ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြုခဲ့သော စင်ကာပူနိုင်ငံ ပင်နီစူလာလာပလာဇာရှိ ဟွန်ဒီငွေလဲဈေးကွက် ပြိုလဲ

WowDecember 31, 20111min723

စင်္ကာပူနိုင်ငံတွင်မကြာခင်က ဖြစ်ပွားခဲ့သော ပင်နီစူလာပလာဇာရှိ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်ဆိုသူက ဟွန်ဒီ ငွေလွှဲရေးလုပ်ငန်းများ၏ ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြု လိမ်လည်သွားသောဖြစ်ရပ်ကြောင့် ငွေကြေးဈေးကွက်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း၊ အလားတူဟွန် ဒီလုပ်ငန်းများကို မှီခိုနေကြသော ငွေလွှဲသူများအပေါ်တွင် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ စင်ကာပူ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော ရွှေရတနာ ငွေလွှဲလုပ်ငန်း ဦးစီးလုပ်ကိုင်သူ ဒေါ်တင်တင်မြင့်နှင့် အဖွဲ့သည် လက်ခံရရှိသည့် ငွေလွှဲရန်ဒေါ်လာများကို ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ဘဏ်တွင် စတိသာအသွင်းပြခဲ့ပြီး တနင်္လာ၊ အင်္ဂါနေ့များတွင် ထပ်မံဝင် ရောက်လာသောငွေများကို စုစည်းကာ အစဖျောက်ခဲ့ကြောင်း၊ အင်္ဂါနေ့တွင်မူ ခန့်မှန်းခြေဒေါ်လာ သန်း ၄ဝ ခန့်ဖြင့် အင်္ဂလန်သို့ လိမ်လည် တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရသည်။ ထိုအမျိုးသမီး ထွက်ပြေးတိမ်းရှောင်သွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျက်နှင့်ပင် ပင်နီစူလာဆိုင်များမှ ငွေများကို လက်ခံယူပြီး လက်ကျန်ဒေါ်လာ နှစ်သန်းကိုပါ အစဖျောက် လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

”အခုစင်္ကာပူမှာဖြစ်သွားတဲ့ကိစ္စက မြန်မာပြည် ပြည်တွင်း ငွေကြေးဈေးကွက်ပေါ်မှာ အများကြီး သက်ရောက်ပါတယ်။ အခု ပင်နီစူလာပလာဇာက ဟွန်ဒီငွေလွှဲတဲ့ လုပ်ငန်းအသေးလေး နှစ်ခုလောက်ပဲရှိတော့တယ်လို့ သိရတယ်။ လိမ်တဲ့အမျိုးသမီးနာမည်က ဒေါ်တင်တင်မြင့်။ အခုတဖြည်းဖြည်းနဲ့ ပမာဏက များလာတယ်။ နောက်ဆုံးရရှိထားတဲ့ သတင်းအရဆိုရင် စင်္ကာပူဒေါ်လာ သန်း ၄၀-၆ဝ ကျော်လောက်လို့ သိရတယ်။ တစ်ယောက်ထဲ သန်း ၂၀၊ ၃ဝ ပါသွားတဲ့လူလည်း ရှိတယ်။ ပထမပိုင်းတော့ ယုံအောင်လုပ်ထားတယ်။ ဈေးတောင် လျော့ပေးထားတယ်။ အခုက တစ်ဆင့်လွှဲတဲ့သူတွေဆီကပါ ပြန်ယူသွားတာပါ” ဟု စင်္ကာပူမှပြန် လာသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။


