နောက်ဆုံးခရီးတစ်ခုတွင်………..၁

naywoon niDecember 30, 20111min15210

ဒီစာစုကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ ဘယ်သူမဆို ကိုယ့်အနောက်မှာ ကပ်ပါနေတဲ့ အရိပ်တစ်ခုကို သတိမထားမိပဲ တစ်စုံတစ်ရာကို တစ်ချိန်ချိန်မှာ လက်လွတ်စပယ် လုပ်တတ်လေ့ရှိတဲ့ လူသားအားလုံး သတိတရားလေးကပ်မိနေကြဖို့နဲ့ ကိုယ်ချင်းစာတရားဆိုတာလေးကို သတိရစေဖို့ ရည်ရွယ်ပြီး ရေးလိုက်တာပါ……။
ဖြစ်တဲ့နေ့က ဒီလို ………
20-12-2011 နေဝန်းနီတို့ အိမ်ကရေမိုးချိုးပြီးအိမ်ကအထွက် ထိုင်နေကျ ဗစ်တာစိုးမိုးရဲ့ စာအုပ်အငှားဆိုင်လေးမှာဝင်ထိုင်ရင်း…. အွန်လိုင်းအကြောင်း ကောင်မလေးတွေ အကြောင်း ဟိုအကြောင်းဒီအကြောင်း ထွေရာလေးပါးပြောနေရင်း…….. မြို့တောင်ဘက်အဝင်ဘက်မှာ ဆိုင်ကယ်တိုက်တယ်ဆိုပြီး သွားကြည့်ကြသံကြားပါတယ်…။ အနားကလူတွေက လိုက်ဦးမလားလို့ခေါ်တာတောင်မှ
“ မင်းတို့ကလည်း နေ့တိုင်းတစ်နေရာမဟုတ်တစ်နေရာမှာ ဆိုင်ကယ်တိုက်နေတာ မထူးဆန်းတော့ပါဘူး”
ဆိုပြီး ပြောလိုက်သေး…။ ထိုင်နေရာကတောင်မရွေ့…။ ကြားရသေးတယ်…..။
“ သေသွားတဲ့သူက အရက်နံ့ကိုထောင်းနေတာပဲ”
အချိန်က ညနေ သုံးနာရီခွဲ လောက်ပဲရှိသေးတယ်….။ အဲဒါကြောင့်
“ ဒီအချိန်မှာတောင် ဒီလောက်မူးနေတာဖြစ်မှာပေါ့…………။”
ပြောလိုက်မိသေးတယ်…။ ကိုယ်ရည်သွေးတာမဟုတ်…။ နေဝန်းနီတို့ အမျိုးထဲမှာက မအိုဆေးသောက်သုံးရင်း အိုအောင်နေမသွားကြသူတွေများတယ်….။ ခုစစ်စစ် ပေါက်ပေါက် ပြန်ကြည့်ရင် အခုဖြစ်တဲ့ဦးလေး တစ်ယောက်ရယ်…. နေဝန်းနီတို့ ညီအကိုဝမ်းခွဲလေးယောက်ရယ် ဒါပဲ ရှိတာ …..။ တစ်ယောက်မှ လွန်အောင်မသောက်………။ နေဝန်းနီက မသောက်တာကြာပေါ့……….။ ညီဝမ်းကွဲတစ်ယောက်က အဝေးမှာ…….။ ဒီတော့ ဒီကိစ္စတွေ ကိုယ့်လူလေလား သိပ်မပူပန်မိ….။ အရင်းအချာထဲမှာ နေဝန်းနီလောက်ပဲ မူးပြဲနေအောင်သောက်တတ်တာ …။ ခုနေဝန်းနီ ကိုယ်၌ ကမသောက်လေတော့ ……….
“ ဟင်…… ခင်ဗျား မသိသေးဘူးလား …။ ခုဖြစ်တာ သမဦးစီးက ဦးခင်မောင်လတ်လေ…။ ခင်ဗျားနဲ့ အမျိုးတော်သေးတယ်မဟုတ်လား”
