၃ထပ်နှင့်အထက် အဆောက်အဦဆောက်ရာတွင် မီးသတ်ရေကန်ပါရှိ ိမှသာ လူနေခွင့်ပြုမည်

klnMay 29, 20101min460

၃ထပ်နှင့်အထက် ဆောက်လုပ်သော အထပ်မြင့်အဆောက်အဦများတွင် မီးငြှိမ်းသတ်ရေးအတွက် အနည်းဆုံး ရေဂါလန် ၅၀၀ဝဆံ့မီးသတ်ရေကန်တစ်ခုပါရှိမှသာ မီးသတ်ဦးစီးဌာနက လူနေထိုင်ရန်သင့်တော်ကြောင်းထောက်ခံချက်ပေးမည်ဖြစ်ကြောင်းမီးသတ်ဦးစီးဌာန( ရုံးချုပ်) မှ အရာရှိတစ်ဦးကပြောကြားခဲ့သည်။ ၎င်းအပြင် ယင်းမီးသတ်ရေလှောင်ကန်ကိုအမြဲတမ်းရေပြည့်အောင်စီစဉ်ထားရန်လိုအပ်ကြောင်း ၊ အထပ်မြင့်တိုက်များတွင် အရေးပေါ်လှေကားနှင့်မီးသတ်ဆေးဘူးများထားရှိရန်လည်း လိုအပ်ကြောင်း အဆိုပါအရာရှိကဆိုသည်။ “မီးလောင်မှုဖြစ်စဉ်တွေမှာ ကန်ထရိုက်တိုက်ဆောက်တဲ့သူတွေရဲ့ တာဝန်လဲမကင်းဘူး။ ကန်ထရိုက်တိုက်ခန်းတွေမှာ တစ်ခန်းကိုမီးသတ်ဆေးဘူးတစ်ဘူး ထားရမယ်လို့ညွှန်ကြားထားတာရှိတယ်။ လာစစ်တုန်းကတော့သေချာချိတ်ထားပြတယ်။ မီးသတ်ကစစ်ဆေးပြီးလို့ပြန်လဲသွားရော ဆေးဘူးကို အခန်းဝယ်သူကိုမအပ်ဘဲ ရတဲ့ဈေးနဲ့ရောင်းစားပစ်တယ်။ ရေနဲ့ငြှိမ်းမရတဲ့လျှပ်စစ်ကလောင်တဲ့မီးမျိုးဖြစ်ရင် အခန်းပိုင်ရှင်မှာငြှိမ်းစရာဆေးဘူးမရှိတော့ဘူး။ အသက်ကယ်လှေကား ထားဖို့ပြောလဲ ထန်းတက်တဲ့လှေကားလိုအဖြစ်လှေကားတွေထားတယ်။ မီးသတ်ကပြောရင်လဲ အပိုအလုပ်ဆိုပြီး လျစ်လျူရှုနေတယ်” ဟု၎င်းကဆိုသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လွန်ခဲ့သော ၂၂နှစ်အတွင်းမီးလောင်သည့်အကြိမ်မှာ ၂၃၇၂ရရှိခဲ့ပြီး လူပေါင်း ၉၅၆ဦးသေဆုံးကာ ၁၅၇၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ၂၀၁ဝခုနှစ်ဇွန်လ ၂ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။