ဘာမင်ဂမ်ရှိ ဒေါက်တာသန်းသန်းမြင့်၏ နေအိမ်

”အခု လိမ်လည်သွားတဲ့ ဒေါ်တင်တင်မြင့်ရဲ့ သမီး Stephine က လန်ဒန်မှာရှိတဲ့ Queen Marry University မှာ တက်ရောက်နေတာပါ။ သူ့ယောကျာ်းကတော့ စင်ကာပူမှာ ရှိပါတယ်။ စင်ကာပူမှာရှိတဲ့ ရွှေရတနာဆိုင်မှာ ဟန်မပျက် ဆက်နေနေတယ်။ သူ့မိန်းမစီးပွားရေးကို မသိပါဘူးလို့လဲ ငြင်းထားတယ်။ ၂ဝ ရက်နေ့ နံနက် ၁၂ နာရီနောက်ပိုင်းလောက်ကနေပြီးတော့ ညနေ ၄ နာရီအချိန်လောက်မှာ သူကရုံးခန်းကိုဆင်းလာပြီး သူနဲ့လည်း လုံးဝအဆက်အသွယ်မရဘူးလို့ ပြောပါတယ်။ ၂၁ ရက်နေ့မှာလည်း အများဆုံး ပါသွားတဲ့သူက ငိုယိုပြီးပြောလို့ သူ့ညီမ(ဒေါ်တင်တင်မြင့် ညီမ)က ဖုန်းအဆက်သွယ်ရပါတယ်။ သူ့ဆီ သူ့အစ်မပြန်ဆက်ရင် ဆက်ဆက်ပြော ပေးပါမယ်လို့ ပြောပါတယ်။ ၂၂ ရက်နေ့ကိုရောက်လာတဲ့အခါ လူပျောက်ကြော်ငြာဖို့ စလုပ်ခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ M.A.S (Monetary Authority of Singapore)က ပင်နီစူလာမှာ စစ်ဆေးတယ်ဆိုတဲ့သတင်းကြောင့် ကိုပြည့်ဖြိုး(Loi Heing) ကလည်း လုံးဝပျောက်သွားတယ်။ ကိုပြည့်ဖြိုးတို့လင်မယားက ဟောင်ကောင်ကိုသွားပြီး တရုတ်က ငွေပို့ပေးနေတဲ့ ကုန်သည်တွေနဲ့တွေ့ဖို့ လက်မှတ်ဝယ်ထားပြီးပြီ ဗီဇာ လျောက်ထားပြီးပြီလို့ သိရတယ်။ ဒီကိစ္စမှာ မန္တလေးကနာမည်ကြီး ရွှေဆိုင်တစ်ခုကလည်း ပါဝင်ပတ်သက်နေတယ်။ သူတို့က ဒေါ်တင်တင်မြင့်ဆီက ကျပ်ငွေတွေ အားလုံးယူထားလိုက်ပြီး ကိုပြည့်ဖြိုးနဲ့ ပူးပေါင်းဖို့လို့ သိရတယ်။ အဲဒီအချိန်မှာ ငွေတွေကျပ်သွားပြီး ချက်ချင်းအလုပ် ဆက်မလည်ပတ်နိုင်တော့ပဲ ငွေကြေးဈေးကွက်ကြီးတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တာပါ။ နောက်ပိုင်းသိရတာတွေ ပေါ် အခြေခံပြီးသူ (ဒေါ်တင်တင်မြင့်) ရှိမယ့် ဘာမင်ဂမ်ကို လိုက်သွား ခဲ့ပါတယ်”ဟု ဒေါ်တင်တင်မြင့် တိမ်းရှောင်နေသော ဘာမင်ဂမ်သို့ လိုက်သွားခဲ့သူတစ်ဦးက ပြောပြပါသည်။

ဒေါ်တင်တင်မြင့်ညီမ ဒေါက်တာသန်းသန်းမြင့်၏ အမျိုးသား Dr.Zaki သည် အီဂျစ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဒေါ်တင်တင်မြင့် တိမ်းရှောင်နေသည့် ဘာမင်ဂမ်ရှိ နေအိမ်သို့ လိုက်သွားခဲ့သော်လည်း ရှောင်နေ၍ မတွေ့ခဲ့ ရကြောင်းလည်း သိရသည်။

