒါကြောင့်ပဲ ကလေးကို အန္တရာယ်ကင်းစေဖို့ စေတနာနဲ့ အစွမ်းကုန် အမြန်ဆုံး ဆွဲထုတ်နေတာပေါ့နော်။ ဒါပေမယ့် ဒီလိုလုပ်တာကိုရော ကလေးက ကြိုက်ရဲ့ လားဆိုတော့ မကြိုက်လို့ပဲ အတင်းရုန်းပြီး အော်ငိုတာပေါ့။ သူ့ကို အန္တရာယ်ဖြစ်စေမယ့်အရာကြီး ပါးစပ်ထဲမှာ ရှိနေတာကို ထုတ်ပေးနေတာတောင် သူက မကြိုက်လို့ အော်နေတာပေါ့။ အင်း ကလေး..ကလေး..အသိဥာဏ် က ကလေးလို့ ဆိုချင်တာပါပဲ။
ကဲ ဒီနေရာမှာ စဉ်းစားကြတာပေါ့။ ပါးစပ်ထဲရောက်နေတဲ့ အရာတွေသည် အသက်အန္တရာယ်ထိတောင် ဒုက္ခပေးမယ်ဆိုတာသည် “ဟုတ်တယ်။ မှန်တယ်နော်။” ဒါပေမယ့် အဲဒါကို ဆွဲထုတ်ပေးတာကို ကြိုက်သလား ဆိုတော့ “မကြိုက်ဘူး” ဆိုတဲ့အချက် သွားတွေ့ပါတယ်။ မကြိုက်လို့ မထုတ်ရင် ဘယ်သူ ဒုက္ခရောက်မလဲဆို တာ ဆက်တွေးပေါ့။ ဒီတော့ ထုတ်မှကို “အကျိုးရှိမယ်”ဆိုတဲ့ အချက် ပေါ်လာပါပြီ။ အင်း ဒါဆို မလုပ်လို့ မဖြစ် လုပ်ကို လုပ်ရတော့မယ်။ အချိန်အခါကို ကြည့်ဆိုတော့ အချိန်မှီမှ မထုတ်နိုင်ခဲ့ရင်တော့ အသေဦးသွားတော့ မယ်ဆိုတာ အထင်းသားပဲမို့ အဲလို အလုပ်မျိုးကို အချိန်မဆိုင်း လုပ်ရပါတော့မယ်နော်။
အင်း…ရေးရင်းတောင် ဘုရားကျေးဇူးတွေ ပိုလို့ မြင်လာရပါပြီ။ တို့တွေရဲ့ ခန္ဓာအစဉ်မှာ ရှိနေတာက အနိစ္စပဲ။ ဒုက္ခပဲ။ အနတ္တပဲ။ အသုဘပဲ ဆိုတဲ့ အချက်သည် ဟုတ်မှန်သောအချက်လေ။ အဲဒီအချက်ကို ဟော တော့ ပြောတော့ လက်မခံချင်ဘူး။ မကြိုက်ချင်ဘူး။ မမြဲဘူးဆိုတဲ့အချက်ကို မြင်နိုင်တဲ့ဥာဏ်က မမှီသေးလေ တော့ အဲလို မမြဲဘူး ပြောရပါ့မလားဆိုပြီး ပြောတဲ့လူကို ရန်လုပ်ချင်တယ်။ အင်း တကယ်တော့ တို့ဥာဏ်လေး က ကလေးအဆင့်ပါပဲလား ဆိုတာ ပေါ်လာရပါပြီ။ အော်..မြတ်ဘုရားကတော့ သနားရှာမှာပဲနော်။ တို့လို ကလေး ဥာဏ်နဲ့ ဒိဋ္ဌိတန်းလန်းနဲ့သာ သေသွားရင်တော့ အပါယ်တော့လားတော့မှာပဲဆိုတာ တန်းမြင်နေရှာလို့ပဲ ဒိဋ္ဌိပြုတ်တရားတွေကို ဟောဖော်ညွှန်ပြပေးသွားပါတယ်နော်။
