“”ချစ်ခြင်း နဲ့ ချစ်ခြင်းကို သိမ်းပိုက်သူ သစ်မင်း””

black chawDecember 31, 20112min28421

ကိုသစ်မင်းက ကားမောင်းသလို ဂီယာတစ်ချက်ခြင်းချိန်းပြီး ရွာကိုဝင်လာခဲ့တာပါ။
ပထမ ဂီယာမှာ အရှိန်လေးယူတဲ့အနေနဲ့ ဟာသလေးတွေနဲ့ ရွာကို ဝင်ရောက်လာတဲ့သူပါ။
ဒုတိယဂီယာမှာ အရှိန်နည်းနည်းတင်ပြီး ကဗျာလေးတွေ ရေးလာပါတယ်။
တတိယ ဂီယာကျတော့ ရသစာစုလေးတွေ ဘာသာပြန်ဝတ္ထုလေးတွေ ရေးပြီး အရှိန်နည်းနည်း ထပ်မြှင့်ပါတယ်။ ဒီလောက်မှာတင် ရွာမှာ ကိုသစ်မင်း အခိုင်အမာ နေရာတစ်ခုရခဲ့ပြီဖြစ်ပါတယ်။
နံပတ်လေး ဂီယာကျတော့ စီးပွားရေး၊ နို်င်ငံရေး အမြင်လေးတွေ ရေးပြီး အရှိန်ထပ်မြှင့်ပါတယ်။
အခုနောက်ဆုံးဂီယာကျတော့မှ ဂဇက်ဆီမီနာကို ဦးဆောင်ဆွေးနွေးပြီး ဟိုက်စပိဒ် နဲ့ကို မောင်းနေခဲ့ပြီဖြစ်ပါတယ်ဗျာ။
အဲဒီတော့ ပထမ ဂီယာ ရဲ့ ဟာသပို့စ်လေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေဗျာ။

“ဟာသလေးတွေပါ အားလုံးရယ်မောပျော်ရွင်နိုင်ပါစေ”
https://myanmargazette.net/62696/society-lifestyle
ဟာသလေးတွေက ရယ်ရတယ်ဗျာ။ ကောလိပ်ကျောင်းသားထံမှ မိဘများသို့ ပေးစာ ဆိုရင် တော်တော်ရယ်ရပါတယ်။ နမူနာ နည်းနည်းဖတ်ကြည့်ဗျာ။

ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့
ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင်
ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။
ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။ ချစ်သား စာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ
ဘရစ်နေးစပီးယားစ်အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။

ကိုရင်စည်သူတို့၊ အီးတီတို့လို သားမျိုးတွေဖြစ်မယ်ဗျ။ အမေလုပ်တဲ့သူကလည်း သားကိုစာပြန်ပါတယ်။ အဆုံးသတ်မှာ ရေးထားတာလည်းကြည့်ဦး။

P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။
ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။

တဲ့။
တော်တော်ရယ်ရတယ်ဗျာ။ ဒီပို့စ်မှာတော့ ကိုပေါက်တို့၊ ဆရာမကြီး TTNU တို့ ထက်ဝေးတို့ နီကီတာတို့ ရဲ့ ကွန်းမန့်တွေနဲ့ အတူ ကွန်းမန့်ပေါင်း ၁၂ ခုနဲ့ ဖတ်ရမယ်ဗျာ။

မျက်မမြင် ၅ ဦးနဲ့ ကွန်ပျူတာ
https://myanmargazette.net/63249/society-lifestyle
ဟာသပို့စ်လေးပါပဲ။ မျက်မမြင် ၅ ဦး ကွန်ပျူတာကို တစ်ယောက်တစ်လှည့်စီ စမ်းကြပြီး ဘာနဲ့ တူတယ်ဆိုတာ ပြန်ပြောပြကြတာလေးပါ။ ဒီပို့စ်လေးလည်း တော်တော် ရယ်ရပါတယ်ဗျာ။

အားလုံးပြုံးပြီးမှ မရယ်ကြပါနဲ့
https://myanmargazette.net/63396/society-lifestyle
ဒီ ဟာသပို့စ်လေးကလည်း ရယ်ရတာပါပဲခင်ဗျာ။ အခုချက်ခြင်းပြုံးချင်တယ်ဆိုရင်တော့ နည်းနည်း ဖတ်ကြည့်ဗျာ။
မမြောက်ပါနဲ့ဗျာ
“မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊
ရေခဲသေတ္တာရယ်၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ
အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ ”
“ဟာ ….. တရားသူကြီးမင်းကလည်း ကျွန်တော့်ကိုအနေခက်အောင်မြှောက်နေပြန်ပြီ”

ရှက်တတ်တဲ့ သူခိုးပဲ ဖြစ်ရမယ်ဗျ။ မနေတတ်မထိုင်တတ် ဖြစ်သွားပုံရတယ်။ ကျန်တာလေးတွေကလည်း ရယ်ရတယ်ဗျာ။

တရုတ်သိုင်းကားတွေမရှိရင် ဘယ်တော့မှမသိနိုင်မယ့်အချက်တွေကတော့
*မင်းသားရဲ့မိဘဖြစ်ရတဲ့သူတွေဟာကံမကောင်းတတ်ကြပါဘူးမင်းသားငယ်စဉ်ဘမှာရန်သူတွေသတ်တာခံရပြီး
မင်းသားကမိဘမဲ့ဖြစ်သွားလေ့ရှိပါတယ်။
*ဒဏ်ရရပြီးသေလုမျောပါးဖြစ်နေတဲ့လူတွေဟာအသက်ကိုရအောင်ရှုပြီးသူ့ကိုဘယ်သူသတ်သလဲဆိုတာ
ဖော်ထုတ်ဖို့စကားအနည်းငယ်ပြောပြီးမှ(သေကြောင်းပြတဲ့ အနေနဲ့) ခေါင်းကစောင်းကျသွားပါတယ်။
*သိုင်းပညာရှင်တွေဟာခေါင်မိုးတွေသစ်ပင်တွေပေါ်မှာအဝေးကြီးကိုချွေးလုံးဝမထွက်ဘဲ
ပျံနိုင်ပါတယ်။ ဒါပေမယ့်တခြားမြို့တွေရွာတွေကိုခရီးထွက်တဲ့အခါတွေမှာတော့လမ်းလျှောက်ပြီး(ဒါမှမဟုတ်)
မြင်းစီးပြီးသွားကြရရှာပါတယ်။
*မင်းသားသူရဲကောင်းတွေဟာပိုက်ဆံရဖို့အတွက်အလုပ်မလုပ်ပေမယ့်ဝယ်စားတဲ့အစားအစာတွေအတွက်
ပေးဖို့ ရွှေတုံးငွေတုံးတွေ သူတို့မှာ အမြဲရှိနေတတ်ပါတယ်။
*တိုင်းပြည်က ဘယ်လောက်ကြီးကြီး၊ ဘယ်နေရာတွေမှာပဲရောက်နေနေမင်းသားနဲ့လူဆိုးတွေဟာ မကြာခဏ လမ်းမှာဆုံလေ့ရှိကြပါတယ်။
*အတွင်းဒဏ်ရာတွေ ကုသရတာလည်း အရမ်းလွယ်ကူပါတယ်။တင်ပလင်ခွေထိုင်၊ဒူးခေါင်းပေါ်မှာ လက်တွေတင်ပြီးရင် ခေါင်းက မီးခိုးတွေထွက်သွားတာနဲ့ပျောက်ပါပြီ။
*သူတို့ဟာ အကျီလက်တွေ ခါးပတ်တွေထဲမှာ ပစ္စည်းတွေအများကြီး(အထူးသဖြင့်ရွှေတုံးငွေတုံးတွေ) ထည့်နိုင်ပြီး ဘယ်တော့မှလည်းပြုတ်မကျကြပါဘူး။

ကိုရင်စည်သူလိုဗေဒင်ဟောစာတမ်းလည်း ပါသေးတယ်ဗျ။ ကဲ ၂၀၁၂ အတွက် ကိုသစ်မင်းရဲ့ ဗေဒင်ဟောစာတမ်းလေး ဖတ်ကြည့်ကြဗျာ။

ဗေဒင်
တနင်္ဂနွေ
“နွေ”ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလိုပူစပ်ပူလောင်ဖြစ်လတ္တံ့။
တနင်္ဂနွေနံနိုင်ငံဖြစ်သောအမေရိကန်တွင်တနင်္ဂနွေသားအိုဘားမားသမ္မတဖြစ်လာသဖြင့်နံတူအကျိုးပေးလုပ်ငန်းများ အိမ်သာကျင်းတူးခြင်း၊အုတ်ဂူဆောက်ခြင်းတို့ကိုအင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည်။
ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့်ရောဂါကြီးများကိုအောင်မြင်စွာလက်ခံနိုင်သည့်အခြေအနေများရှိနေသည်။ အချစ်ရေးတွင်အထာကျသည့်ချစ်သူလေးများရခါနီးကာမှအူကြောင်ကြားများနှင့်အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။
တနင်္လာ
“ကျားဆိုမှကျား”တနင်္လာသားသမီးများသည်ယခုလအတွင်းကြောင်တောင်တောင်နိုင်ခြင်း၊ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။
ကိုယ်ပိုင်အရည်အချင်းဖြင့်ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့်ချိန်းတွေစဉ်ချောင်းရိုက်ခံရတတ် သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများချူစားခံရလတ္တံ့။ ပညာရေးတွင်ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို ခွေးကျကျခြင်းများဖြစ်တတ်သဖြင့်ဖြစ်နိုင်လျှင်ကျောင်းမသွားပါနှင့်။ ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း ၊ကူလီထမ်းခြင်းများကိုယခုလအတွင်းတနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။ အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်းလျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့အဝတ်အစား လုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလိုလွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟုသက်စေ့ကြွေးကြော်ပါ။
အင်္ဂါ
ယခုလအတွက်အကောင်းဆုံးဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏအလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင်ထိုင်စရာရတတ်ခြင်းတို့ကြောင့်အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး”ဟုအထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင်ဇက်မကျိုးဘဲလှလှပပအသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများဆီးသွားရာတွင်ဇယားကပ်နိုင်သည်။ စီးပွားရေးကောင်းနေစဉ် ညရေးညတာသွားလာရေးအဆင်ပြေစေရန်ဆင်တစ်ကောင်ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများဆက်တိုက်ဆိုသလိုသောက်နေရတတ်သည်။ နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ဇိမ်မယ်များ၊ဇီဇာကြောင်သူများ၊ညစောင့်များနှင့်စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြင့်ဇော်ဂျီအဝတ်အစားများဝတ်ပြီးဈေးဝယ်ထွက်ပါ။
ဗုဒ္ဓဟူး
ကံဇာတာမှေးမှိန်နေခြင်းမဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်းမဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင်လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများလျှမ်းလျှမ်းတောက်အောင်မြင်အံ့။ လောင်းကစားကြောင့်ယောက္ခမနှင့်ရင်ဆိုင်ရဖွယ်ရှိသည်။ ဝသောသူများဝိတ်မချနိုင်ပါကဝက်နှင့်တူလတ္တံ့။ ပညာရေးတွင်ယောင်ချာချာဖြစ်နေသူများလျက်ဆားပြောင်းရောင်းသင့် သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသောအိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါကတစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။