အဲဒိလို စက်ဘီးပြင်တဲ့ “စောခိုင်” ပြောလိုက်တော့မှ နေဝန်းနီလည်း မျက်လုံးပြူးပြီး စက်ဘီးအစုတ်လေးဆွဲလို့ သူတို့နေအိမ်ဘက် ထထွက်လာခဲ့မိတယ်….။ ဟုတ်တယ်လေ…. ဒီအချိန် အဲဒိအိမ်မှာ အဒေါ်တစ်ယောက်ထဲကျန်ခဲ့မှာ…။ သားတစ်ယောက် သမီးတစ်ယောက်ရှိတာက သားအကြီးက ရန်ကုန်က အကြီးစားဝပ်ရှော့ တစ်ခုမှာ…။ သမီးက နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ……။
ဟင် စောစာကတော့
“ ဒီအချိန်မှာတောင် ဒီလောက်မူးနေတာဖြစ်မှာပေါ့…………။”
တဲ့……..။ ခုမှ ကိုယ့်ပြန်ထိနေတာ….။ သူက (သေဆုံးသူ) အရက်မသောက်မဟုတ်…။ သောက်ပါတယ်…။ သုံးလေးပက်ထက် ပိုသောက်နိုင်သူမဟုတ်…။ အရင်က ဘီယာတစ်ခွက်ကိုတောင် ရေရောသောက်တဲ့သူ……။
ရောက်သွားတော့ ထင်တဲ့ အတိုင်းပါပဲ….။ အဒေါ်တစ်ယောက်ထဲ…။ တစ်ဘက်ဆွေမျိုးများက ဘာမှ မဖြစ်သယောင် လှိမ့်ပတ်ပြောဆိုနေကြတယ်…။ ဟုတ်တယ်လေ ..။ချက်ချင်းပြောပစ်လိုက်လို့ကလည်းမဖြစ်သေး…။ သူမှာက သွေးတိုးကော နှလုံးကော နှလုံးသွေးကြောကျဉ်းတာကော….။ ဒဏ်ခံနိုင်မှာမဟုတ်…။ သူ့သားသမီးတွေဆီ ဖုန်းဆက်ပြီးပြီလားဆိုတော့
“ ဆက်ပြီးပြီ”
ဆိုလို့ ဆိုင်ကယ်တိုက်တဲ့နေရာကို တစ်ခေါက်ပြန်ကြည့်မိတယ်…။ အလောင်းကတော့ မရှိတော့ဘူး။ ဆေးရုံသယ်သွားရှာပြီ…။ ဒူးကာ အကြေအမွများ လက်ကိုင်တစ်ဘက်ပြုတ်ထွက်နေတာ တွေ့လိုက်ရသေးတယ်…။ မှန်ကွဲများ ပြောင်အောင်မရှင်းလင်းနိုင်သေး…။ ဒါနဲ့ အနားက ကွမ်းယာဆိုင် ကိုသွားပြီးစပ်စုကြည့်တော့………..
“ သူတို့ ရုံးအဖွဲ့လို့ ပြောတယ် ဆိုင်ကယ်သုံးစီး လာတာ…….။ တိုက်မိတဲ့ ကောင်လေးတွေက အနောက်ဘက်ငနေတက်လာတာ …။ ကျောင်းသားလေးတွေပဲ…။ ဒါပေမဲ့ တိုက်ပြီးတော့ သူ့ရုံးကလူတွေ တစ်ယောက်မှ မရှိတော့ဘူး…။ လမ်းပေါ်မှာ ဒီအတိုင်း ကျကျန်နေခဲ့တာ….။ ဦးထုပ် က ဆောင်းမထားဘူးလေ…။ ရှေ့က ခြင်းထဲမှာ ဒီအတိုင်း ကတ္တရာလမ်းနဲ့ ဥုပ်စက် ရိုက်ပစ်လိုက်တာ… ကျန်တဲ့ ဘယ်နေရာမှ ခိုက်မိပုံမပေါ်ဘူး…။ နောက်က ကားတစ်စီးရပ်ပြီး လမ်းဘေးရွေ့ချင်တယ်ဆိုလို့ အနားက ဆိုက္ကားသမားတွေက ဝိုင်းရွေ့ပေးလိုက်ကြတာ…။ မိနစ်လေးဆယ်လောက်ကြာမှ အလောင်းလာကောက်သွားတာ ခု ဆေးရုံမှာ ”
ဒါက ကွမ်းဆိုင်က ကောင်မလေးရဲ့စကား….။ အဲဒါနဲ့ အပြန် စခမ်း ဝင်…။ ကိုယ်နဲ့ သိတဲ့သူ အကျိုးအကြောင်းမေးတော့
“ လူသေမှု ဆိုတော့ တရားရုံးတော့ တင်ရမှာ အဲဒိတရားခွင်ပြီးမှ ဆိုင်ကယ်ပြန်ယူလို့ရမှာ…။”