ဒါတောင် တစ်ခါလာလည်း သစ္စာတရား။ အို၊နာ၊သေပဲ။ ဒါချည်းပဲ ထပ်တလဲလဲ ဟောနေလိုက်တာ။ အို …ဒီတရားတွေ မနာချင်ပါဘူး။ ဆိုတဲ့ လူတွေက အများသားပါလား။ အော်..တို့ ၀မ်းထဲက ဒိဋ္ဌိကပဲ အသက်ရှင်စဉ်မှာ ဒုက္ခတွေ ပေးနေသလို သေတော့လည်း အပါယ်ထိတောင် ဆွဲချသွားမယ့်အရေး ကြည့်တာနဲ့ သိလို့ ပူပင်စွာနဲ့ မကြိုက်သော်လည်း ဟောရ တော့မှာပဲ ဆိုပြီး ဟောခဲ့ ပြောခဲ့တာသည်ပင် ပထမစကားဖြစ်တဲ့ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး မကြိုက်ဘူး”။ သို့သော် အချိန်အခါကြည့်ပြီး ပြောကို ပြောရမယ်ဆိုတဲ့ အချက်ကို လက်တွေ့ပြသွားပါပြီနော်။ အင်း..ဒီတော့ ဒီလိုစကားမျိုးလည်း တို့တွေအနေနဲ့ ကျင့်သုံးရမယ့် စကားပဲ ဆိုတာ အတုယူရပါတော့မယ်။

၂။ “ဟုတ်တယ်၊ မှန်တယ်၊ အကျိုးရှိတယ်၊ သူတစ်ပါး ကြိုက်တယ်”။
ဘုရားပြောသော ဒုတိယ စကား တစ်ခွန်း။ သစ္စာတရားတွေ၊ သစ္စာစကားတွေသည် ဟုတ်သော၊ မှန်သော စကားတွေဖြစ်သလို အကျိုးလည်းရှိစေမယ့် စကားတွေပဲလို့ အဟောခံရ၊ အပြောခံရတဲ့လူက နားလည်တဲ့ဥာဏ်ရှိလို့ပဲ ဒီလို စကားမျိုး ပြောတာကို ကြိုက်တယ်ဆိုပါစို့။ ကြိုက်လို့ကတော့ ကာလမလွန်ခင် ပြောဖို့ လိုပါတယ်တဲ့နော်။ ဘာလို့လဲဆိုတော့ အသေက ဦးသွားတတ်လို့ပဲပေါ့။ ဒါကြောင့် ဖြစ်နိုင်ရင် ငယ်ရွယ် စဉ် ကလေးဘ၀ကတည်းက သိသင့်တဲ့ တရားအသိလေးတွေ ဦးအောင် ထည့်ပေးကြဖို့ အရေးကြီးပါတယ် ဆို တဲ့အချက်လေး သွားတွေ့ပါတယ်။
ဒါဆိုရင်တော့ ကျနော်တို့တွေ တစ်နေ့ တစ်နေ့ ပြောနေကျ စကားတွေကို ကိုယ်စီ ကိုယ်စီ ပြန်လှန်စိစစ် ကြည့်ကြရင်း အော် ငါတော့ တစ်နေ့တစ်နေ့ ဘုရားပြောသော စကားနှစ်ခွန်းထဲက ဘယ်အခွန်းကိုများ ဘယ် နှစ်ကြိမ်လောက် ပြောဖြစ်ပါသလဲဆိုတာလေး အမှတ်ပေးကြတာပေါ့။ ဒါလေးတွေ မသိခင်ကတော့ တစ်နေ့ တစ်နေ့ ပြောလိုက်တဲ့စကား နားရတယ်ကို မရှိပါဘူး။ မောတယ်လို့လည်း မရှိပါဗျာ။ ဘာတွေများသလဲလို့ တွေး လိုက်တော့မှ အော် ဘုရားမပြောတဲ့စကား လေးခွန်းနဲ့ပဲ အချိန်တွေကုန်၊ လေတွေကုန်နေတာကို မြင်လိုက်ရ တော့ ရှက်မိပါတယ်။ ကိုယ့်ကိုယ်ကိုယ်။ အင်း ခုတော့သိပြီမို့ ခုကစလို့ ဆင်ခြင်ကြဖို့ လိုလာပါပြီ။
အားလုံးလည်း ခုကစလို့ တစ်နေ့ တစ်နေ့ ကိုယ့်ပါးစပ်က မွေးဖွားလာလိုက်သမျှ စကားလုံးတိုင်းကို ကိုယ်တိုင် စိစစ်ကြလို့ အကျိုးရှိမယ့်စကားမျိုးကို ရွေးချယ်ပြောကြပါစို့လား။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”