ကြာသပတေး
မူယာမာယာများတတ်သောကြာသပတေးသားသမီးများအတွက်ပြတ်ပြတ်သားသားကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်ပြောင်ချော်ချော်လုပ်ခဲ့သမျှပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။ ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည်ပန်းညှိုးပန်းသေ မျက်စိကွယ် ဖုတ်လှိုက်ဖုတ်လှိုက်နှင့်အသက်သေသည်အထိဖြစ်တတ်သဖြင့်ဘုရားတရားလုပ်ချိန်တန်ပြီဟုဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်းအခြေအနေမပေးသဖြင့်ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင်ချစ်ရေးဆိုလာသူကိုပဲ များပြီးပါးရိုက်မိပါကမိုက်မဲခြင်းသာဖြစ်ပြီးမည်သူကိုမဆိုမြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့်ယတြာမှာ ပိတ်စတစ်ခုတွင် “ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။
သောကြာ
သောကြာသားသမီးများကြွက်ကလေးများလို တွင်းအောင်းနေရအံ့။ အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများ လို ထောင်ချောက်မိကာထောင်ကျအံ့။
အလုပ်အကိုင်အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့်ကံများမရှိသော်လည်းသစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်ဆေးရုံဆေးခန်းရောက်ရန် ရှိသည်။ “သိပ်ချစ်မိနေပြီကလေးရယ်” ဟု ပြောလာသူရှိပါက“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ”
ဟု ပြန်ပြောရန်ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ – တစ်ခုသော သောကြာနေ့တွင်သိက္ခာရှိသူတော်ကောင်း တစ်ဦးကိုသဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။
စနေ
**တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေ သဖြင့်သတိရှိစေချင်သည်။နိဗ္ဗာန်ယာဉ်လုပ်ငန်းများတွင်အောင်မြင်အံ့။ ပညာရေးလိုက်စားသူများနိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲနေရလတ္တံ့။ နေမကောင်းသူများနှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထား သည့်သူရှိနေသည့်တိုင်အောင်တောင့်တောင့်ဖြောင့်ဖြောင့်အငယ်အနှောင်းထပ်ရရန်ရှိနေသဖြင့်အိမ်ထောင်ဘက်ကို
အလစ်မပေးသင့်ပေ။ အဆိုးများပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှနှပ်ချေးနည်းနည်းတောင်းစားပါ။

ကဲ ၂၀၁၂ ကိုဖြတ်သန်းဖို့ ဆရာစံဇာနည်ဘို ဟောစာတမ်းတို့ ဆရာ ကိုရင်စည်သူတို့ ရဲ့ ဟောစာတမ်းတို့ ဝယ်နေစရာမလို တော့ပါဘူး။ ကိုသစ်မင်း က ဟောစာတမ်းရေးပေးထားပါတယ်ဗျာ။

ကဲ…….လေ
https://myanmargazette.net/69176/society-lifestyle
ဒီ ပို့စ်လေးကလည်း ဟာသ ပို့စ်လေးပါပဲ ။ SEP 21 က တင်ခဲ့တဲ့ ပို့စ်ပါ။ နမူနာလေးတစ်ပုဒ် ဖေါ်ပြပေးချင်ပါတယ်ဗျာ။

စားမယ်
တခါကလူတယောက်ကအိမ်တအိမ်ကိုအိမ်ရှင်တွေထမင်းစားချိန်မှာရောက်သွားတယ်တဲ့၊
ထုံးစံအတိုင်းထမင်းစားနေတဲ့အိမ်ရှင်ကထမင်းစားခေါ်ပါသတဲ့
အဲဒီလူကဗိုက်တော်တော်ဆာနေပေမဲ့အားနာလို့နေပါစေ၊မဆာလို့ပါဆိုပြီးငြင်းသတဲ့။
အိမ်ရှင်ကနောက်တခါထပ်ခေါ်တယ်။ အဲဒီလူကလဲနောက်တချိန်ထပ်ငြင်းပြန်တယ်။
ငြင်းသာငြင်းလိုက်ရတာဗိုက်ကတော်တော်ကိုဆာနေပြီလေ။
ဒါနဲ့ နောက်တခါခေါ်ရင်တော့မငြင်းတော့ဘူး၊ဝင်စားလိုက်မယ်လို့စိတ်ထဲမှာတွေးနေသတဲ့၊
ဖြစ်ချင်တော့အိမ်ရှင်ကလဲ ၂ ခါ ခေါ်ပြီးသွားပြီး၊နောက်ထပ်မခေါ်တော့ဘူးတဲ့။
ဟိုလူကလဲအိမ်ရှင်ခေါ်တာနဲ့စားမယ်လို့ပြောဖို့စိတ်ကူးနေတဲ့အချိန်မှာဗြုံးဆို
မျက်နှာကြက်ပေါ်ကအိမ်မြှောင်တကောင်ကဧည့်သည်အဲဒီလူရဲ့ပုခုံးပေါ်ပြုတ်အကျ၊
အိမ်ရှင်ခေါ်မှာကိုအာရုံပြုနေတဲ့အဲဒီလူကလန့်သွားပြီးအော်လိုက်တာကတော့
“စားမယ်” ……………………………………….ပါတဲ့ဗျား။

ပြုံးရုံပဲပြုံး
https://myanmargazette.net/70328/society-lifestyle
ဒါလေးကလည်း ရယ်စရာ ဟာသပို့စ်လေးပါဗျာ။

ရယ်ချင်ရင်…ဖတ်လိုက်နော်
https://myanmargazette.net/69563/society-lifestyle
Source: Reader’s Digest Best Jokes (10 July 2010~23 Sept 2011 လို့ ဖေါ်ပြထားတဲ့ ဟာသလေးတွေပါ။

ရော့………ရီလိုက်
https://myanmargazette.net/69369/society-lifestyle
Source: Reader’s DigestBest Jokes and ကြားဖူးနားဝဟာသများ လို့ ဖေါ်ပြထားတဲ့ ဟာသလေးတွေပါ။
စဉ်းစားလို့ မရတာက အပေါ်က နံပတ် ၆ ပို့စ်မှာ လည်း လက်မ အောက်စိုက်သူတွေ့တာနဲ့ ဒီပို့စ်မှာလည်း လက်မ၃ ချောင်းတိတိ အောက်စိုက်ထားတာပါ။ ဟာသလေးတွေက အပြစ်ကင်းပါတယ်။ ဘာကို ရည်ရွယ်ပြီးအောက်စိုက်ကြသလဲ ဆိုတာ တစ်ခါတစ်လေ စဉ်းစားရခက်ပါတယ်ဗျာ။

သေရာသေကြောင်း …နည်းလမ်းကောင်းများ
https://myanmargazette.net/64265/society-lifestyle
ဒါလည်း ဟာသ ကာတွန်းပုံလေးတွေပါဗျာ။

ကိုသစ်မင်းရဲ့ ဟာသလေးတွေ လက်လှမ်းမီသလောက် ပြန်ရှာပြီး တင်ပေးလိုက်တာပါဗျာ။ ကိုသစ်မင်းက အစပိုင်းမှာ ပေါ့ပေါ့ပါးပါး ဟာသလေးတွေရေးပြီး ဝင်လာခဲ့တာတွေ့ရပါတယ်။ ပြီးမှ ကဗျာလေးတွေ ရေးလာတာကို တွေ့ရပါတယ်။
ကိုသစ်မင်း ကဗျာတွေက ကာရန်ကဗျာလေးတွေ များပါတယ်။ မော်ဒန်အတွေးအရေးလေးတွေကိုလည်း တစ်ခါတစ်ရံ ရေးဖွဲ့တတ်တာတွေ့ရပါတယ်။ အလင်းဆက်စကား ငှား ပြောရရင် စနစ်တွေ..ဘောင်တွေ..ထဲ မှာ အံဝင်ခွင်ကျ..လှပနေတဲ့ ကဗျာလေးတွေ များပါတယ်ဗျာ။

စ , လယ် , ဆုံး
https://myanmargazette.net/68873/creative-writing
ဆိုတဲ့ ကဗျာလေးနဲ့ စလိုက်ရအောင်ပါ။ SEP 20 က တင်ခဲ့တဲ့ ပို့စ်ပါ။ ဖတ်ကြည့်ကြပါ။

(ကဗျာအစ)
စားပွဲပေါ်ကအတွေးတွေ
အောက်မကျသေးခင်
ကဗျာတပုဒ်ဆင်ခဲ့တယ်။
(ကဗျာအလယ်)
ဒိုက်လိုရှုပ်တဲ့စိတ်ကနေ
အမှိုက်လိုမဟုတ်တဲ့ ကဗျာတွေမွေး
အဝေးအနီး အသေးအကြီးနဲ့ပြ
ပန်းချီကားတချပ်လို
ဆေးစိုစိုနဲ့စိတ်ကချယ်
နမိတ်ပြသွယ်ထား
နယ်ထားတဲ့စကားလုံးများနဲ့ဘောင်ခပ်
အတောင်တပ်ပြီးပျံတော့မတတ်
တဖျပ်ဖျပ်လန်းနေတဲ့ကဗျာလေး
မဟာသွေးကင်းကင်း
ဘယာဘေးရှင်းရှင်း
အပြစ်ကင်းစွာ ချစ်ခြင်းဖြာတဲ့
အို…. ဗျ ကျနော်သစ်မင်းရဲ့ကဗျာ…………..က

(ကဗျာအဆုံး)
မသွားလဲရောက်..သွားလဲရောက်
ဘဝခရီးတွေပေါက်ခဲ့ပြီ
မတွေးလဲဆွေး..တွေးလဲဆွေး
ငိုကြွေးခြင်းတွေစုံခဲ့ပြီ
လိုလဲမရ..မလိုလဲရ
ဒုက္ခတွေလဲကြုံ ခဲ့ပြီ
မမှားလဲခံမှားလဲခံ
“ဝဋ်ကြွေးပြန်”လဲဆပ်ခဲ့ပြီ…….မို့
လေညှင်းဆော့သွေး
ငှက်ကတေးဆို
ပင်ညောင်ညိုအောက်
ရေချမ်းသောက်ပြီး
ဒီခရီးဆုံး
အမုန်းဇာတ်သိမ်း
ငြိမ်းချမ်းရေးလေး
ပေးပါနော်။။။။။။။
(TM)

ကိုပေါက်ရဲ့ ကဗျာကွန်းမန့်လေးနဲ့ ဖတ်ကြရမယ့် ပို့စ်လေးပါဗျာ။

ကိုသစ်မင်းကို ဂဇက်မှာ အားလုံးအသိအမှတ်ပြုခဲ့ရတာကတော့ မှတ် ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ Oct 2 က တင်ခဲ့တဲ့ ကဗျာလေးပါ။ ဒီကဗျာလေးဟာ ဒီဘက်ခေတ် ရွာရဲ့ စည်းလုံးညီညွှတ်မှုကို အစပြုစေခဲ့တာမို့ ကဗျာတစ်ပုဒ်ဆိုတာထက် ပိုတန်ဘိုးရှိခဲ့ပါတယ်။ ကိုသစ်မင်း ကို လက်တွဲခေါ်ယူခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကတော့ ရွာရဲ့ မရှိမဖြစ် ကြောင်ကြီးပဲဖြစ်ပါတယ်။ ဒီကဗျာလေးရယ် ကွန်းမန့်လေးတွေရယ်ကိုတော့ ရှည်လျားကောင်းရှည်လျားမယ် ဖြစ်ပေမယ့် နှစ်သစ်ကူး အထိန်းအမှတ်အနေနဲ့ ဖေါ်ပြပေး လိုက်ပါတယ်ဗျာ။

