တစ်နေ့သ၌ ကျွန်ုပ်၏ခြံသို့ ကျွန်ုပ်နှင့် လွန်စွာခင်မင်ရင်းနှီးသော ကိုပီတာဆိုသည့် စိတ်မနှံ့သောလူကြီး
တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊
ဂွတ်ဒ်နိုက်ဒ်…” ဟု နှုတ် ဆက်လေ၏။ ထို့နောက် ကျွန်ုပ်က.. “ဘဲသားကို အာလူးနဲ့ဆီပြန်ချက်မယ်ဗျာ၊
အရိုးပါကိုက်စားလို့ရအောင် နူး နေအောင် ချက်မယ်၊ ပြီးတော့ ဆေးဘဲဥသုပ်မယ်၊ အဲဒီဆေးဘဲသုပ်မှာ
တရုတ်နံနံဖြူးမယ်၊ ပြီးတော့ ဝက်ရိုးနဲ့ ကျောက်ဖရုံသီး ဟင်းချိုချက်မယ်၊ ငရုပ်ကောင်းနိုင်နိုင်ခပ်မယ်၊
ငါးပိရည်၊ တို့စရာ မထည့်ဘူး၊ ကြက်သွန်ချဉ် ကောင်းကောင်းလုပ်မယ်၊ ပြီးတော့
အီကွေးနဲ့ရေနွေးကြမ်းကောင်းကောင်းတိုက်မယ်…” ဟု ကျွန်ုပ်ကပြော လိုက်လျှင် ကိုပီတာကြီးက..
“ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြန်၍ ပြောပြန်လေ၏။
ထို့နောက် ကျွန်ုပ်သည် စာအုပ်အဟောင်းများကိုစု၍ စုတ်ပြဲနေသည့်နေရာများကို ကော်ကပ်၏။
အနှောင့်များကို ကော်သုတ်၍ ပြန်ချုပ် ၏။ ထို့နောက် ကိုင်ရို၏ လက္ခဏာစာအုပ်များကို ချည်းသီးသန့်
ဆွဲထုတ်ကာ မှတ်စုထုတ်ရလေ၏။ ကိုပီတာကြီး ကွန်ုပ်လုပ်သမျှကိုကြည့်၍နေလေ၏။
ထို့နောက်.. “တကုပ်ကုပ်နဲ့ ကိုယ့်လူကိုကြည့်ရတာ ကြွက်တစ်ကောင် အ လုပ်ရှုပ်နေသလိုပဲ၊
ဘာတွေများ ဒီလောက်အလုပ်ရှုပ်နေတာလဲ” ဟု မေးလေ၏။ “ကမ္ဘာကျော်လက္ခဏာဆရာ ကြီး ကိုင်ရိုရဲ့
စာအုပ်တွေ ပြန်ရှာပြီး မှတ်စုထုတ်နေတာဗျ” ဟု ကျွန်ုပ်ကပြန်၍ဖြေလိုက်လျှင် ၎င်းက.. “ဘာလုပ်
မလို့လဲ” ဟု မေးလေ၏။
“ဘာလုပ်မလို့လဲဆိုတော့ဗျာ ရင်းရင်းနှီးနှီးပြောရရင် ကိုင်ရိုလိုဖြစ်အောင်ကြိုးစားမလို့” ဟု ကျွန်ုပ်က
ခပ်ဆတ်ဆတ် ပြန်၍ပြောလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက.. “ကိုယ့်ဟာကိုမနေဘဲ ဟိုလူနဲ့
တူအောင် ကြိုးစားရတာနဲ့၊ ဒီလူနဲ့တူအောင် ကြိုးစားရတာနဲ့၊ မလုပ်ပါနဲ့ဗျာ၊ အဲဒါ အရူးရောဂါတစ်မျိုးပဲ၊
အဲဒီရောဂါနာမည်က ကိုင်ရိုအရူးရောဂါတဲ့၊ ကုလို့မရဘူး ကိုယ့်လူရေ ကိုင်ရိုတော့မဖြစ်ဘူး၊ “ထိုင်ငို”
သွားရမယ်။ ဟီ ဟီ ဟု ပြောဆိုလှောင်ပြောင်လေ၏။ “ကိုပီတာကြီးက ကျုပ်ကိုလှောင်တာလား..” ဟု
ကျွန်ုပ်ကမေးလိုက်ရာ..