အဲဒါနဲ့ အိမ်တစ်ခေါက်ပြန်….။ နေဝန်းနီအမေ ပဲ အနားမှာရှိ …။ ကြားထဲက အမ တစ်ယောက်က တောင်ပေါ်ဈေးရောင်းသွားနေတာ လှမ်းခေါ်ထားရတုန်း…။ ကုလား လို့ ခေါ်တဲ့ ညီဝမ်းကွဲတစ်ယောက် ကဆေးရုံလိုက်သွားတယ်…။ သူကဆိုင်ကယ်နဲ့ ဆိုတော့ သေချာစီးဖို့ မှာရသေးတယ်…။ အဒေါ်က သူ့ညာနေမှန်းသိပုံရတယ်…။ လုံးဝမယုံဘူး…။ အဲဒိအချိန်မှာပဲ… အဲဒိတော့ ညာနေတဲ့သူတွေကလည်း တစ်ခွန်းပြောအပြင်ထွက် …။ စိတ်သာတင်းထားပုံရတာ လူကမျော့ နေပြီ….။ ခဏနေတော့ ကုမ္ပဏီ မှာလုပ်နေတဲ့ သမီးလာတယ်…။ သူကသိပြီးနေပြီ…..။ ကုမ္ပဏီ က ကားနဲ့လိုက်ပို့ပေးတာဆိုတော့ သူ့အဖေကိုကြည့်ချင်သေးတယ်ဆိုလို့ လိုက်ပို့တဲ့ကားနဲ့ပဲ ဆေးရုံဆက်သွားခိုင်းလိုက်ရတယ်….။ အမေနဲ့ တော့ တွေ့မပေးတော့…..။ ညာထားတာ အညာပေါ်သွားတာထက် ဆိုးဆိုးဝါးဝါး တစ်စုံတစ်ရာဖြစ်သွားရင် ဆိုတဲ့ သဘောနဲ့ ပေးမတွေ့ပဲ ထားလိုက်ကြတာပါ….။
ဒီလိုနဲ့ ညီမငယ်ဆေးရုံသွားနေတုန်း သူ့ ကုမ္ပဏီ က ကားတစ်စီး ထပ်ရောက်လာပါတယ်…။ နေရာတင်သေဆုံးသွားတယ်လို့ သိရလို့ သူမအင်ချပ်ကိုယ်တိုင်လိုက်လာပြီး လိုအပ်တာပြင်ဆင်ပေးဖို့ပါတဲ့….။ ဒါနဲ့ နောက်က ထပ်လိုက်လာတဲ့သူတွေ နေထိုင်နားနေဖို့ အဒေါ်တစ်ယောက်ရဲ့ အိမ်မှာပဲ စီစဉ်ပေး …..။ အားလုံးက မျက်နှာမကောင်းကြ ….။ ဘာမှလည်း ကျွေးလို့မရ….။ အိမ်နီးချင်းများက လူနာ ကို ဆေးခန်းက ဆရာဝန်ပင့်ပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုလုပ်ဖို့ စီစဉ်……။ ဒီတစ်တော့ ဖွင့်မပြောပဲနဲ့ အားရှိအောင်အိပ်ပျော်သွားပါစေဆိုပြီး အိပ်ဆေး ပေးဖို့ လုပ်နေကြလေရဲ့….။ သူတို့ကောင်းရာစီစဉ်ကြတာပဲလေ…။ ဘာမှမပြောသာခဲ့….။ ဆွေမျိုးအရင်းအချာဆိုလို့ နေဝန်းနီတို့ သားအမိနဲ့ သမီးတစ်ယောက်နဲ့ တူတစ်ယောက်ပဲရှိသေးတာ…..။ သားအကြီးက ရန်ကုန်မှာနေတာ ဖုန်းဆက်ခေါ်ထားတုန်း…။ မနက်မှရောက်မယ်…။ သူ့သားရောက်လာကာမှ ဖွင့်ပြောပြီး လုပ်စရာရှိတာဆက်လုပ်ကြဖို့ အိမ်နီးနားချင်းတွေနဲ့ ဆုံးဖြတ်လိုက်တယ်…။
ခုဖြစ်တဲ့ အဒေါ်နဲ့ တောင်ပေါ် ဈေးတက်ရောင်းတဲ့ အဒေါ်က အရှေ့ဘက် အနောက်ဖက် နှစ်လမ်းလောက်ဝေးတာပါ…။ နေဝန်းနီတို့က မြို့တောင်ဘက်စ မှာသီးသန့်ကွဲနေတာ….။ ရှိတာကလည်း အဲ ကျန်တာကလည်း ဒီညီအမ သုံးယောက်ရယ်…။ မောင်နှစ်ယောက်က စောစောစီးစီး သွားနှင့်ပြီလေ…။ မအိုဆေးသောက်ပြီး အိုအောင်နေမသွားကြတော့…။