မှတ် (^^)
https://myanmargazette.net/70811/creative-writing

(၁)
တွေးမိတာရေး
ဂေဇက်သူဌေးး
ပွိုင့်များပေးသည်မှတ်။
(၂)
အရွှီးကောင်းကောင်း
အဖောကောင်း
‘အပေါင်း’ရမည်မှတ်။
(၃)
မန့်ချင်ရာမန့်
တနံ့နံ့
မဆန့် ’နှုတ်’မည်မှတ်။
(၄)
ဟောက်စား ခြောက်စား
လူလည်များ
ရွာသား ဗြင်းမည်မှတ်။
(၅)
ညီညွတ်စွာတွေး
ရွာ့အရေး
တို့အရေးလို့ပင်မှတ်။
(၆)
ဟိုအဆင်၊ဒီအဆင်
အချာပင်
ရွာတွင်မရှိမှတ်။
(၇)
ဟိုရောက်ဒီရောက်
ကိုကိုပေါက်
ဒုတ်ထောက်”ရိုက်”မည်မှတ်။
(၈)
လူသာမကနော်
ကြောင်တွေပျော်
အတော်”အော်”သည်မှတ်။
(၉)
သူဖဲ့ကိုယ်ဖဲ့
ကြုံသူဖဲ့
ရွာရဲ့သူကြီးမှတ်။
(၁၀)
ရေးမိရေးရာ
ကျွန့်ကဗျာ
ဟာသလို့သာမှတ်။

ဒီအထိက ကိုသစ်မင်းရေးတဲ့ ကဗျာလေးပါ။ ကြောင်ကြီးက ကွန်းမန့်မှာ ကဗျာဆက်ရေးပါတယ်။ တစ်ပုဒ်တည်းလို့ သတ်မှတ်ပြီးသာ ဖတ်ကြပါဗျာ။

ကြောင်ကြီး says:
ကိုပေါက်ဒုတ်ပျောက်
ဆောင်းတွင်းရောက်
အအေးပိုသည်မှတ်..
သဂျီးတရားဟော
လွန်စွာနှမြော
ထင်ရာပြောသည်မှတ်..
ဘပုဆဲဆို
မနာလို
စာဆိုရှိသည်မှတ်..
မိုးပြာဝင်နှောက်
သာသနာပျောက်
အခါရောက်ပြီမှတ်..
လှေသူကြီးသွားလား
ရှန်ဟိုင်းဘား
ဟိုဟာများသည်မှတ်..
ဟူးဟူးဝေမျှ
တရားဓမ္မ
ရွာမှာချဲထိုးကြ..
မောင်ပေကျောက်ရောင်း
မပါကြောင်း
အစစ်ပြောသည်မှတ်..
ပေါက်ဖော်ပျားတုပ်
ရှေ့နောက်လှုပ်
အကျင့်ပါသည်မှတ်..
TTNU
ဆရာမကူ
ရွာကိုလဒူမှတ်..
အီးတုံးဒေါသ
အတောမရ
ဒလဟောကျသည်မှတ်..
ဆရာဝန်AKKO
ခင်ဗျာဆို
အကြင်နာပိုသည်မှတ်..
ဆရာဝန်မိုးသီတာ
အဖိုအမ
မကွဲပါ…
ရွာတော်ရှင်ဆူး
မလာဘူး
စိတ်ဆိုးနေသည်မှတ်..
ရွာသူဝေဝေ
ကမာ္ဘမကြေ
အကြွေးရောင်းသည်မှတ်..
ဦးမိုးညိုမှတ်ချက်
တခါဖတ်
အစိုးရပျက်သည်မှတ်..
မီးရထားမမ
ဘုရားဖူးကြွ
ရွာမှာဖွပြီမှတ်..
ပဒုမ္မာသူဌေး
ပွဲရုံဈေး
ဘယ်အခါမပြောမှတ်..
ဘလက်ချောထင်
ရွာထဲတွင်
ရိုက်ပွဲဖြစ်သည်မှတ်..
ရှုံးနိမ့်လူသား
ချစ်ကြောင်းကြွား
ကွယ်ရာတမျိုးမှတ်..
ရွာသားရခိုင်
လွန်စွာပြိုင်
သံချပ်တိုင်သည်မှတ်..
ရွာသားဦးဖက်
ဘယ်ဆီနှပ်
ရဲဖမ်းသွားသည်မှတ်..
ကြောင်အသေးလေး
လွန်စွာရေး
မနာသေးသည်မှတ်..
ဘီလူးOgre
မန်နေဂျာ
ငယ်သားမရှိမှတ်..
နိဂိမိစစ်သား
တရံတပါး
ခွင့်ပြန်လာသည်မှတ်..
နိုဇိုမိခရီးသွား
လွန်စွာပွား
အခန်းဆက်များသည်မှတ်..
နေးချားလှူတန်း
ဘယ်စီမှန်း
နတ်သမီးငါးရာတ..
မနောဖြူလေး
ကဗျာဆွေး
ဘဲကိုလွမ်းသည်မှတ်..
အလင်းဆက်သီကုံး
ကဗျာဗုံး
တခါကအမုန်းမှတ်..
အန်ဂျီအိုရွှေအိ
မရှာဘိ
အပျိုကြီးလုပ်မည်တိ..
true answer
ဘူးခံတာ
ပညတ်ပယ်သည်မှတ်..
နန်းရှင်သာဂိ
ရွာမှာသိ
ဘုန်းကြီးလူထွက်ရှိ..
လင်းဝေကျော်
စာအတည်ရေး
ရွာအကြောင်းမသိသေး..
နွယ်ပင်အာဂ
ရွာထဲမှ
စုံတွဲဖြစ်သည်မှတ်..
ရွှေအိမ်စည်check
ရွာပြင်ဇရပ်
သူသာရှိသည်မှတ်..
ဆရာသစ်မင်း
ဂျပန်ဆင်း
ဗလာဗျင်းသည်မှတ်..
သမီးလေးလုံး
ဦးကြောင်အရှုံး
အမြဲပေးသည်မှတ်..
ကျွန်ုပ်ကြောင်မင်း
မီညောင်ခြင်း
တဘောင်သီချင်းမှတ်..။
ကျန်သူတွေ အများကြီး ရှိတယ်ဗျာ။ အရည်မရ အဖတ်မရမိုလို့ တွေ့မိသမျှ စပ်လိုက်တာ ခွင့်လွှတ်ပါ။

ကြောင်ကြီးပြီးတော့ ကြောင်လေးက ဆက်ပြန်ပါတယ်ခင်ဗျာ။

ကြောင်လေးရောက်လာ ကြောင်ကြီးမှာ
မနာလိုသည်မှတ်။
ရွာရှိကညာ အကုန်ဟာ
သူသာပိုင်သည်မှတ်။

ဘီလူးကြီးကလည်း ကဗျာတိုလေး တစ်ပိုဒ် ဆက်ရေးပါတယ်။

မောင်ကြောင် ပြောမှ ငါဘဝ
အများသိတယ်မှတ်

ဆရာမကြီး TTNU ကလည်း ကဗျာဆက်စပ်ပါတယ်ခင်ဗျာ။

TTNU says:
(TTNU
ဆရာမကူ
ရွာကိုလဒူမှတ်..)
မမှတ်ပါဘူးကြောင်ကြီးရယ် လဒူဆိုတာ
ဘယ်သူ ဘယ်ဝါ ငါမသိတယ်မို့၊
နင်တို့ရွာ အဝင်ပေါက်
လမ်းလျှောက်လို့လာတုန်းမှာ
ကြောင်အော်သံ ဆူညံလှတာ နဲ့၊
“ဘယ်သူလဲဟဲ့” လို့ အခါခါ ငါအော်ကာ မေးပေမဲ့
အရေးလုပ်စွာ ဘယ်သူမှ အဖြေ မပေးလေသမို့၊
ထပ်ကြော့ကာ တစ်ခါမေးလိုက်တာက
” ဘဒူလဲ “…” ဘဒူလဲ “… အသံတုန် အသံပျက်ကို
CAT.. စီအေတီ ..ကက်… ရွှေနားတော်ထက်မှာ ” လဒူ” ….လို့ များ နားကြားမှားရော့သလား။
ငါ တို့များမှာ ဖြင့် နင်တို့ ရွာ လာချင်လွန်းလို့ပါ့ ၊
နင်တို့ရွာသားတွေကို လည်း လေးစားလွန်းလို့ပါ့၊
မခေါ်ရက်ပါ (လဒူ) ရယ်လို့
မကြိုက်ရင် ပြင်ကာပေးပါ့မယ်
အမူရယ် မပိုကြပါနဲ့တော့ အို.. ကွဲ့… ရွှေလဒူ။

ကိုသစ်မင်း က ကဗျာကို ဆက်ပြန်ပါတယ်ခင်ဗျာ။

thit min says:
ကာရန်တူများ
ပေါင်းစုအားဖြည့်
ရွာဓလေ့မှာ
ကြည်မွေ့သာယာ
ရှိကြပါလျှင်
အစဉ်စည်းလုံး
တပြုံးပြုံးနှင့်
နောက်ဟယ်ပြောင်ဟယ်
တတွယ်တွယ်နှင့်
တွေးလိုက်ရေးလိုက်
တစိုက်စိုက်နှင့်
ကောက်သူဖြောင့်သူ
ပြန်ကြည်ဖြူနှင့်
တူတူလို့မှတ်
တို့အရပ်ဟာ
အသေအချာ
ရွာသာယာ။

ကိုရင်စည်သူ က ကဗျာကို ဆက်စပ်ပါတယ်ခင်ဗျာ။

Koyin Sithu says:
ဘယ်အကြောင်းမဆို
ဝင်ဆော်သူ
ရွာဆော်သူကြီး.. မှတ်..။
ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး
အဲ့ဒါ ကြောင်ကြီး… မှတ်…။
ကလေးအတွေး
ပြန်အရေး… အဲ့ဒါ ကြောင်လေး… မှတ်။
မိုးဘာကြောင့် ပြာတယ်ရေး
မဲနယ်ဆိုးလို့ပြာတယ်… မှတ်
လူကောင်ကြီးကြီး အော်ဂရီကြီး
ဘီးလူးဖြစ်သည်… မှတ်…
အပင်လေးတွေ လက်ဆော့ပေး
အဲ့ဒါ မောင်ပေ… မှတ်…။
ခနဲ့အရေး.. ချောကလက်လေး
ဘလက်ချောချောမှတ်..။
တပတ်တခါ ရုံသွားတာ
အဲ့ဒါ အီးတုံး… မှတ်…။
မမ..လှလှ ထထက
အဲ့ဒါ မမ… မှတ်..။
ပွိုင့်ရအရေး အသေရေး
အဲ့ဒါ ငှက်ကြီး… ကိုရင်.. မှတ်…
(ခင်လု့ိ နောက်ပြီးရေးတာနော်.. စိတ်ဆိုးရဘူး… )