“လှောင်တာ မဟုတ်ပါဘူး၊
မသိတတ်လွန်းလို့ပြောပြတာပါ၊ နှံပြည်စုတ်ကလေးလည်း နှံပြည်စုတ်ကလေးလို
လှတယ်၊ နှံပြည်စုတ်ကလေးလို ချစ်ဖို့ကောင်းတယ်၊ အဲဒီလိုပဲ ကြက်တူးရွေးက ကြက်တူရွေးလိုလှတယ်၊
အရောင် အသွေးစုံတယ်၊ ကြက်တူရွေးလို ချစ်ဖို့ကောင်းတယ်၊ သဘာဝတရားကြီးက
ကြက်တူရွေးရှိဖို့လိုအပ်လို့ ကြက် တူရွေးလည်း ရှိနေတာ၊ နှံပြည်စုတ်လည်း
လိုအပ်လို့ နှံပြည်စုတ်ရှိနေတာ၊ အဲဒီတော့ နှံပြည်စုတ်ကလည်းကြက် တူရွေးဖြစ်အောင် မလုပ်နဲ့၊
သူ့အတိုင်းတိုင်းလေး ကောင်းပါတယ်၊ အဲဒီတော့ ဘာဖြစ်လို့များ ကိုယ့်လူက ကိုင်ရို ဖြစ်ချင်ရတာလည်း
မရူးစမ်းပါနဲ့..” ဟု ပယ်ပယ်နယ်နယ်တွယ်လေတော့၏။
ကျွန်ုပ်သည် ၎င်းနှင့် စကားမပြော တော့ဘဲ ဘဲသားဆီပြန်ဟင်းချက်နေလေ၏။ ဆေးဘဲဥသုပ်နေလေ၏။
ဝက်ရိုးနှင့် ကျောက်ဖရုံသီး ဟင်းချိုချက် နေလေ၏။ အလုံးစုံကျက်သွားသောအခါ၌ ကိုပီတာကြီးအား
တည်ခင်းကျွေးမွေးလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်တည်ခင်းကျွေးမွေးသော ဟင်းလျာများဖြင့်ထမင်းကို
မြိတ်ရှက်စွာစားလေ၏။ ထိုသို့စားရင်း..
“ ကိုယ့်လူ က စားတော်ကဲလည်း ဖြစ်ချင်ပုံရတယ်၊ အဲဒါလည်း အရူးရောဂါတစ်မျိုးပဲ၊
စာရေးဆရာဖြစ်ချင်လိုက်၊ လက္ခဏာ ဆရာဖြစ်ချင်လိုက်၊ စားတော်ကဲ ဖြစ်ချင်လိုက်နဲ့
အရုးရောဂါ တော်တော်များနေပြီး အခုလောလောဆယ် ကိုယ် တွေ့တာကတော့
ကိုင်ရိုဖြစ်ချင်တဲ့ရောဂါရယ်၊ စားတော်ကဲဖြစ်ချင်တဲ့ရောဂါရယ်၊ အဲဒီရောဂါတွေဟာ ကုရခက် တယ်
ကိုယ့်လူ၊ ဒီရောဂါကို ယေဘုယျခြုံပြီးပြောရရင် ဖြစ်ချင်တဲ့ရောလို့ ပြောရမှာပဲ” ဟု ကျွန်ုပ်အား ပြောလေ
၏။ “ကိုပီတာကြီး.. ခင်ဗျားက အတော်ကောင်းတဲ့လူပဲ၊ ထမင်းလည်းကျွေးရသေးတယ်၊
ကျုပ်ကိုလည်း ဆော် သေးတယ်” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ဆော်တယ်လို့ မယူပါနဲ့၊
ထမင်းကျွေးတဲ့ကျေးဇူး ကြောင့် တည့်မတ်ပေးတယ်လို့ ယူလိုက်စမ်းပါ” ဟု ကျွန်ုပ်ကို ပြောလေ၏။
ကျွန်ုပ်သည် အောင့်သက်သက်ဖြင့် ခံ၍နေရလေ၏။ ကိုပီတာကြီးသည် ထမင်းစားပြီးနောက်
အီကွေးနှင့် ရေနွေးကြမ်းကို စားသောက်လေ၏။ ထိုသို့စားသောက်ရင်း.. “တစ်ခါက ဥရောပတိုက်ဘက်မှာ
ဘုရင်တစ်ပါးရှိတယ်ကွ၊ အဲဒီဘုရင်ဟာ သူ့ဥယျာဉ် ထဲမှာရှိတဲ့ပန်းပင်တွေ၊ သစ်ပင်တွေနဲ့
စကားပြောလေ့ရှိတယ်၊ သူဟာ ဥယျာဉ်ထဲရောက်တဲ့အခါတိုင်းအပင်တွေ ကို အရမ်းပွင့်၊
အရမ်းသီးခိုင်းလေ့ရှိတယ်၊ တစ်နေ့မှာ သူဟာဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊ ဝက်သစ်ချပင် ကြီးဟာ
ညှိုးပြီး ခြောက်နေတယ်၊
အဲဒီတော့ “ဘာဖြစ်တာလဲ” လို့ သူကမေးလိုက်တယ်၊ ဝက်သစ်ချပင်ကြီးက “ ဘယ်လိုဖြစ်ရမှာတုံး၊
ကျုပ်က ထင်းရှုးပင်ကိုတုပြီး အပေါ်ကိုတက်တော့ ထင်းရှူးပင်မဟုတ်လေတော့ အမြစ်အား က
မခံနိုင်တော့ သေရတော့တာပေါ့ လို့ပြောတယ်၊ အဲဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့ ထင်းရှူးပင်ကြီးက
ကိုင်းပြီးကွေးကျနေတယ်၊ အဲဒီတော့ ထင်းရှူးပင်ကြီးကို “ဘယ်လိုဖြစ်တာလဲ”