” အဲဒီအိမ်ကိုရောက်ခဲ့ပေမယ့် ရှာဖွေဖို့ အခွင့်အရေးမရှိလို့ ရဲစခန်းကိုပဲ တိုင်ကြားခဲ့ပါတယ်။ ရဲများကလည်း ချက်ချင်းတိုင်ချက်ဖွင့်ပြီး ဖုန်းဆက်ရှာပေးခဲ့ပါတယ်။ ဖုန်းတွေ လုံးဝမကိုင်လို့ message တွေ ချန်ထားခဲ့ကြောင်းနဲ့ အဲဒီအိမ်နားမှာ ရဲကားတွေ လှည့်လည်စစ်ဆေးပေးမယ်လို့ ရဲတွေက ပြောခဲ့ပါတယ်”ဟု ဘာမင်ဂမ်သို့ လိုက်သွားခဲ့သူက ဆက်လက်ပြောပြခဲ့ပါသည်။

ယင်းဖြစ်ရပ်များသည် မကြာမီက ထုတ်ပြန်ကြေငြာခဲ့သော ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ ဝင်ငွေအပေါ်အစိုးရမှ အခွန်ကောက်ခံမှုအား ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ကင်းလွတ် ခွင့်ပြုလိုက်ကြောင်းနှင့် ငွေပို့ငွေလွှဲလုပ်ဆောင်ခြင်းများကို ပြည်တွင်းရှိ သမဝါယမဘဏ်၊ ကမော္ဘဇဘဏ်၊ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်တို့ကို တရားဝင်ခွင့်ပြုခဲ့ပြီး မရှေးမနှောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကြိုတင်ကြံစည် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

”အချို့ကိစ္စတွေက တရားမဝင်တို့၊ တရားဝင်တို့ဆိုတာ မျဉ်းပါးပါးလေးပါပဲ။ စင်ကာပူက ဟွန်ဒီလုပ်ငန်း ဘာလို့လိုအပ်နေဆဲဆိုတာလဲ အားလုံးသိပြီးသားပါ။ ကျွန်တော်တို့နိုင်ငံက Sanction ရှိထားတဲ့အတွက် သွင်းကုန် ထုတ်ကုန်လုပ်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်မယ့်လူတွေက စင်ကာပူမှာ LC ဖွင့်ဖို့ လုပ်ရတယ်။ ဒီလိုလုပ်မှ ရမှာလေ။ အခု ငွေကြေးလိမ်လည်မှုကြောင့် နစ်နာဆုံးရှုံးရသလို စီးပွားရေးလုပ်သူ အချင်းချင်းကြား ယုံကြည်မှုတွေ ပါ ပျောက်ဆုံးရင် စီးပွားရေးဝန်းကျင်တစ်ခုလုံး ထိခိုက်သွားမှာပါ။ ဒီလိုကိစ္စမျိုးကို ထိထိရောက်ရောက် ကိုင်တွယ်သွားစေချင်တယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

”အခုတလော ယုံကြည်မှုကို အလွဲသုံးစားလုပ်လိမ်လည်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။ ပဲကိစ္စ၊ မှန်ချိုဆေးတိုက်ပိုင်ရှင်က သမီးအဖြစ် အမွေပြတ်စွန့်လွှတ်ခံထားရသူက လိမ်သွားတဲ့ ငွေကြေးလိမ်လည်မှုတွေနဲ့ အခုပင်နီစူလာကိစ္စတွေက ပေါ့လို့မရဘူး။ လုပ်လို့ရမှန်းသိရင် ဒါမျိုးတွေ ခဏခဏဖြစ်နေရင် ယုံကြည်မှုပျက်ပြားပြီး စီးပွားရေးဝန်းကျင်တစ်ခုလုံး ထိခိုက်နိုင်တယ်။ ပင်နီစူလာကလိမ်လည်မှုက စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ နိုင်ငံပိုင်ငွေတချို့ ပါနေတယ်လို့ ပြောနေကြတာ ကြားတယ်။ အလုပ်လာလုပ်တဲ့ လူတွေရဲ့ ချွေးနည်းစာတွေ ပါနေတယ်လို့သိရတာ စိတ်မကောင်းစရာပါ”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