ပေါက်ဖေါ်ကလည်း ကဗျာလေးတစ်ပုဒ်နဲ့ ဆက်ပြန်ပါတယ်။

ပေါက်ဖော် says:
မျက်ခြေမပြတ် ပို ့စ်အကုန်ဖတ်
ကြောင်ကြီး ဟုသာ မှတ်
ရေးဖို ့အရေး..အင်ထရိုပေး.
မောင်ပေ ဟုသာမှတ်
ရေဒုက္ခကူ တို ့ရွာသူ..
မန္တလာသူမှတ်
စက်ရုံဂျာကြီး အင်မတန်ငြီး..
ဘီလူးကြီး ဟုမှတ်
ရွာပြင်ဂေါ်လီ ရွှေအိမ်စည်
တစ်သီးပုဂ္ဂလ မှတ်
အရပ်ပုပု တီတီနု
ဆရာမဟု မှတ်
ကိုရင်စည်သူ အူတူတူ..
အတောင်မပါ..ဘူးမှတ်
ယူအစက် သဂျီး..ကပ်စီးကြီး
အနုတ်ကြမ်းသည်မှတ်
ရွာပြင်လျှောက်ဆော့ တစ်သိန်းထုတ်ဘော့စ်
ဘွားတော်ဖွားဆူးမှတ်
ရပ်ရေးရွာရေး.နှစ်သိန်းပေး..
အော်စီ ဖောကြီးမှတ်
(ကိုကြောင်ကြီး စပွန်ဆာကိုမေ့ခဲ့တယ်နော့ )
ဟိုဆွဲဒီလွဲ..အဖွဲ ့ကွဲ
သံတွဲစုဟု မှတ်
သစ်မင်းအတွေး ကြောင်ဖြည့်ပေး
စုံလင်လှသည်မှတ်
ကိုကြောင်ကြီး အားကျလို ့အပေါ်ကမန် ့တဲ့လူတွေ ထည့်လိုက်ဒါ။

မပဒုမ္မာကလည်း ကဗျာလေးနဲ့ ဝင်ရေးပြန်ပါတယ်။

padonmar says:
ပဒုမ္မာသူဌေး
ပွဲရုံဈေး
ဘယ်အခါမပြောမှတ်.
ဦးကြောင် တစ်ခါမှလည်းမမေးဘဲနဲ့၊မေးရင်ပြောမှာပေါ့၊
ဒို့လည်းရေးကြည့်မယ်နော်၊
ဂျူးတွေနားမှာ
မပျော်ရှာ
မှီလို့ခေါ်ပါမှတ်
ဂျပန်မကို
အပြစ်ဆို
မွန်းပိုအမ် ဟုမှတ်
ရွှေနီဆိုတာ
ထိုင်းမှာပါ
သူယောင်ရှာ ဟုမှတ်
ဂျူမုံလို့ပင်
ထင်ချင်ထင်
တညင်သား ဟုမှတ်
အာဖျံကွီးဟာ
မိန်းကလေးပါ
ချာတူး
researcher မှတ်

ကြောင်ကြီးက ကိုသစ်မင်းရဲ့ သဘောထားကြီးမှုကို လေးစားကြောင်းပြောပြီး ကဗျာကို ဆက်ပြန်ပါတယ်။

ကြောင်ကြီး says:
ကိုသစ်မင်းရဲ့ စိတ်သဘောထား ပြည့်ဝမှု လူကြီးပီသမှုများအတွက် နောင်များကြုံခဲ့ရင်
Gentleman ကလပ်တခုမှာ လိုက်လံပြုစုပါ့မယ်။ ကျနော့်ကိုလည်း ဂျပန်လာဖြစ်ခဲ့ရင်
ဂေးရှာမယ်ချောချောလေးတဦးရဲ့ ရေချိုးခန်းလိုက်ပို့ပေးပါလို့..။
ကိုသစ်မင်းရဲ့ ^^မှတ်^^ကိုဆက်ဖြည့်ရရင်..
ထိုင်ဝမ်သူဇိုး
အပိုးကျိုး
သူဌေးဆဲသည်မှတ်..
စုံစုံ ပန်ပန်
ဆယ်ခါလန်
လေကြမ်းတိုက်သည်မှတ်..
ကြေးမုံပို့စ်တက်
အင်္ဂလိပ်ဖတ်
လူမျိုးရေးခွဲခြားသည်မှတ်..
မန္တလာသူ
ဘဏ်မှာတမူ
ငွေကိုင်စာရေးမှတ်..
ချစ်လေးရွာသူ
ဆယ်ခါမူ
ဆဲ့တခါပြောရန်မှတ်..
နွေတီးရှမ်းပျို
မနမ်းလို
ဘေးလူရှိသည်မှတ်..
မိုးစက်မိန်းခလေး
နောက်တခါမေး
အတွေးများသည်မှတ်..
မီးမီသော်ပြန်ပေါ်
ဒီတခါနော်
သန်းထွဋ်ဦးလို့မှတ်..
blazeအတင်ကောင်း
လူဝိုင်းထောင်း
စိုးမြတ်နန္ဒာမှတ်..
ကိုရင်မောင်ရေး
တရုတ်ဘေး
အကြွေးမပေးလို့မှတ်..
ဆန်နီနေမင်း
လူလိုရှင်း
(သို့ပေမဲ့) အရှင်သူရိယလို့မှတ်..
ဆြာတော်Eindaca
ရှာမရ
အလုပ်များသည်မှတ်..

ကိုသစ်မင်း က မောင်ဘလှိုင်အတွက် ကဗျာလေးတစ်ပိုဒ် စပ်ပေးပါတယ်ခင်ဗျာ။

ကိုဘလှိုင်အတွက်နော်….
သန်းကြွယ်သူဌေး
သူပဲရေးနိုင်
မောင်ဘလှိုင်
စတိုင်အပြည့်မှတ်။
(^^)

ကိုပေါက် ကလည်း ကဗျာ ဆက်ရေးပြန်ပါတယ်ခင်ဗျာ။

ကိုပေါက်(မန္တလေး) says:
စိတ်မတွေ့လျှင် ဂျီတွန်သည်
နေဝန်းနီဟုမှတ်။
ကြောင်ကြိးညှော်တာ
ကြောက်လို့ပြေး နန်းမြတ်လေးလို့မှတ်။
အစ မတော် ပြန်ကာဆော်
ခံရသူ ရွှေဘိုသားဟုမှတ်။
ရုပ်ရှင်ဇာတ်ဆောင်
နာမည်ပြောင်ရွာသူ
pooch ဟုမှတ်။
ဝင်ကတည်းက
ရွာဗုံးကြဲ 77မှတ်။

Megaforce ကလည်း ကဗျာ စပ်ပြန်ပါတယ်ခင်ဗျာ။

megaforce says:
ရွာပိုင်သူကြီး သဘောထားကြီး
မထင်လျှင်တီးသည်မှတ်။
တီးသည့်အခါ လက်နက်ရှာ
ဝီကီကိုသာဖတ်။
သူကြီး ပေးတဲ့ ပါးစပ်ပေါက်လေး
ထင်တာရေးမည်မှတ်။
ရေးသားတဲ့ စာ ကြိုက်တဲ့ခါ
ပလပ် ပေးမည်မှတ်။
မကြိုက်တာရေး သမအတွေး
အနှုတ်ပေး အသေသတ်။
သတ်ပါသော်လည်း စပ်ဖြီးဖြီး
အနှုတ်ပြီးသည်မှတ်။
ပဒုမာသူဌေး မတ်ပဲဈေး
အတက်နှေးသည်မှတ်။
နတ်သမီး ငါးရာလိုက်လို့ရှာ
မဒမ် နွှာမည်မှတ်။

ကျွန်တော်တို့ သူကြီးကလည်း အားကျမခံ လေးလုံးစပ်ကလေးနဲ့ ဝင်မန့်ပါတယ်ခင်ဗျာ။

kai says:
မှတ်ပြီးရင်းထပ်မှတ်
မောင်မ,ဂေးတို့ဝိုင်းကြပ်
ပွိုင့်ပေး”ငွေကုန်”တဲ့ မှတ်…။

အပိတ်မှာတော့ ကိုသစ်မင်း က ကဗျာလေးနဲ့ ပဲ ပိတ်ပေးသွားပါတယ်ခင်ဗျာ။

thit min says:
ညီလေးအတွေးမဆိုး
အမျိုးမျိုးဖတ်
တရေးနိုးပြီလို့မှတ်။
ဒါပေမဲ့ကွာညီလေးရာ
ခုတလောတို့ရွာမှာ
မာနအတ္တပြိုင်ကာပြ
နောင်ဂျိန်နဘမ်းချ
တရွရွနဲ့ပွိုင့်တွေကုန်
သူဂျီးအသဲတုန်
မကုန်ရှေ့ရေးကြိုမျှော်တွေး
ပို့စ်ကိုဖျက်တယ်လေး။
ပို့စ်ဖျက်ပေမဲ့အေးဆေးပါ
ကလေးမွေးသည့်ပမာ
နောက်တခါပြန်လာပေါ့
နောက်ပို့စ်တခုမှာကျော့
တသော့သော့နဲ့နေ့တိုင်းတင်
လူတွေရန်ဖြစ်ချင်
ရင်ဖွင့်တိုင်တမ်းပေးစာများ
အနူ ယင် အုံသည့်အလား။
အများတွက်တာ
သည်နေရာ
သူဂျီးကြိုးပမ်းရှာ
ဝါသနာကိုပင့်လို့ပေး
ညီတို့ကို တို့ရေး။
အတွေး၊အပြောမှာ
မေတ္တာဖြာ
တုန့်ပြန်အေးချမ်းမှာ
သာသာယာယာ
ရှိရင်ပ
သူဂျီးထလို့က။
ငါလုပ်တာလေး
အောင်မြင်တယ်
ကြွားဝင့်ဂုဏ်တင့်တယ်
သူသူငါငါဝိုင်းလို့ပေါင်း
ကျေးဇူးဆပ်သလိုအကြောင်း။

အင်မတန်ပျော်စရာကောင်းခဲ့သော အခိုက်အတန့်လေးပါခင်ဗျာ။
ကိုသစ်မင်းအပေါ် ကျွန်တော်တို့ ရဲ့ ချစ်ခြင်းဟာ ဒီကဗျာလေးနဲ့ စတင်ခဲ့ပါတယ်ခင်ဗျာ။
ချစ်ခင်ပြီးဖြစ်တဲ့ ကိုကြောင်ကြီးအပေါ် ကျွန်တော်တို့ ရဲ့ ချစ်ခြင်းဟာလည်း ပို လေးနက်စေခဲ့ပါတယ်ဗျာ။
ဒါကြောင့် မှတ် ဆိုတဲ့ ကဗျာလေးဟာ ဘောလုံးစကားနဲ့ ပြောရမယ်ဆိုရင် ကိုသစ်မင်းကြောင့်ရတဲ့ ပင်နယ်တီကို ကိုကြောင်ကြီးက ဂိုးသွင်းသွားတာလို့ပဲ တင်စားလိုက်ပါတယ်ခင်ဗျာ။ ကြည်နူးပီတိ ဖြစ်ချင်တယ်ဆိုရင်တော့ မူရင်းလင့်မှာ သွားဖတ်ကြပါခင်ဗျာ။

