အချက်အချာကျသည့် မင်္ဂလာဈေးကြီးမီးလောင်ရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးရေးအဖွဲ့ကစစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့အား မေလ ၂၅ရက်တွင် သက်ဆိုင်ရာက ဖွဲ့စည်းတာဝန်ပေးလိုက်ခြင်းဖြစ်သည်။ မီးလောင်သည့် အကြောင်းရင်းစုံးစမ်းစစ်ဆေးရေးအဖွဲ့နှင့် အတူပစ္စည်းသယ်ယူရေးအဖွဲ့၊ အဆောက်အဦကြံ့ခိုင်မှုစစ်ဆေးရေးအဖွဲ့နှင့် ဆုံးရှုံးမှုတန်းဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့များကိုပါသက်ဆိုင်ရာ ဌာနများပါဝင်ပြီးဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့များသည် ကဏ္ဍအလိုက် လုပ်ငန်းဆောင်တာများဆောင်ရွက်ကြပြီးဆောင်ရွက်တွေ့ရှိချက်များအားသက်ဆိုင်ရာသို့ အလျင်အမြန်ပြန်လည်တင်ပြကြရမည်ဖြစ်ကြောင်းသိရသည်။ မေလ ၂၄ရက်နံနက် ၈နာရီခွဲမင်္ဂလာဈေးမီးလောင်မှုတွင် စတုတ္ထထပ်ရှိ အလှကုန်၊ ဆေးပစ္စည်းနှင့်စာရေးကိရိယာသိုလှောင်ရောင်းချသည့် ဆိုင်ခန်း ၇၉၇ခန်းနှင့် ပဉ္စမထပ်ရှိ အစားအသောက်နှင့် ဘိလိယက်ခုံ၊ ဆိုင်ခန်း ၄၈ခန်းတို့မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်နေစဉ်နံနက်၉နာရီခွဲခန့်တွင် ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က ပဉ္စမထပ်ခေါင်မိုးပေါ်ရောက်ရှိနေသော စားသောက်ဆိုင်နှင့်အခြားဆိုင်မှ ဝန်ထမ်း မောင်အောင်မင်းနိုင်၁၉နှစ်(ဘ) ဦးငယ်လေးပါ ၁၁ဦးတို့အားမီးသတ်အထောက်အကူပြုယာဉ်၏ လှေကားမှ တစ်ဆင့်ကယ်တင်နိုင်ခဲ့သည်။ မီးငြှိမ်းသတ်ရာတွင် သန္ဓေမီးသတ် ၅၀၀၊ အရန်မီးသတ် ၁၀၀၀၊ မီးသတ်ယာဉ် ၆၃စီး၊ အထောက်အကူပြုယာဉ် ၈စီ၊ ရေသယ်ယာဉ် ၇စီး၊ အုပ်ချုပ်မှုယာဉ် ၁၀စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ပြီး ဈေးမှာ အလျား ၁၆၀ပေ၊ အနံ ၂၂၈ပေ၊ အမြင့်၆၅ပေကျယ်ဝန်ပြီး မီးစတင်လောင်ကျွမ်းရာ စတုတ္ထထပ်သို့ အထောက်အကူပြုယာဉ် ၈စီးဖြင့်သာ မီးငြှိမ်းသတ်နိုင်ခြင်း၊ မီးလောင်ရာအထပ်သည် လောင်စာပစ္စည်းများ စုပုံသိုလှောင်ရောင်းချသည့် နေရာဖြစ်ခြင်း၊ မီးလောင်နေရာကျယ်ဝန်းသဖြင့် ဈေး၏ အလယ်သို့ ရေရောက်မှုနည်းပါးခြင်းတို့ကြောင့် မီးသတ်ချိန် ကြန့်ကြာခဲ့ရပြီးမေလ ၂၄ရက် ညနေတွင် ပဉ္စမထပ်ရှိစားသောက်ဆိုင်များမှ ဂက်စ်အိုးများ ပေါက်ကွဲမှုကြောင့် မီးရှိန်ပြန်လည်မြင့်မားလာခဲ့ကာ မေလ ၂၅ရက်နံနက် ၅နာရီတွင်မီးငြိမ်းခဲ့သည်။ မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သော တာမွေမီးသတ်တပ်ဖွဲ့မှ တပ်စုမှူးတစ်ဦး၊ တောင်ဥက္ကလာမီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူးတစ်ဦး၊ သကေတ အရန်မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ်တစ်ဦးတို့မှန်ကွဲရှခြင်း၊ မီးခိုးမွှန်ကာ အသက်ရှူကြပ်ခြင်းတို့ဖြစ်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးဝါးကုသခဲ့ရကြောင်း ၂၀၁၀ခုနှစ် ဇွန်လ ၂ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..