မြန်မာပြည်မှ အလိမ်ခံရသောသူများ တရားစွဲရေးအတွက် မည်သို့လုပ်ရမည်ကို မသိရှိသေးကြောင်း၊ ယင်းကဲ့သို့ ဟွန်ဒီဖြင့် ငွေလွှဲခြင်းမှာ တရားမဝင်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျရယူပြီး အစိုးရ အမှု၊ တရားမမှု၊ ရာဇဝတ်မှုတစ်ခုခု ဖြစ်ရန် ခဲယဉ်းသည်ဟု ယူဆနေသည့်အပိုင်းများလည်း ရှိကြောင်း၊ အဆိုပါငွေလိမ်သွားသူ ဒေါ်တင်တင်မြင့်မှာ စင်္ကာပူနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး တရုတ်ပတ်စ်ပို့တစ်ခုကို တရားမဝင် ကိုင်ဆောင်ထားကြောင်း သိရှိရသည်။

ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေသည် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဝင် နိုင်ငံ(သို့) ဒေသဆိုင်ရာ သဘောတူ စာချုပ်ဝင်နိုင်ငံနှင့်ဖြစ်စေ၊ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံနှင့်ဖြစ်စေ၊ အဆိုပါ ကွန်ဗင်းရှင်းဝင်နိုင်ငံ ဒေသဆိုင်ရာ သဘောတူစာချုပ်ဝင်နိုင်ငံ(သို့) နှစ်နိုင်ငံသဘောတူစာချုပ်ဝင် နိုင်ငံမဟုတ် သော်လည်း အပြန်အလှန် အကူအညီပေးရန် စည်းကမ်းချက်ဖြင့် သဘောတူသည့် နိုင်ငံနှင့်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် စုံစမ်းထောက်လှမ်းခြင်း တရားစွဲဆိုခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ခြင်း တစ်ရပ်ရပ်ကို အကူ အညီပေးခြင်းနှင့် သက်ဆိုင်စေရမည်ဟု ယင်းဥပဒေ၏ ပုဒ်မ(၂)တွင် ပြဌာန်းထားပါသည်။

ထို့အပြင် အစိုးရအဖွဲ့သည် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးအတွက် ဗဟိုအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းထားရမည်ဖြစ်ပြီး ယင်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဥပဒေတွင် သတ်မှတ်ထားပြီးဖြစ် ကြောင်း သိရသည်။

ပြည်တွင်းတွင် ဖြစ်ပွားခဲ့သော ငွေကြေးလိမ်လည်မှုများကို ဖော်ထုတ်ရရှိနိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် နိုင်ငံပြင်ပတွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားများ၏ ယခုကဲ့သို့ ဖြစ်စဉ်မျိုးအတွက် အချက်အလက် အထောက်အထားများဖြင့် ပြည်တွင်းတွင် ပြန်လည်တိုင်ချက်ဖွင့်ပါက လိုအပ်သလို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ထပ်မံသိရှိရသော သတင်းများအရ ယခုအခါစင်ကာပူမှ အင်္ဂလန်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒေါ်တင်တင်မြင့်အား ဖမ်းဆီးရမိရေး အမှုမှန်ပေါ်ပေါက်ရေးအတွက် စင်ကာပူရဲနှင့် အင်္ဂလန်ရဲတို့ ပူးပေါင်းလုပ်ဆောင် နေကြောင်းနှင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်က အဓိက လိမ်လည်သွားသူဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မှုကြောင့် လွှဲငွေလက်ခံပြီး ရွှေရတနာဆိုင်သို့ လွှဲကြရသော ကျန်ငွေလွှဲလုပ်ငန်းများမှာလည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“ဒီကိစ္စကြောင့် စင်ကာပူကနေ မဖြစ်မနေလုပ်ရမယ့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ အများကြီး ထိခိုက်ကုန်ပြီ။ စင်ကာပူမှာ ကုမ္ပဏီဖွင့်ပြီး မလုပ်ရဲအောင်ဖြစ်နေပြီ။ ဒီကိစ္စကို မြန်မြန်ဖြေရှင်းပေးဖို့ အစိုးရက အာမခံချက်ပေပြီး စုံစမ်းရင် အမှန်ပြောမယ့်သူတွေ ရှိပါတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။