လူ, မြစ် ,သစ်ပင်
https://myanmargazette.net/73019/creative-writing
ဆိုတဲ့ ကဗျာလေးကိုတော့ Oct 13 က တင်ခဲ့တာပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဗျာလေး တစ်ပုဒ်ပါဗျာ။ တစ်ခါတည်း ဖတ်လို့ရအောင် စီစဉ်ပေးလိုက်ပါတယ်ဗျာ။

သစ်ပင်ဆိုတာ
အခက်ကိုမချိုး၊ ရိုးတဲ့သူ
အခက်ကိုချိုး၊ ဆိုးတဲ့သူ
ဘယ်သူဘဲဖြစ်စေ
ရန်လဲ မငြိုး
စိတ်မဆိုး
အရိပ်မိုးလို့
အကျိုးပြုတယ်………….။
မြစ်တစင်းဟာ
ကျောပေါ်စီးနင်း
အပြစ်ကင်းသူ
မကင်းသူ
ဘယ်သူဘယ်ဝါ
ဖြူဖြူမဲမဲ
တူတူဘဲမှတ်
မပြတ်စီးဆင်း
လုပ်ကျွေးခြင်းနဲ့
အကျိုးပြုတယ်…………။
သစ်ပင်နဲ့မြစ်
လူကိုချစ်လဲ
ခုတ်လှဲသစ်ပင်
ငွေကိုခင်လို့
လောဘပုဆိန်
အကြိမ်ကြိမ်သုံး
တောင်ကတုံးရုပ်
သစ်ငုတ်မြေကပ်
ဝိဉာဉ်ပြတ်ပြီ…….။
သစ်ပင်နဲ့မြစ်
လူကိုချစ်လဲ
ပိတ်ဆို့မြစ်ပြင်
ငွေကိုခင်လို့
လောဘတံတိုင်း
အပိုင်းပိုင်းဖြတ်
လည်ပြတ်မြစ်ပြင်
အသက်ငင်ပြီ ……။
သစ်ပင့်ဝိဉာဉ်
မြစ်ပြင်လည်ပြတ်
အသက်ဓာတ်ကို
ဒို့လိုလူသား
ကျေးဇူးစားက
ထောက်ထားငဲ့ညှာ
တခါပြန်ကြည့်
သတိရှိကယ်မ
ဝိုင်းဝန်းကြ၍
သက်ငွေ့မြစ်ရေ
စီးဆင်းလေပြီ
နောက်သည်မကြာ
ရုပ်နာတောင်ကတုံး
သစ်ပင်ဖုံးမည်
မဝေးပြီအနာဂတ်
သည်အရပ်မှာ
ရိပ်ဖြာသစ်အောက်
မြစ်ရေသောက်အံ့……………….. ။
(^^)

ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ ပြောချင်တာလေးကို ပြောပြသွားနိုင်တဲ့ ကဗျာကောင်းလေး တစ်ပုဒ်လို့ ကျွန်တော်ကတော့ ယူဆတာပါပဲ ခင်ဗျာ။ ကဗျာဆရာ ကိုနေဝန်းနီ ရော ဘယ်လိုမှတ်ချက် ပေးမလဲ သိချင်မိပါတယ်။

” ရှက် “

https://myanmargazette.net/74337/creative-writing
ဆိုတဲ့ ကဗျာလေးကလည်း ကိုသစ်မင်းရဲ့ အောင်မြင်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ Oct 19 နေ့စွဲနဲ့ တင်ခဲ့တဲ့ ကဗျာလေးပါ။

လိုချင်ဆန္ဒ
လွန်ပြင်းပြ၍
အတ္တကိုရင်း
ကြိုးစားရင်းမှ
မယွင်းမုချ
အောင်မြင်ရသော်
ငါ”တော်”လေခြင်း
ဆေးသားသွင်းမိ
အတ္တပန်းချီ
ရုပ်သွင်ပီရင်း
အလျင်းမငြီး -ခရီးဆက်ခဲ့။

လိုချင်တဲ့စိတ်
အိပ်မရဘူး
အထူးတွေးခေါ်
များထက်တော်သည်
ငါနော်လူသား
ဇမ္ဗူရှားဟု
အတ္တပန်းပု
ငါဆစ်ထုရင်း
အလျင်းမငြီး -ခရီးဆက်ခဲ့။

ရလေရလေ
အိုတစ္ဆေမို့
လိုနေတာလေး
ထပ်ဖြည့်ပေးရင်း
စီးဆင်းအတ္တ
လှပစာစီ
တေးနှယ်သီရင်း
ဆိုငြီးရင်းနဲ့
အလျင်းမငြီး -ခရီးဆက်ခဲ့။

ဪ……………..
အတ္တပန်းချီ ငါ ဆေးစီခဲ့
အတ္တပန်းပု ငါဆစ်ထုခဲ့
အတ္တသီချင်း
ငါအသက်သွင်းခဲ့
ယဲ့ယဲ့တွေးကြည့်
မိသည့်မုန်တိုင်း
အတ္တလှိုင်းမှာ
လိုက်ပါလွင့်မြော
မမောနိုင်သေး
(ဟာ)
ခပ်ဝေးဝေးမှာ
သူတကာတို့
စွန့်လို့ကိုယ်ကျိုး
ဘဝမျိုးမျိုးထဲ
လဲကျသူထူ
ပူသူကိုအေး
ထွေးနွေးလက်များ
ပေါင်းစုအားနဲ့
မခြား သားရင်း
အတ္တကင်းမို့
ကြည့်ရင်း
ငါ့မှာ
ရှက်စရာ။

ကွန်းမန့် ၁၉ ခုပါ ဖတ်ကြည့်လိုက်ရင် ဒီကဗျာလေးရဲ့ အောင်မြင်မှုကို တွေ့ရမှာပါဗျာ။ ပြန်ဖတ်ကြည့်စေ ချင်ပါတယ်။

နိမိတ်ပုံများ
https://myanmargazette.net/77892/creative-writing
ကတော့ ကာရန် ကဗျာလေး တစ်ပုဒ်ပါ။ ကဗျာ ချစ်သူတွေ ခံစားနိုင်ဘို့ပါ။ ကွန်းမန့်ပေးထားသူများထဲက ကျွန်တော် ဘလက်ချောရဲ့ ကဗျာကွန်းမန့်လေးကို ကျွန်တော်ကိုယ်တိုင် ပြန်ခိုက်နေမိသောကြောင့် ပြန်ရေးပြပါသည်။

သီချင်းကိုချစ်
မင်းကိုချစ်၍
ရေးမိပါသည်
ဂီတပန်းချီကို
ချစ်သူ သိနိုင်ပါစေသား။
ကဗျာကိုချစ်၊
စာကိုချစ်၍
ဖတ်မိပါသည်
စာပန်းချီကို
အကစ်သို သိနိုင်ပါစေသား။
(မှတ်ချက် – ကိုပေ့ လေသံဖြင့်)

ကိုသစ်မင်းနှင့်အလင်းဆက်တို့၏ အပြန်အလှန်ကွန်းမန့်လေးများက ပို့စ်လှလှလေးတစ်ခု ဖြစ်စေခဲ့ပါသည်။
လင့်လေးပေး ထားပါတယ်။ ဖတ်ကြည့်ကြပါ။

သော့ခတ်ထားတဲ့ အရိပ်
https://myanmargazette.net/78570/creative-writing
ကတော့ မော်ဒန်ဆန်တဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ မော်ဒန်ကဗျာတွေကို ကိုသစ်မင်း ရေးလေ့မရှိဘူးလို့ ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် ရွာထဲက မော်ဒန်ကဗျာဆရာတွေဖတ်ဖို့ ရည်ရွယ်ပြီး ရေးပေးလိုက်ပြန် တော့လည်း ညွန့်နေပြန်တာပါပဲ ခင်ဗျာ။ ကဲ ဖတ်ကြည့်ဗျာ။

စနစ်တကျမစီထားမိတဲ့
အတွေးစတွေက
မြိုချတာခံလိုက်ရလို့
ညအမှောင်နဲ့ နံနက်ခင်းဟာ
လက်ခြင်းတွဲပြီး
ငါ့မျက်စိထဲဝင်လာတယ်……..။
နေ့တနေ့ရဲ့တာဝန်ဟာ
ဂေါ့ဒ်ဖားသားယောင်ဆောင်ပြီး
ဦးနှောက်ကိုဓားနဲ့ထောက်
နှလုံးသားကိုပြန်ပေးဆွဲသွားပြီ…….။
“တရက်”တကျွန်းကျ တရားခံတယောက်ရဲ့
ဆည်းဆာချိန် လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ
ဝပ်ကျင်းထဲကကြက်ဥတလုံးလိုပါဘဲ…….။
အစီအစဉ်ကြေညာတဲ့စာရွက်ကို
ဆုတ်ဖြဲထားတဲ့ဒီနေ့ဟာလဲ
မနေ့တွေကလိုဘဲ
ဒိုရေမီဖာနဲ့ညှိလို့မရအောင်
ကီးကြောင်နေပြန်တယ်…….။
ဖန်လုံအိမ်နိယာမဟာ
ဆေးပေါ့လိပ်တွေဈေးသက်သာလို့ဆိုတဲ့
ညီမျှသလို မညီမျှသလို ညီမျှချင်းကိစ္စတွေကို
ဇွတ်အတင်းစေ့စပ်ကြောင်းလမ်းပြုအပြီးမှာ…….
အမိန့်ကိုမနာခံတော့တဲ့
ငါ့ခြေထောက်ပေါ်ငါရပ်မိရက်သားဖြစ်နေပေါ့……။
နွမ်းလျှအိမ်ပြန်ဆိုတဲ့စကားလုံးက
ဆိုင်ယာနိုက်ဆိုတဲ့အဆိပ်လိုဘဲ
အမည်လှသလောက်
အသေမြန်မယ်ထင်ပါရဲ့……။
ဘဝအကြောင်းနားမလည်ဘဲနဲ့
နားလည်ချင်ယောင်ဆောင်မိတဲ့ပြစ်မှုနဲ့
မနက်မနက်ဖြန်တွေမှာလဲ
တောင်စဉ်ခွန်နှစ်ထပ်မှာ
မြင်းမြီးဆွဲပြီး
အကြွေးဆပ်ရအုန်းမယ်ထင်ပါရဲ့လေ…..။
သော့ခတ်ထားတဲ့ရက်စွဲတခုမှာ
အရိပ်ခိုစရာရှာနိုင်ဘို့နဲ့
ဝင်ရိုးစွန်းကရေခဲတွေလို
အေးအေးလူလူမြောချင်ရာမြောနိုင်ဘို့
ဒီနေ့တွေမှာတော့ခရမ်းလွန်ရောင်ချည်တန်းကိုဘဲ
ငါးကင်စားဘို့သုံးနေရအုန်းမှာပေါ့…….။

ကိုဆန်နီ ရဲ့ ပီတိဖြစ်စရာ ကွန်းမန့်လေးကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။