နေဝန်းနီ

10 comments

  • windtalker

    December 30, 2011 at 1:45 pm

    “ သေခြင်း သေခြင်း သေခြင်း ရဲ ့တရား ၊ ခဏ..ခဏ..ခဏ မေ့ထား ” ( သီချင်းစာသား မှ )

  • koyinmaung

    December 30, 2011 at 2:05 pm

    ကိုနေဝန်းနီကြီးရေ စိတ်မကောင်းပါဘူးဗျာ….

  • hmee

    December 30, 2011 at 2:12 pm

    ဦးထုတ်ဘာလို့ မဆောင်းရတာလဲ။ အခုတလော ခဏခဏ ဆိုင်ကယ်တိုက်သံ မှောက်သံတွေ ကြားနေရတယ်။ အသက်ကို ဉာဏ်စောင့်၏တဲ့။ ဦးထုတ်ကိုသာ သတိလေးနဲ့ ဆောင်းခဲ့ရင် အခုလို အဖြစ်ဆိုးချင်မှ ဆိုးမှာ။

  • inz@ghi

    December 30, 2011 at 2:13 pm

    အဘနီရေ….
    ဖတ်ပြီး …စိတ်မကောင်းဖြစ်ရတယ်ဗျာ..
    ဆင်ခြင်စရာလေးတွေလဲ ဆင်ခြင်ဦးမှ…

  • ငပေါက်ဖော်

    December 30, 2011 at 2:53 pm

    စိတ်မကောင်းလှပါ အဘနီရေ
    အစစ အရာရာ ဆင်ခြင်ကြပါ

  • water-melon

    December 30, 2011 at 3:25 pm

    ဘယ်လိုဆိုင်ကယ်လဲလဲ ဦးထုုပ်ပါတော့ တော်သေးတယ်ဗျ။
    ဦးထုပ်ဆောင်းတာရှက်စရာမဟုတ်ပါဘူး။
    ပြီးတော့ ကျွန်တော်တို့မန်းလေးက ပိုုဆိုးသေးတယ် ဖုုန်တွေက မျက်လုုံးထဲဝင်သေး
    ဦးထုပ်တောင် ရှေ့က အကာပါတာပိုကြိုက်တယ်။

