ဗန်းမော်မြစ်ကျဉ်းပြီး သောင်ပိုထွန်း

klnMay 29, 20101min380

ဗန်းမော်မြစ်ဟာ ကျဉ်းမြောင်းလာပြီး သောင်ထွန်းလာတာကလည်း အခုနှစ်မှာ ပိုပြီးသိသာလာတယ်လို့ သိရပါတယ်။ တာဝန်ရှိသူက “ ၁ဝနှစ်တစ်ကြိမ်မှ ကမ်းပါးနီဆိပ်ကမ်းကို ရွှေ့ရတာ၊ မနှစ်ကရွှေ့ရတယ်၊ အခုနှစ်လဲ ရွှေ့ရတယ်၊ နောက်ပြီးအရင်နှစ်တွေထက် တစ်လစောပြီး ရွှေ့ရတယ်။ တစ်နည်းအားဖြင့် ကြည့်ရင် ဗန်းမော်ရေကြောင်းပိုမိုကျပ်လာတယ်၊ ကျဉ်းလာတယ်၊ သောင်ပိုထွန်းတာများလာတယ်။ ရေပါးလာတဲ့အတွက် ရေကြောင်းကျပ်တဲ့နေရာတွေပေါ်လာတယ်၊ အရင်က နှစ်ရက်သွားရမည့်ခရီးက အခုဆို သုံးရက်၊လေးရက်လောက်သွားရတယ်၊ သင်္ဘောဆိုလဲ ဝမ်းပြားတွေနဲ့ ပြောင်းလဲသွားရတယ်၊ လူနဲ့ကုန်က အရင်ရေများချိန်လောက် တင်မသွားဘူး၊ ထက်ဝက်လျှော့ပြီးတင်ရတယ်။ မြစ်ရဲ့အထက်ပိုင်းမှာ မိုးရွာရင်တော့ မြစ်ရေပိုများမယ်၊ အခုမြန်မာပြည်မြောက်ပိုင်းမှာ မိုးရွာရင် ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ရေ အပြောင်းအလဲရှိတယ်၊ ဒီနှစ်က ယခင်နှစ်ထက်စာရင်ရေကျတာ စောတယ်၊ ဘာကြောင့်စောရသလဲဆို မြောက်ပိုင်းမှာ အပူများတာကြောင့်လဲ ပါမယ်၊ မနှစ်က မိုးနည်းတာကြောင့်လဲ ပါတယ် ” လို့ပြောပါတယ်။ ဗန်းမော်မြို့နဲ့ အနီးဆုံးမှာလွယ်ဂျယ် နယ်စပ်တစ်ခုရှိတာကြောင့် ကုန်အတင်အချလုပ်ငန်းတွေ ပုံမှန်ရှိပါတယ်။ ကမ်းပါးနီဆိပ်ကမ်းကို အခုချိန်မှာ ဆိုက်ကပ်နေရတဲ့အတွက် ကုန်တင်၊ ကုန်ချလုပ်ငန်းတွေအနေနဲ့ ကမ်းပါးနီဆိပ်ကမ်းကို ရေလမ်းကတစ်ဆင့်၊ တပ်ကလေးကနေ ဗန်းမော်-ရွှေပြည်ဆိပ်ကမ်းကို ကုန်လမ်းကတစ်ဆင့်နဲ့ အဆင့်ဆင့် ခရီးသွားလာနေရကြောင်း ၂၀၁ဝခုနှစ် မေလ ၂၈ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။