Sonny says:
ကို(ဦး)သစ်မင်းခင်ဗျား
ဆက်၍ ဆက်၍ ရေးစေချင်ပါသည် အာရုံရသ၍ပေါ့။ အကြိုက်ဆုံး အပိုင်းလေးကို English လိုပြန်ရင်းနဲ့ ဂုဏ်ပြုလု်ိက်ပါတယ်။ ဒီအပိုင်းလေးက လောကသံသရာရဲ့မပြီးဆုံးနိုင်တဲ့ ဒုက္ခတွေကိုဖော်ကြူးတယ်လိုထင်ပါတယ်။
“မနက်မနက်ဖြန်တွေမှာလဲ
တောင်စဉ်ခွန်နှစ်ထပ်မှာ
မြင်းမြီးဆွဲပြီး
အကြွေးဆပ်ရအုန်းမယ်ထင်ပါရဲ့လေ…..”
On forthcoming repeated tomorrows
Reaching the seven peaks of mountain ranges
With a grip to the strand of Horse’s tail
To settle the debt of vicious circle of stay….
မှားသွားရင် ကဗျာအလှပျက်သွားရင်လည်း တောင်းပန်ပါတယ်နော်

ကွန်းမန့် ၁ရ ခုနဲ့ ဖတ်ရမယ့် ကဗျာလေးပါဗျာ။

ဖြေဆည်ရာ
https://myanmargazette.net/78939/creative-writing
ဆိုတဲ့ ကဗျာလေးကိုတော့ NOV 8 နေ့စွဲနဲ့ တင်ခဲ့တာပါဗျာ။ ဖတ်ကြည့်ပါ။

ဘဝအကြွေးကို
ခနလေးလို့မမှတ်နဲ့
မရသေးတာလဲ
တွေးကြပေါ့၊
ပေးရတာကတော့
နေ့တိုင်း၊
ရေလှိုင်းလိုထန်တဲ့
ဝဲဂယက်ဘဝ၊
လွဲချက်ကနာတာလဲ
အမြဲနီးပါး၊
တလွဲခရီးသွား
နေရသလိုမို့
အငြီးတွားပိုမိတာလဲ
ရှိမယ်ထင်၊
ငြိတွယ်တတ်တဲ့
စိတ်အစဉ်၊
ဘဝင်မကျတိုင်းပြောရတာလဲ
ဒေါပွစရာဘဲဖြစ်၊
အသစ်ကိုလဲ
ပြောင်းဘို့မလွယ်၊
အဟောင်းကို
တွယ်လို့ညစ်၊
နွယ်လို့ဖြစ်လာတဲ့အကြောင်း၊
အကောင်းချည်းဘဲမှတ်လဲ၊
ဇာတ်ထဲက “ကားဆွဲ” လို၊
အများလဲမမြင်ရ
စင်ပေါ်ကစင်ပေါ်ကလို့
မဟုတ်မမှန်နဲ့
ကိုယ့်ဟာကို
လုပ်ကြံအားပေး
အနားလေးယူလိုက်အုန်းမယ်ဗျို့။

ဒီပို့စ်မှာတော့ Etone နဲ့ AKKO တို့ရဲ့ ကဗျာကွန်းမန့်လေးတွေကို အမှတ်တရ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

etone says:
ဘဝအကြွေးကို
လပေးဆပ်ချင်လို့
ခဏလေးပါ အစ်ကို
ညလေးကငိုကာယို
တိုးလျှိုးတောင်းပန်
လောကဓံလည်းခံ
ထောမယ့်ကံလည်းကြံ
လျှော်ရမှာလည်း မတန်
ဪ …. ငါ့ကံ ငါ့ကံ

AKKO says:
ဖြေဆည်ရာ
ငွေသယ်လာ
ကြုံသလိုဗျာ
ဝင်တွယ်ပါ (ထမင်းဆိုင်ရွေးမနေနဲ့ ကြုံတဲ့ဆိုင်ဝင်စားလို့ ပြောတာပါ )

ဟင်
https://myanmargazette.net/82197/creative-writing
ဆိုတဲ့ ကဗျာလေးကလည်း ကိုသစ်မင်းရဲ့ အောင်မြင်တဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်ဗျာ။ ဖတ်ကြည့်ပါ။

ရွာပါတ်ပြီး
ကဗျာစပ်ကြည့်မှာမို့
အသာရပ်ကြည့်လို့အားမရရင်
ကော်မန့်ဝင်ပေး
ဟင်……ကဗျာရေးပေါ့
~~~~~~~~~~~
ကဲ….
အသိထူးရအောင်ဒီကိုလာတာလား
အကြည့်မြူးရအောင်ဒီကိုလာတာလား
ဟင်…အညှိ”ဘူးရ”အောင်ဒီကိုလာတာလား….

စိတ်လျှော့ချင်လို့လာတာလား
သိပ်ဆော့ချင်လို့လာတာလား
ဟင်….အအိပ်လျှော့ချင်လို့လာတာလား…

စာသင်ချင်လို့လာတာလား
ကညာမြင်ချင်လို့လာတာလား
ဟင်…..အာရွှင်ချင်လို့လာတာလား….

ဆွေးချင် ငေးချင်လို့လာတာလား
တွေးချင် ရေးချင်လို့လာတာလား
ဟင်….ကျွေးချင်မွေးချင်လို့လာတာလား….

ခရီးများကို ပစ်ပြီးလာတာလား
ရီးဇားကို ညစ်ပြီးလာတာလား
ဟင်…..ဇနီးမယားကို လစ်ပြီးလာတာလား

အလှအပအသွင် ပုံနဲ့ ဟာတွေ မှတ်ချင်လား
တသသ ရင်ခုန်မဲ့ ကဗျာတွေစပ်ချင်လား
ဟင်….ရသအမြင် စုံတဲ့ စာတွေ ဖတ်ချင်လား။
ငရုတ်သီး ထောင်းကို စားချင်လား
ဂျုပ်ကြီး အကြောင်းကို ပွါးချင်လား
ဟင် …တရုတ်ကြီးအကြောင်းကို ကြားချင်လား

ငွေ နဲ့ ပါတ်ပြီး အမောင် “တင်း”နေလား
ရေနဲ့ စပ်ပြီး ပလောင်ထင်း နေလား
ဟင် ….ဂေဇက်ဖတ်ပြီး အမှောင်ခွင်းနေလား…

မဖောဘဲအဆုံးကြီး ရစ်ကာ အပိုတွေ ပွါး
မပြောဘဲ ငုံးပြီး မျက်နှာ မချိုလေလား
ဟင်…..ဘောပွဲရှုံးပြီး ညစ်တာ အကိုတွေလား…

ပိုင်လို့ ကြွားမလို့ လာတာလား
စတိုင်မို့ စတားဖို့ လာတာလား
ဟင်…တိုင်ဖို့ကြား ဖို့လာတာလား….

ညာဏ်တွဲ အမှန်ဆွဲ သွေဖက်ထား
အကြံမနဲ အပြန်ဟဲ မွှေချက်များ
ဟင်….သံတွဲ ရန်ပွဲ တွေထွက်သွား…

မျှတစာနာရေစက်များ
ကြွရွ ဖြာဖြာ ဝေလျှက်ပွါး
ဟင်….လှပသာယာ ဂေဇက်အား…

မမြင်ကြလဲ ပွါးဖြစ်တာနဲ့ ခင်ကြလား
အသွင်မပြဘဲ များမေတ္တာဖွဲ့ ရင်မှထား
ဟင်…မထင်ရဘဲ တအားချစ်တာလဲ မြင်ရသား။

ဒီကဗျာလေးမှာတော့ ကွန်းမန့် ၁ရ နှစ်ခုရှိခဲ့ပြီး ကျွန်တော့်ရဲ့ ကဗျာကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ဗျာ။

blackchaw says:
ကာရန်လင်းလက်
ရွာဂဇက်က
တွင်းထွက်ရတနာ
တူးဆွပါသည်
ကိုသစ်စပ်သော ကဗျာ “ဟင်”…

ဒီ ကဗျာ
https://myanmargazette.net/87061/creative-writing
ဆိုတာလေးကတော့ သိတ်မကြာခင် အချိန်က လိုအပ်လို့ ရေးလိုက်ရတဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ဖတ်ကြည့်ကြပါ။

ဒီနေရာ ဒီအပိုင်းမှာ
ဒီစာတွေ ဒီလိုဝိုင်းကာပ
ရေးလို့ရတယ်။
ရေးသမျှ စာ၊ကဗျာ
အယ်ဒီတာမစစ်ဘူး
အထူးစာ အရူးစာ
အမူးစာ
အကုန်တွေး
ပို့စ်လေး ဖြစ်တယ်။
~~~~~
တွေးလို့ရတိုင်းရေး
ရေးလို့ရတိုင်းရေး
ဘေးသင့်တဲ့အကြောင်း
မရေးသင့်တဲ့အကြောင်း
ကိုယ်ဟာကိုယ်မောင်းတဲ့ကားလို
အရှိန်ကိုမြှင့်လျှော့
လိုသလိုတော့
ထိန်းသင့်ပေါ့။
~~~~~~
စေ့စေ့တွေးတော့
လျှော့ထားတဲ့စိစစ်ရေးက
ဒီမိုကရေစီပေးသလိုဘဲနော်
လှော်ချင်ရာလှော်လို့ရသကွဲ့
လွတ်လပ်တဲ့မီဒီယာ
မန်းဂေဇက်ပါ။
~~~~~~~
ရချင်နေတဲ့လွတ်လပ်မှု
အခုရှိတယ်လေ။
ရချင်နေတဲ့လွတ်လပ်ခွင့်
အသင့်ဘဲမဟုတ်လား။
~~~~~~~~
သိပြီနော်
ရှိပြီဆို
သည်လိုဖြစ်
ညစ်ပါဟ်စုံစွာ
သူကြီးခမျာ
လျှော့ကြပါ
ပို့စ်တင်ကာ
သေချာချော့
ဆိုးကြတယ်နော့။
~~~~~~~~
ရိုးလှတဲ့အတွေး
ပို့စ်တွေကပေးတယ်
ရေးခွင့်ဒီမို
ဂေဇက်ကိုတောင်
ပြောင်ပြောင်ထဆဲ
ဒုတ်၊ဓါးဆွဲသို့
ကြောက်ဖို့လွန်ကောင်း
ဝိုင်းကြိမ်းမောင်းသည်
ဒီမိုဂေဇက်
အသရေပျက်။

စည်းကမ်းမဲ့ ရွာသားတစ်ချို့ကို သတိပေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ။ ကွန်းမန့်လေးတွေကိုတော့ မူရင်းပို့စ်မှာပဲ ဖတ်ကြပါတော့ နော။

တိမ်ပေါ်က ရက်စွဲများ
https://myanmargazette.net/79553/creative-writing
ဆိုတဲ့ ကဗျာလေးအကြောင်း ပြောချင်ပါတယ်။ ကဗျာလေးက အရှည်ကြီးလည်းမဟုတ်တာကြောင့် တစ်ခါတည်း အတူတူ ဖတ်ကြည့်ရအောင်ပါ။