  • yaungchikha

    December 30, 2011 at 7:53 pm

    ကျမလည်း အရင်က ဆိုင်ကယ်စီးရင် ဦးထုတ်မဆောင်ပဲ စီးတာများတယ်၊ နောက်တော့ ကျမ သူငယ်ချင်းတစ်ယောက်လည်း ဆိုင်ကယ် ဦးထုတ်မဆောင်းဘူး၊ အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတဲ့အချိန်ကျမှ အန္တရာယ်ကို နားလည်သွားတော့ ဆိုင်ကယ်စီးတာနဲ့ ဦးထုတ်အမြဲဆောင်းဖြစ်သွားတယ်၊ အခုဆို ဆိုင်ကယ်စီးရင် ဦးထုတ်မပါရင် မစီးတတ်တော့ဘူး……………

  • pooch

    December 30, 2011 at 9:45 pm

    သေခြင်းတရားဆိုတာ တခါတခါတော့လည်း ရုတ်တရက်ကြီး ရောက်လာတတ်တဲ့အခါ ကျန်ခဲ့တဲ့သူများအဖို့ မှာတော့…မချိအောင်ခံစားရတတ်ပါတယ်….

  • unclegyi1974

    December 30, 2011 at 10:41 pm

    ဟုတ်တယ်ကိုနီရေ
    ဆိုင်ကယ်စီးရင်ဦးထုပ်ကဆောင်းမှဗျ
    ကျွန်တော့်သူငယ်ချင်းတယောက်ရှိတယ်ကြာပါပြီ
    ဆို်င်ကယ်အက်စီဒင့်ဖြစ်တာဆိုင်ကယ်ပေါ်ကလွင့်ပြီး၁ဝပေလောက်မှာသွားပစ်ကျတာ
    ဦးထုပ်ကိုသေချာမေးသိုင်းကြိုးချည်ပြီးဆောင်းထားတော့ဦးထုပ်ကြေသွားတယ်
    ခြေကျိုးသွားတယ်လူကတော့အသက်မသေဖူူးဦးထုပ်မပါရင်အသေပေါ့ဗျာ
    အစိုးရကထုတ်တဲ့စည်းကမ်းဆိုတာထက်ကိုယ့်အသက်အတွက်
    ဆိုင်ကယ်စီးသူတိုင်းဦးထုပ်ကိုဆောင်းရုံတင်မကမေးသိုင်းကြိုးပါသေချာတပ်ပြီးစီးသင့်ပါတယ်ဗျာ

  • amatmin

    December 31, 2011 at 9:38 am

    ကိုနေကြီးရေ..
    ဖတ်ပြီး စိတ်မကောင်းဘူးဗျာ.
    ကျနော့ အကိုဝမ်းကွဲတယောက်လည်း ဖျာပုံလမ်းမမှာဆိုင်ကယ်ကြောင့်ပဲ
    သေသွားခဲ့ရတယ်ဗျာ။ မှောက်တာက ဖြေးဖြေးလေးကို ဦးထုပ်မဆောင်းမိလို့
    အုတ်ဆက် နောက်မှာ ဘုထပြီး ဆေးရုံအရောက်ဆုံးတာပဲဗျာ..
    မထင်မှတ်တဲ့ ဖြစ်ရပ်လေးတွေကြောင့် လူ့အသက်တွေပေးကြရတာပဲ.
    ဆိုင်ကယ် စီးရင် ဦးထုပ်ဆောင်းဖို့ကတော့ တသက်မမေ့တော့ဘူး….

Leave a Reply