ယခုအခါ သီရိမွန် ငွေလွှဲလုပ်ငန်းမှ ဒေါ်နန်းခင်ခင်ထားက တိုင်ချက်ဖွင့်ထားသောကြောင့် စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။

‘ဒီအခြေအနေမျိုးမှာ Sanctionက တစ်နှစ်ကျော်လောက် ရှိဦးမှာဆိုတော့ စင်ကာပူ ကုမ္ပဏီတွေက တစ်ဆင့်လည်း သွားရဦးမှာ။ အဲဒီတော့ ဒီအလုပ်က တရားမဝင်ဘူးပဲ ပြောပြော၊ တရားဝင်တယ်ပဲ ပြောပြော ဆက်ရှိ ဦးမှာပါ။ ဒီတော့ မြန်မာ နိုင်ငံတွင်းက သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေ ရှင်သန်အောင် ပုံမှန်လည်ပတ်နိုင်အောင် မြန်မာအစိုးရ တာဝန်ရှိအဖွဲ့အစည်းတွေရယ်၊ ကုမ္ပဏီတွေရယ် ပူးပေါင်းအဖြေရှာဖို့ လိုပါတယ်။ အဲဒီအဓိက လိမ်လည်သူ အမျိုးသမီးတွေကို ရအောင်ရှာဖွေ ဖမ်းဆီးပြီး ကျန်တဲ့တစ်ဆင့်ခံ ကုမ္ပဏီ၊ ဆိုင်ရှင်တွေရယ်ကို ရင်ဆိုင်ဖြေရှင်းသင့်တယ်။ လိမ်လည်သွားတဲ့ သူတွေ၊ လူသတ်တရားခံတွေ၊ နိုင်ငံခြားထွက်ပြေးတိုင်း လွတ်နေ တယ်ဆိုတာ မဖြစ်သင့်ဘူး။ မရရအောင် ဖမ်းသင့်တယ်။ ဒီမှာ သူတို့ရဲ့ အဆက်အသွယ်တွေ၊ ဆွေမျိုးမိဘတွေ ကျန်နေတာပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။

By Eleven Media Group News

3 comments

  • water-melon

    December 31, 2011 at 6:47 pm

    သန်းနဲ့ချိဆိုလား တစ်သက်စားမကုန်ဘူး
    အမလေး ဒို့မှာ သန်းဆိုလိုု့ ခေါင်းက သန်းတောင် ပြစရာမရှိဘူး
    လုပ်ရဲတဲ့လူကလည်း လုပ်ရဲပ
    အင်း ……မလွယ်ပါဘူး။

  • koyinmaung

    December 31, 2011 at 11:59 pm

    ခုလိုဓါတ်ပုံနဲ့တကွဖေါ်ပြပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်

  • Wow

    January 1, 2012 at 2:07 pm

    အားပေးတဲ့အတွက်ကျေးဇူးပါ Water Melon နဲ့ကိုရင်မောင်ရေ…
    အခုတစ်လော မအားလို့ ကိုယ်တိုင်ရေးစာများမတင်ဖြစ်ပဲ ရွာသားတွေအတွက် ထူးမယ်ထင်တဲ့ သတင်းလေးများပဲ ကော်ပီလုပ်ပေးဖြစ်နေတာပါ….

Leave a Reply