လို့ဘုရင်ကြီးက မေးပြန်တယ်၊ အဲ ဒီတော့ ထင်းရှူးပင်ကြီးက “ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး
အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို
အရမ်းကွေးသွားတာပေါ့” လို့ ပြောတယ်၊
အဲဒီတော့ ဘုရင်ကြီးက စပျစ် ပင်ဆီကို ရောက်ပြန်ရော၊ စပျစ်ပင်ကြီးလည်း သေမလိုဖြစ်နေတယ်၊
“ဘယ်လိုဖြစ်တာလဲ” လို့ မေးတော့ “ကျုပ် ကနှင်းဆီပင်ကို အားကျပြီး သူ့လိုလိုက်ပြီးပွင့်တာဗျို့၊ အဲဒီတော့
စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီးပန်းလည်း မပွင့်တော့ဘဲ အခုလို သေလုမျောပါးဖြစ်သွားရတာပါပဲ”
လို့ ပြောပြန်တယ်၊ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီး လျှောက်သွားတဲ့အခါမှာ
အပင်လေးတစ်ပင်ကိုတွေ့တယ်၊ အပင်က သိပ်မကြီးပါဘူး၊ အရွက်ကလေးတွေ၊အကိုင်
အခက်ကလေးတွေလည်း စိုစိုပြေပြေနဲ့၊ အပွင့်က ရနဲ့လေးတွေလည်း သင်းပျံ့လို့
အဲဒီအပင်ရဲ့နာမည်က Heart Ease နှလုံးအေးချမ်းပန်းလို့ခေါ်လေ့ရှိတဲ့ အပင်ကလေးပါပဲ ဘုရင်ကြီးဟာ
အဲဒီအပင်ကလေးကို ကြည့်ပြီး “ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံးမှာရှိတဲ့ အပင်တွေသေတာတွေ သေကုန်ပြီ၊
တချို့လည်း သေလုမျောပါဖြစ်နေပြီး နှလုံးအေးချမ်းရယ်… မင်းကတော့ ရှင်သန်စိုပြည်နေပါလား
ဘာကြောင့်လဲ” လို့ မေးလိုက်တယ်၊ အဲဒီမှာ အပင်က
လေးက ဘာပြန်ပြောသလဲဆိုတော့ “အသင်
မင်းကြီး ကျွန်ုပ်ကို ဒီဥယျာဉ်ထဲမှာ စိုက်ကတည်းက နှလုံးအေးချမ်း
ကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်၊ ဝက်သစ်ချပင်လို မဖြစ်စေချင်ဘူး၊ ဒါကြောင့်
ဝက်သစ်ချပင်ကို လည်း အားမကျခဲ့ဘူး၊
အဲဒီလိုပဲ ထင်းရှူးပင်မြင့်မြင့်ကြီးကိုလည်း အားမကျခဲပါဘူး၊ အသီးတွေ ပြွတ်နေအောင်သီး တဲ့
စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး၊ အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း
အားမကျခဲ့ဘူး၊ နှလုံးအေး ချမ်းဟာ နှလုံးအေးချမ်းလိုပဲ နေခဲ့တယ်၊ နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်၊
အားကျပြီး ဘာမှကိုမလုပ်ခဲ့ဘူး၊ ဒါကြောင့် နှလုံးအေးချမ်းအဖြစ်နဲ့ပဲရှင်သန်ရပ်တည်နေနိုင်တာပေါ့၊
တခြားဘာမှမဟုတ်ပါဘူး” လို့ ပြန်ပြီးပြော လိုက်တယ်၊
ငါပြောချင်တဲ့ ပုံပြင်ကတော့ ဒါပါပဲကွာ၊ မင်းသိင်္ခအဖြစ်နဲ့ပဲရှင်သန်ပါကွာ၊ ကိုင်ရိုကို အားမကျစမ်းပါနဲ့
မင်းသိင်္ခဟာ မင်းသိင်္ခအဖြစ်နဲ့ပဲ ရှင်သန်ပါကွာ၊ ဟင်းချက်ကောင်းတဲ့ စားတော်ကဲကြီး ဦးဂွမ်တီကိုလည်း
အားမကျ ချင်စမ်းပါနဲ့” ဟု ဆိုကာ ကျွန်ုပ်၏ကျောကုန်းကို သူ၏လက်သီးကြီးဖြင့် ဘုန်းကနဲ့ထုပြီးနောက်..
“ငါသွားမယ် ပြီးတော့..လာဦးမယ်” ဟု ဆိုကာ ကိုပီတာကြီးသည်
လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ ခြံအတွင်းမှ ထွက်သွားလေတော့သတည်း။

About koyin sithu

has written 140 post in this Website..