ကဗျာလို့သူဟာသူကင်ပွန်းတပ်ပြီး
အထုပ်အပိုးပြင် အတွေးအိမ်ကဆင်းသွားတာဘဲ…။
ရေနောက်တာနဲ့ မြက်ကြမ်းတာ
ဘယ်ကြော်ငြာသင်ပုံးမှာတွေ့နိုင်မယ်ဆိုတဲ့
ဖော်မြူလာကို တော့ ဘယ် ခေတ်မှာမှကို
မတည်ထွင်နိုင်တာကလဲ “လေ” စရာဘဲတဲ့ ….။
ဦးတည်ချက်နဲ့ရည်ရွယ်ချက်ကို
ပုလင်းတလုံးထဲ ထဲ့ပြီး
ပင်လယ်ထဲမျှောတဲ့ပုံပြင်ကိုပြောပြရင်း
ပွင့်လင်းပြီးအရိုင်းဆန်တဲ့ မုန်တိုင်းတွေ ရယ်
ရိုးသားမှုရဲ ့လေပြေညင်းတွေရယ်ကို
အိုဗာဝိတ်တင်ပြီး မောင်းနှင်သွားတဲ့ကဗျာကားကို
ငါမတားခဲ့နိုင်တာတော့ ဝန်ခံတယ် ……………… ။
ရနံ့ဖောက်ခွဲရေးသမား ပန်းခင်းကြီးရယ်
တေးသံမြှားတွေ အဆက်မပြတ်ပစ်တတ်တဲ့ ငှက်ငယ်တွေကြားမှာ
စမ်းရေသောက်ရတဲ့ နေ့တွေကိုလဲ ဘဝင်မမြင့်ဘဲ မင်းဖြတ်မောင်းသွားပါ …………။
အကွေ့အကောက် ချောက်ကမ်းပါးတွေက တောင်ပြိုနေ့ကံကြမ္မာဆိုးတွေနဲ့
ပစ်တင်ရှုံ့ချစကား ဆူနာမ်ီလှိုင်းထန် ကမ်းခြေမှာကယ်နိုင်သူဝေးတဲ့ညတွေမှာလဲ
မင်း ဖီးနစ် ဖြစ်နေပါစေ………………….။
ပြန်လာဘို့ ဆိုတာကတော့
တံခါးမှ မရှိတာလေ
ဖွင့်တာလဲ မရှိ ပိတ်ထားတာလဲ မရှိ ဘူး မဟုတ်လား…….။
ကန့်လန့်ကာကျခါနီး
ဒီနေ့လဲ “နေလုံး” ရဲ့ ဒိုင်ယာရီ မှာ
ငါ့အတွေး အိမ်လေးအတွက် အိမ်ငှါးအလိုရှိသည်ဆိုပါလား………
ရက်စွဲတခုကိုတိမ်ပေါ်မှာရေးပြီး၊ ကြည့်နေရင်း
စောင့်နေရတာမျိုး ထပ်လုပ်ရအုန်းမှာပေါ့နော်…………။

ကဗျာတစ်ပုဒ် ကောင်းပြီဆိုရင်ဘယ်အမျိးအစားထဲမှာပါတဲ့ ကဗျာလို့ ခေါင်းစဉ်တတ်ဖို့လိုပါသလား။ ကျွန်တော် မသိပါ။ ရင်ထဲရောက်သော ကဗျာတစ်ပုဒ်ဟု သာပြောချင်မိပါသည်။ ကွန်းမန့်လေးတွေဘက်လှည့်ရအောင်ပါ။
သူကြီးက ကွန်းမန့်ရေးရင်း လေဒီခိုင် ကို ပွဲထုတ်ပါတယ်။

ဒီလိုရေးနည်းတွေကို.. လေဒီခိုင်ကတော့ ကြိုက်တယ်..။
ကြိုက်ဆို.. သူလည်းအဲလိုတွေရေးတာပဲ..။ ကျုပ်ကတော့..
ခံစားပြီး (ဆရာသစ်နဲ့အတူ) ကဗျာကားမောင်းချင်မိပါရဲ့
အလေးအပင်မကြိုက်ပါဘူး…
တနိုင်ဝန်တင်ထားတဲ့ကဗျာကား ရွာနားကမခွာခင်
နှုတ်ဆက် …
မဆုံးတဲ့ရက်ကို စွန့်ထွက်ရယုံတင်ပါ..။ ။

ဒီပို့စ်မှာ ကျွန်တော် တင်ပြပေးခဲ့တဲ့ ကဗျာလေးတွေကို ဖတ်ကြည့်ရုံနဲ့တင် ကိုသစ်မင်း ဟာ ကဗျာသမားတစ်ယောက် ဆိုတာ သေချာပေါက်ပြောနိုင်နေပါပြီ။ ကိုသစ်မင်းက ရွာထဲကို ဝင်လာတော့ ပေါ့ပေါ့ပါးပါး ဟာသလေးတွေရေးပြီး ဝင်လာခဲ့ပါတယ်။ ပြီးတော့မှ ကဗျာလေးတွေရေးပြီး ကဗျာနဲ့ပဲ ရွာသူရွာသားတွေရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့တာပါ။ ပြီးမှ စကားပြေအရေးအဖွဲ့လေးတွေ နဲ့ ဂျပန်ဝတ္ထုတိုလေးတွေ ဘာသာပြန်တဲ့ ဘက်ကို လှည့်လာပြန်ပါတယ်။
(ဆက်ပါဦးမည်)

21 comments

  • blackchaw

    December 31, 2011 at 1:11 pm

    ကိုသစ်မင်းရေ။
    မနက်ဖြန်မှာရောက်လာတော့မယ့်နှစ်သစ်အတွက်
    ကျွန်တော်နဲ့
    ကိုသစ် ကို ချစ်ခင်ကြသော ရွာသူရွာသားတွေရဲ့ လက်ဆောင်လေးတစ်ခုပါ။
    ဒီရက်ပိုင်း ကျွန်တော် နည်းနည်း နေမကောင်းတာနဲ့
    တော်တော် နောက်ကျသွားပါတယ်။
    လင့်တွေပြန်ရှာရတာလည်း တော်တော် ခက်နေတာနဲ့
    နှစ်ပိုင်းခွဲလိုက်ရတာပါ။ ကျွန်တော်က တစ်ပုဒ်တည်းနဲ့ အစုံအလင်ပါချင်ပေမယ့်
    မတတ်သာလွန်းလို့ ခွဲလိုက်ရတာကိုတော့ နားလည်ပေးပါဗျာ။
    အပိုင်း ၂ ကတော့ မနက်ဖြန်လောက်ဆို အိုကေမယ်ထင်ပါတယ်ဗျာ။
    ၂၀၁၂ နှစ်သစ်မှာ ကိုသစ်မင်းတစ်ယောက်
    စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာ ပါစေဗျာ။

  • blackchaw

    December 31, 2011 at 1:13 pm

    မေ့သွားလို့ဗျို့ ။
    ဒီပို့စ်အတွက်
    ကျွန်တော့် ဆရာ ပေါက်ဖေါ်ကြီးကို
    အထူးကျေးဇူးတင်ပါကြောင်း
    မသိတာလေးတွေ သင်ပြပေးတဲ့ အတွက်ပါ ပေါက်ဖေါ်ကြီးရေ။

  • ကြောင်ကြီး

    December 31, 2011 at 1:38 pm

    သစ်မင်းနဲ့
    စစ်ခင်းဖို့သွားတာ
    ချစ်ခြင်းရခဲ့တယ်..
    Kiss အတင်းပေးပေမဲ့
    ညစ်ထင်းမှာစိုးလို့
    အဖြစ်ငြင်းခဲ့တယ်..
    ခေတ်အရှင်းမှာ
    လှစ်ဟင်းလိုက်တာလို့
    ထင်နေလေမလား…
    မြစ်ကျဉ်းမသာ
    အပြစ်မင်းရှာ
    ကိုသစ်မင်းရေ…
    ကျနော်ကြောင်ကြီးလေ
    နှစ်အကြွင်းပမာ
    ဝပ်ဆင်းကာတ…။

    • pooch

      December 31, 2011 at 2:44 pm

      ဦးကြောင်ကဗျာက အရမ်းကြိုက်တယ် အဲ့လို ရေးတတ်ချင်တာ ဘယ်လိုမှ စကားလုံးတွေ ထွက်မလာလို့ …… ရသလောက်လေး ရေးကြည့်မယ်….

      “ကိုသစ်”

      အမြင်တွေ သစ်တဲ့ ကိုသစ်…….
      ကဗျာတွေ ဟစ်တဲ့ ကိုသစ်……..
      ကောင်းစေ ချင်တဲ့ ကိုသစ်……….
      MG ကို ချစ်တဲ့ ကိုသစ်………..
      စေတနာတွေ ပျစ်တဲ့ ကိုသစ် ……..
      အားလုံး ချစ်တဲ့ ကိုသစ်……….

  • ကိုရင်စည်သူ

    December 31, 2011 at 1:59 pm

    ကိုဘလက်က ကိုသစ်မင်းကို ဒီပို့စ်မှာ
    ညွှန်းရင်းနဲ့ ကိုသစ်က ဂေဇက်ရွာက
    ကွင်းလယ်သမားကောင်း ဖြစ်တယ်ဆိုတာ
    ပြသွားတာဗျို့..
    ကိုသစ်မင်း ပို့စ်တွေက ရွာသူား ရှေ့တန်း ဘက်တန်း
    ဂိုးသမား အားလုံးကို ချိတ်ပေးနေတယ်ဆိုတာ
    ကိုဘလက်က ပိုညွှန်းပြချင်တယ်လို့
    ကျနော်မြင်မိတယ်…
    ပျော်ရွှင်ပါစေဗျာ..

  • ကျနော်…………….
    ရွာထဲလာရင် ပုံတင်
    စာရေး။
    တစ်ခါတစ်လေစိတ်နားရင်
    ရေးဖော်တွေရဲ့စာ
    လက်လှမ်းမှီသလောက်ဖတ်လို့
    ကော်မင်းတွေဝင်ဝင်ပေးပါတယ်။

    ကိုပေါက်ဆိုတာနဲ့ ခင်ဗျားရေးတဲ့လမ်းဘေးက ထမင်းဆိုင်ကိုဘဲသိတယ်
    လို့ဆိုဘူးတဲ့ကိုသစ်
    လာဖြစ်အောင်လာပါ။
    ရှောင်မနေပါဘူး။
    ကျပ်နဲ့မောင်ပေက
    အသေအချာပို့ပေးမှာတော့
    ဒီထက်သေချာတာဘာမှမရှိဘူးနော်။

  • manawphyulay

    December 31, 2011 at 2:10 pm

    ကွန်နက်ရှင် ဘာပဲဖြစ်ဖြစ် ဒီနေ့ ဖတ်ရတာကတော့ ဒီကိုသစ်မင်းပိုစ့်တစ်ခုတည်းနဲ့တင် တန်သွားပါပြီ ကွန်နက်ရှင်….

