“ဆန်လမ်း”

aye.kkDecember 30, 20111min723

တဏှာရင်းခံ ၊ ပစ္စုပန်၌
မာန်နှင့်အတ္တ ၊ ကြောင်းခံကြသည်
ငါ့ကိုယ်ငါပင် ၊ အကောင်းမြင်၍်
သူ ့လျှင်ပြစ်တင် ၊မကောင်းမြင်သည်
ငါလျှင်သာက ၊ ပဓာနဟု
မုချအသိ ၊ ရှိပေ၏တည့်
ငါ၏ဥစ္စာ ၊ ငါ့ဟာပေတည်း
ငါပြီးမှပြီး ၊ ငါတည်းသဘော
ဟူသောအသိ၊ ဒိဌိကြိုးတုပ်
မြုပ်လမ်းအာရုံ ၊ စွဲငြိထုံက
ပါယ်ဘုံနစ်မြုပ် ၊ နှုတ်မရတည့်
ငါ၏ဘဝ ၊ တောင့်တကုသိုလ်
ထိုထိုပြုထား..
ရှေးကံများကြောင့် ၊ ရကားခန္ဓာ
လောင်းကောင်သာတည့် ၊ ထမ်းကာအဟုတ်
ဝန်တာထုပ်အား ၊ ဒုက္ခကြီးစွာ့
ခံရအမှန် ၊ ဤသံသရာ
မျှောလမ်းမှာရပ်..
ဖြတ်ဖို့လျှင်က ၊ အပြောခန္ဓာ
ငါ,သူဆိုကာ ၊ မတွယ်တာနှင့်
နှစ်ဖြာရုပ်နာမ် ၊ သဘောခန္ဓာ
မရှိမှန်တည့် ၊ “ဆန်လမ်း”သည်ကား
ဘုရားတစ်ဆူ ၊ ပွင့်တော်မူမှ
ဟူကတစ်ခါ ၊ ပေါ်လာပေသည်
ဤဘုံဘဝ ၊ လွတ်မြောက်ရဘို့
မဂ္ဂင်ရှစ်ပါး ၊ ကျင့်တရားနှင့်
အားထုတ်ပွားမှန် ၊နိဗ္ဗာန်ရည်မှန်း
“ဆန်လမ်း”ကိုသာ ၊ လျှောက်လှန်းစို့..။

3 comments

  • Khin Latt

    December 31, 2011 at 12:39 am

    အစ်မ အေးရေ – ငါစွဲပြုတ် / မရှိအောင် ကြိုးစားဖို့ သတိပေးကဗျာလေး အတွက် ကျေးဇူးပါ။
    ကျွန်မ အဖို့ တော့ ဒီအချိန် အထိတော့ နိဗ္ဗာန် ဆိုတာ ဝေးနေသေးသလားဘဲ။
    ကိုယ့်အတွက် ကောင်းရာလားမဲ့ ဘာဝနာ ကို လုပ်သင့်/ လုပ်ရမှာ သိသိကြီးနဲ့ အချိန်မရှိ ဆို တဲ့ Useless Word ကို သုံးရင်းနဲ့ ဘဲ …… 🙁
    ဒီလို Reminder အတွက်လဲ ကျေးဇူးပါ အစ်မရေ။

  • windtalker

    December 31, 2011 at 11:25 am

    မှန်လိုက်တဲ့ စာသားတွေ နဲ ့ကဗျာ ဘဲဗျို ့
    အိုရမယ့် နာရမယ့် သေရမယ့် ခန္ဓာ ကိုယ် ကို
    တပ်မက်ပြီး အတ္တတွေ များနေမိတာ ကို
    အတတ်နိုင်ဆုံး လျှော့ချပြီး
    သေရင် ကိုယ့်အတွက် ပါမယ့်
    ဟာကိုဘဲ ရှာဖွေရမှာပါ ခင်ဗျာ

  • aye.kk

    January 1, 2012 at 6:15 am

    မလတ်,ကိုဝင်းတော့ကာရေ..ဖတ်ရှုအားပေးသွားတာဝမ်းသာမိပါတယ်..
    နှစ်သစ်စာမျက်နှာသစ်(၂၀၁၂ )မှာ..
    လူသစ်စိတ်သစ်နဲ့ကံနှင့်တဏှာကြောင်းရင်းခံတဲ့..
    သူငါတစ်ပါးယောက်ျားမိန်းမဆိုတဲ့အပြောခန္ဓာမတွယ်တာဘဲ..
    ရုပ်နာမ်နှစ်ပါးဖြစ်တဲ့သဘောခန္ဓာ(အလောင်းခန္ဓာ) မှန်ရာမရှိတဲ့နိဗ္ဗာန်ကိုသာ..
    မဂ္ဂင်ဖြင့်ကြည့်ကာ(ဆန်လမ်း)ကိုသာလျှောက်လှန်းရအောင်ပါ…။

Leave a Reply