မီးလောင်ကျွမ်းမှုကြောင့် ပြိုကျမှု ဖြစ်ပွားနိုင်သော မင်္ဂလာဈေး စတုတ္ထထပ်နှင့် ပဉ္စမထပ်ရှိ ဆိုင်ခန်းများ ယာယီ ပြောင်းရွှေ့ရမည် ၊ ပြောင်းရွှေ့ရမည့် ဆိုင်ခန်းများကို မင်္ဂလာဈေး၌ပင် နေရာ ပြန်ပေးမည်ဟု သိရ

klnMay 29, 20101min791

မီးလောင်ကျွမ်းမှုကြောင့် မင်္ဂလာဈေး စတုတ္ထထပ်နှင့် ပဉ္စမထပ်ထောင့် လေးထောင့်တွင် ပြိုကျမှု ဖြစ်ပွားနိုင်သဖြင့် အဆိုပါ အထပ်များမှ ဆိုင်ခန်းများ ယာယီပြောင်းရွှေ့ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မင်္ဂလာဈေးမှ ဆိုင်ခန် းပိုင်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ မီးလောင်မှုကြောင့် မင်္ဂလာဈေး၏ ကြံ့ခိုင်မှုမှာ ကျဆင်းသွားခဲ့ကြောင်း၊ ထို့ကြောင့် စတုတ္ထထပ်နှင့် ပဉ္စမထပ်နှစ်ထပ်ကို ခိုင်ခံ့အောင်ပြန်လည် ပြုလုပ်ရမည်ဖြစ်သဖြင့် အဆိုပါ အထပ်များမှ ဆိုင်ခန်းများကို ယာယီရွှေ့ပြောင်းမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ မင်္ဂလာဈေးကြီးက နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေကို အများဆုံး ဖြည့်ဆည်းပေးနေတဲ့ ဈေးကြီးဖြစ်ပါတယ်။ ဈေးအတွင်းမှာ ဂါလံတစ်သိန်းဆန့် ရေလှောင်ကန်၊ နှစ်သောင်းဆန့် ရေလှောင်ကန်နဲ့ အထက်အောက် ရေပေးနိုင်အောင် ဆောင်ရွက်ခဲ့ပေမယ့် မီးလောင်တာကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် မင်္ဂလာဈေးကြီးရဲ့ ထောင့်လေးထောင့်မှာ အက်ကြောင်းတွေ ဖြစ်လာပါတယ်။ ၄ လွှာနဲ့ ၅ လွှာမှာ မီးဘေးသင့်ပြီး ဓါတ်လှေကားတွေ ပြုတ်ကျလာပါတယ်။ ဒါကြောင့် မင်္ဂလာဈေးရဲ့ ၄ လွှာနဲ့ ၅ လွှာက ပြိုကျတာတွေ ဖြစ်ပွားနိိုင်တဲ့အတွက် အဆောက်အဦးပြန် ကြံ့ခိုင်အောင် ဆောင်ရွက်ရပါမယ်။ ကျန်တဲ့အထပ်တွေက ပစ္စည်းတွေကတော့ ရေစိုရုံကလွဲပြီး အပျက်အစီးနည်းမယ့် အခြေအနေရှိပါတယ်။ ပထမ အဆင့်အနေနဲ့ ကျွန်တော်တို့အဖွဲ့က အဆောက်အဦးကြံ့ခိုင်မှုကို အာမခံမယ်။ ဒုတိယ အဆင့်အနေနဲ့ မီးသတ်တာဝန်ရှိသူတွေက မီးထပ်မပွားဖို့ အာမခံတယ်။ အန္တရာယ်မရှိတော့ဘူးဆိုရင် ၄ လွှာနဲ့ ၅ လွှာကို ဈေးသူဈေးသားတွေကို ဝင်ခွင့်ပေးမယ်။ ကိုယ့်ပစ္စည်းတွေ အခြေအနေကို ပြန်စစ်ဆေးပြီး အပျက်အစီးနည်းသေးတဲ့ပစ္စည်းတွေက်ို သယ်ယူလို့ရမယ်။ ယာယီရွှေ့ပြောင်းမှုတွေ ပြုလုပ်ရမယ်။ ဈေးကြီးရဲ့ ၄ လွှာနဲ့ ၅ လွှာကို အနည်းဆုံးလပိုင်းအတွင်း ပြီးစီးအောင် ပြန်ဆောက်မယ်။ တည်ဆောက်မှု ပုံပေါ်လာပြီဆိုတာနဲ့ ကိုယ့်နေရာကိုယ် ပြန်ပေးမယ်လို့ ကျွန်တော် အာမခံပါတယ်။ ဘာမှနေရာ မပျောက်ပျက်စေရဘူး ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယာယီ ရွှေ့ပြောင်းရမည့် နေရာသည် မင်္ဂလာဈေးအနီး ပတ်ဝန်းကျင်တွင် ဖြစ်နို်င်ပြီး ရွှေ့ပြောင်းရမည့် နေရာကို အတိအကျ သတ်မှတ်ရခြင်း မရှိသေးကြောင်း ၂၀၁ဝ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • kai

    May 30, 2010 at 2:46 am

    ဘိုးတော်တန်ခိုးနဲ့ ဆိုင်ခန်းနေရာတွေ ၃ဆတိုးပြီး နဂိုထက် ၃ဆစည်ကားအလုပ်ဖြစ်တဲ့ ဈေးကြီးဖြစ်လာပါစေဗျာ။
    ပိုတတ်နိုင်ကြမယ်ဆိုရင်တော့ အောက်ထပ်မှာ ဝေါမတ် (http://en.wikipedia.org/wiki/Wal-Mart)ကြီးပါရင်းနှီးမြုတ်နှံလာဆောက်တဲ့ ၅ထပ်တိုက်ဈေးကြီးဖြစ်လာပါစေဗျာ။
    မြန်မာပြည်ထဲကို ယူအက်စ်က ကော့စကို(http://en.wikipedia.org/wiki/Costco)လို ဟိုးစေးလ်ရောင်းတဲ့ကုန်တိုက်ကြီးတွေ ဝင်လာတာ အလွန်မြင်ချင်မိပါတယ်။
    တရုတ်ပြည်နဲ့ကုန်းလမ်းကကုန်သွယ်လို့ရနေတော့ ယူအက်စ်ရဲ့ ဈေးရောင်း၊ဝယ်နည်းပညာတွေထပ်ဆင့်လိုက်ရင် တခါတည်းနဲ့ အရှေ့တောင်အာရှရဲ့ ဈေးဝယ်နိုင်ငံဖြစ်သွားနိုင်လို့ပါ။

Leave a Reply