  • windtalker

    December 31, 2011 at 2:38 pm

    ဘာပဲလာလာ ဂေဇက်မှာ
    ဘလက်ချော မှတ်သည်မှတ်
    ဗရုတ်သုတ်ခ ရှုပ်သမျှ
    ဘလက်ချော မှတ်သည်မှတ်

  • ငပေါက်ဖော်

    December 31, 2011 at 3:07 pm

    အကိုသစ်
    အပျိုချစ်
    အကုန်ချစ်
    ဘရစ်တစ်တစ်စ်.ဗြစ်စ်.ဗြစ်စ် ဗြစ်စ်

    အရဂါးနောက်ဒါ ကိုကိုသစ်ရေ့

    ဟပ်ပီးနယူးရီးယား ပါခင်ဗျာ
    အကိုသစ်ပို ့စ်လေးနဲ ့ နယူးရီးယားကို ဖြတ်သန်းလိုက်ပါတယ်
    ပြည်အကျိုးရွာအကျိုး.ကမ္ဘာအကျိုး ဆထက်တန်ဘိုး တိုးပြီး သယ်ပိုးနိုင်တဲ့ အန်ဂယ်ကြီး ဖြစ်ပါစေကြောင်း
    ရွာစားကျော် ငပေါက်ဖော်မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်

  • amatmin

    December 31, 2011 at 3:14 pm

    ကိုဘလက်ကြီးရေ..
    ၂ ပိုင်းခွဲတင်တော့ ၂ခါလိုက်မန့်ရမှာပေါ့နော်. ပျော်ထှာ 🙂
    ရေးတဲ့ စာတင်မက ပြန်ပေးလေ့ရှိတဲ့
    ကွန်မန့်ကပါ တဖက်သူကို ပျော်ရွင်စေသူ
    အပြစ်ကင်းတဲ့ ဆရာသစ်မင်းပါဗျာ..

  • inz@ghi

    December 31, 2011 at 3:22 pm

    ၂ရက်ရှိပြီဗျ …ကိုသစ်ပျောက်နေတာ ..
    ခရီးသွားနေတယ်မှတ်ပါ့ ….
    နှစ်သစ်မှာ …ပျာ်ရွှင်ပါစေ ကိုသစ်ရေ ..

    ခင်တဲ့ ဂီ

  • yaungchikha

    December 31, 2011 at 8:51 pm

    ဂဇက်ရွာက ခင်တဲ့ ဆရာသစ်
    ဂဇက်ရွာက ချစ်တဲ့ဆရာသစ်
    သူဘယ်လိုလူလဲ သိချင်ခဲ့
    ဆရာသစ်ပို့စ်တွေ ဝင်ဖတ်မိ
    ကိုဘလက်ညွှန်းတာ မပိုမှန်း
    ဆရာသစ်စာတွေဖတ်ရင်းသိ ……….. 🙂

  • alinsett

    December 31, 2011 at 9:20 pm

    ကျွန်တော် လေးစား အားကျတဲ ့ကိုသစ်မင်း ရဲ ့အကြောင်း ကိုသစ်မင်း တင်တဲ ့ပို ့စ်တွေ အကြောင်း အများကြီး သိလိုက်ရပါတယ် ။

    အခုလို စုစည်း ဖော်ပြပေးလို ့ ကျေးဇူးပါပဲ..ဗျ။

    ကိုဘလက်ရေ..နောက်ထပ် လည်း တခြားဆရာတွေ အကြောင်း..စုစည်းဖော်ပြပေးစေချင်ပါတယ် ။

  • thit min

    January 1, 2012 at 8:18 am

    မင်္ဂလာနှစ်သစ်ပါကိုဘလက်ချော ခင်ဗျာ။
    အခုလိုတပင်တပမ်းကြီး တခုတ်တရရေးသားပေးလို့
    လွန်စွာကျေးဇူးတင်ကြောင်းပဏာမပြောကြားပါရစေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကျေးဇူးလို့ဆိုလိုက်တာနဲ့ ကျနော် ဆရာဦးခိုင်ကိုအစပြီပြုပြီးသတိရမိပါတယ်။
    အားလုံးရဲ့ စိတ်ကူးမျိုးစေ့များကိုအပင်ပေါက်ပေါက်စေသူပါ။
    “ငါလုပ်တာကွ” ဟုမာန်တက်ပြောကြားလေ့မရှိသော ပြည့်ဝသော
    ခေါင်းဆောင်ကိုလေးစားကျေးဇူးတင်ရသည်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ရွာ၏ ဆယ်လီဘရစ်တီဟုဆိုအပ်သော ကိုကြောင် ၊ မမ၊ မဝေဝေ၊မမှီ ၊
    ကိုပေါက်(မန်း) မပူးချ်၊ဒေါက်တာပဒုမ္မာတို့၏ အစကနဦးတွဲခေါ်ခဲ့မှု
    များမှာကား ကျနော့တသက်မမေ့စရာ “သူတို့၏ မုဒိတာ” ကျေးဇူးဖြစ်ပါသည်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    နောက်ထပ်မံ၍ သစ်မင်း ဟု လူသိများထင်ရှားလာခြင်းကို ဖန်တီးခဲ့သူမှာ
    ကျနော့၏မိတ်ဆွေကြီး ကိုကြောင်ကြီး
    ဖြစ်ပါကြောင်း ဤနေရာတွင် မှတ်တမ်းတင်ပါရစေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ထင်ရှားလာသော သစ်မင်း ကို မကြာခဏအရောင်တင် တောက်ပစေသူကတော့
    ကျနော့မိတ်ဆွေကြီး ကိုဘလက်ချော
    ဖြစ်ကြောင်းကိုမူကား မှတ်တမ်းပြုပါရပါပေသည်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    အားလုံးသော ကျနော်စာများကိုကော်မန့်ပေးသူများကိုလည်း မှတ်တမ်းပြုအပ်ပါသည်။
    —————————————————————————————
    ကိုဘလက်ရေ
    ရင်းနှီးစွာပြောပါရစေ။
    ကျနော်တင်မက ခင်ဗျားရဲ့ လူတိုင်းအပေါ်မှာ လူသားတို့ရဲ့ ထားရှိအပ်သော
    စေတနာ ဂရုဏာ “မုဒိတာ”စိတ်များကို ကျနော် လေးစားစွာ ချီးကျူးပါတယ်။
    ကျနော်တို့မလုပ်နိုင်သော အများအကျိုးပြု တံခါးစောင့်ပို့စ်ဆိုတာ အားလုံးကို
    ခင်ဗျားပေးတဲ့ချစ်ခင်မှုတွေဖြစ်လို့ အများရဲ့ ပြန်လှန်ချစ်ခင်မှုတွေနဲ့အတူ
    ကိုဘလက်ချောနှင့်တကွ မိသားစုဝင်အားလုံး ၂၀၁၂ ဟာ ကိုယ်ရောစိတ်ပါ
    ကျန်းမာချမ်းသာဝမ်းသာလန်းဖြာစေမယ် ဆိုတာအသေအချာပါဘဲဗျာ။
    အဲဒီဆုတွေနဲ့ ပြည့်စုံပါစေလို့လည်းဆုတောင်းပါတယ်ခင်ဗျာ။
    နှလုံးသားလှတဲ့ မုဒိတာပြည့်တဲ့ ကိုဘလက်ချော အေးချမ်းသာယာရှိပါစေခင်ဗျာ
    ~~——-^^——–~~
    ချစ်ခင်လေးစားလျှက်
    မောင်သစ်မင်း(^^)(^^)

    • nature

      January 1, 2012 at 8:19 pm

      ဆရာသစ်ရဲ့ ဒီဇိုင်းအဓိပါယ်လေးကဘာများလည်းဗျ။ (^^) ဆိုတာ ဘာကိုဆိုလိုတာလဲသိချင်လို့ပါ။

  • MaMa

    January 1, 2012 at 12:40 pm

    @ဆြာဘလက်-
    ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ အပီအပြင်တူးဆွနေတဲ့ ကိုဘလက်ကြီးလည်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ …
    @ဆြာသစ်-
    ကွန်မန့်မှာ အမှတ်တရ ထည့်ရေးလိုက်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။
    ဆြာသစ်ကို ရွာထဲမှာ ကွန်မန့်တွေ ပေးနေကတည်းက သတိထားမိပေမယ့် “မှတ်” ကဗျာကတော့ ပေါက်သွားတဲ့ အမှတ်တရပေ့ါ။
    ဂီဂီ့ကို “ကျွန်ုပ်တို့၏ အင်ဇာဂီ” ဆိုပြီး ဆြာဘလက် တူးဆွတုန်းက “စွယ်စုံရ မင်းသားလေးပေ့ါ” လို့ မန့်ခဲ့တယ်။
    စွယ်စုံရ မင်းသားကြီး မကြာမီ လာမည်ဆိုတာကို သိထားလို့ …. 🙂

  • hmee

    January 1, 2012 at 3:12 pm

    ဆရာသစ်ရဲ့စာတွေ ကောင်းလွန်းလို့ ကျွန်မမှာ အိမ်ကလူကြီးကို အမြဲညွှန်းရတာ အမှတ်တရပဲ။ သူက အလုပ်မအားတော့ စာတွေကို ရွေးဖတ်တဲ့သူလေ။ ကျွန်မကတော့ အားလပ်ချိန်များသူမို့ မြင်မြင်ရာစာ အကုန်ဖတ်တာ နားလည်တာရော နားမလည်တာပါ ဖတ်တာ။ အဲ့တာကြောင့် ကျွန်မက သူ့ကို အမြဲသတင်းပေးရတယ် ဒီနေ့ ကိုသစ်မင်း ပို့စ် အသစ်တက်တယ်လို့။ တချို့စာတွေဆို အမှန်ဝန်ခံရရင် ကျွန်မ သိပ်နားမလည်ဘူး သူကတော့ ဖတ်ပြီး သဘောတွေကျလို့။ 🙂

  • rain pricess

    January 1, 2012 at 6:01 pm

    မန်းဂေဇက် ကိုချစ်ခင်လေးစားမိတာ၊အနုပညာကိုချစ်ခင်မြတ်နိုးတဲ.သူတွေပဲ
    ဖွဲ.စည်းထားလို.ဖြစ်မယ်။ပိုစ်.တွေမတင်နိုင်သေးပေမယ်.ဝင်မဖတ်ပဲမနေနိုင်လောက်အောင်
    ဆွဲဆောင်အားကောင်းလှပါတယ်။
    နှစ်သစ်မှာမန်ဘာဝင်တွေအားလုံး ဘဝနှင်.ဆန္ဒ တစ်ထပ်တည်းကျနိူင်ပါစေ။

  • Khin Latt

    January 1, 2012 at 7:14 pm

    ဆရာသစ် ရဲ့ ကျွန်မ အရင်က မဖတ်ဘူးခဲ့တဲ့ Post တွေကို စုစည်းပေးလို့ ကျေးဂျူးကမ္ဘာ ပါ ကိုဘလက်ရေ။
    နှစ်သစ်မှာ ရွှင်လန်းပါစေ။ 🙂

  • padonmar

    January 2, 2012 at 12:46 am

    ကိုဘလက်
    အမည် မဲသော်လည်း အသည်းကရွှေပါ။

    ကိုသစ်မင်း
    ထာဝရ
    သစ်လွင်နေမယ့် ချစ်ခြင်းများနဲ့ လောကကြီးကို အလှဆင်နေသော
    အသစ်အသစ်တို့ရဲ့ ရာဇာမင်းပါဘဲ။(အတွေးအခေါ်သစ်တွေကို ပြောချင်ပါတယ်)

    သူကြီးခိုင်၊ကိုဘလက်၊ကိုသစ်မင်းနှင့်တကွ ရွာသူရွာသားအားလုံး
    နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ခန္ဓာ့ဝန် လောကဝန်ကို ထမ်းနိုင်ကြပါစေ။

Leave a Reply