၂၀၁၁ ခုနှစ်အတွင်း ထူးခြားဖြစ်ရပ်များ

Zaw WonnaJanuary 1, 20121min17610
ဇန်နဝါရီ ၂။ နိုင်ငံရေး အကျဉ်းသားများ၊ HIV ဝေဒနာရှင်များနှင့် ဂီရိမုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ရံပုံငွေ ရှာဖွေသော ဈေးရောင်းပွဲကို NLD ဌာနချုပ်တွင် စတင်ပြုလုပ်ခဲ့သည်။
ဇန်နဝါရီ ၁၇။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ပထမဆုံး အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ရန်ကုန်ုတိုင်း၊ လှိုင်သာယာမြို့နယ်တွင် ယနေ့မနက် ဖွင့်လှစ်လိုက်သည်။
ဇန်နဝါရီ ၂၃။ ကချင်ပြည်နယ်တွင် ပထမဆုံး ရေအားလျှပ်စစ် စက်ရုံအဖြစ် တနှစ် ပျမ်းမျှပမာဏ ကီလိုဝပ်နာရီ သန်းပေါင်း (၁ဝ၆၅) ထုတ်လုပ်နိုင်မည့်  တာပိန် (၁) စက်ရုံကို ယမန်နေ့က ဝန်ကြီးချုပ် ဦးသိန်းစိန်က ဖွင့်လှစ်ခဲ့သည်။

ဇန်နဝါရီ ၂၆။ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေး အစီအစဉ်အရ ရောင်းချရန် ကျန်ရှိနေသည့် ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခု ကို နောက်ဆုံး အသုတ်အဖြစ် ပုဂ္ဂလိကကို ရောင်းချနေကြောင်း သိရသည်။

ဇန်နဝါရီ ၂၈။ အစိုးရက နိုင်ငံတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာရန် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု၊ ဘဏ္ဍာရေး နှင့် အာမခံ ၊ မြေယာ အသုံးပြုမှု၊ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ စသည့် ကဏ္ဍများ ပါဝင်သော အခန်း ၁၂ ခန်း ပါ အထူးစီးပွားရေးဇုန် ဆိုင်ရာ ဥပဒေကို  ပြဌာန်းလိုက်သည်။

ဇန်နဝါရီ ၃၁။ ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၄။ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဦးသိန်းစိန်က ၄ဝ၈ မဲဖြင့် သမ္မတဖြစ်ကာ၊ ဒုသမ္မတ ၁ နေရာအတွက် သီဟသူရတင်အောင်မြင့်ဦးက ၁၇၁ မဲဖြင့်လည်းကောင်း၊ ဒုသမ္မတ ၂ နေရာအတွက် ဦးစိုင်းမောက်ခမ်းက ၇၅ မဲဖြင့်လည်းကောင်း ရွေးချယ်ခဲ့ ကြသည်။

ဖေဖော်ဝါရီ ၁၀။ မြန်မာအာဏာပိုင်တို့က မြန်မာတိုင်း(မ်) ဂျာနယ် ထုတ်ဝေသူ ဩစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေကို နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးခြင်း၊ ဆေးခြောက် လက်ဝယ်တွေ့ခြင်းတို့ကြောင့် ရန်ကုန်မြို့နေအိမ်တွင် ဖမ်းဆီးခဲ့သည်။

ဖေဖော်ဝါရီ ၁၂။ အိုင်တီနှင့် အင်တာနက် ယဉ်ပါးသူများ၊ ဘလော့ဂါများ စုဝေးတွေ့ဆုံပြီး အသိပညာဝေမျှရာ BarCamp ပွဲကို မန္တလေးတွင် ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ကျင်းပခဲ့သည်။

ဖေဖော်ဝါရီ ၁၇။ မန္တလေးတိုင်း အမရပူရမြို့နယ်ရှိ စံပြဈေး ယနေ့နံနက် ၃ နာရီခန့်က မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၁၀ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၂။ မြန်မာနိုင်ငံမှ အလုပ်သမား အရေးနှင့် ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ အဖွဲ့ဝင် ၃ ဦး ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာသည်။

မတ် ၇။ ဝက်များတွင် နားရွက်ပြာရောဂါခေါ် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု မန္တလေးတွင် ဖြစ်ပွားနေကြောင်း သိရသည်။

မတ် ၁၃။ မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကလေးဆေးရုံဖြစ်သည့် နိုင်ငံတကာ အဆင့်မီ ကုတင် ၅၅ဝ ဆံ့ ရန်ကင်း ကလေးအထူးကု ဆေးရုံသစ်ကြီးကို ယနေ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မတ် ၁၆။ မြန်မာနိုင်ငံတွင် အင်တာနက်မှတဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု (VOIP) များကို ပိတ်ပင်မှု တင်းကြပ်ရန် ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ ထုတ်ပြန်လိုက်သည်။

မတ် ၂၂။ မတ်လ ၁၅ ရက်နေ့က တိုက်ခတ်သော စိုက်ဆင်းလေပြင်းကြောင့် ပင်လယ်ထဲ မျောသွားခဲ့သည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ ရေလုပ်သား ၃၃၇၄ ဦး ကို ရေတပ် စစ်ရေယာဉ်များနှင့် ငါးဖမ်းစက်လှေများက ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

မတ် ၂၄။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ လွယ်မွေမြို့ကို ဗဟိုပြုပြီး ပြင်းအား ၆.၈ ရှိ မြေငလျင်လှုပ်ခဲ့သည့် အတွက် သေဆုံးသူ ၇၄ ဦးနှင့် ဒဏ်ရာရသူ ၁၁၁ ဦး ရှိကြောင်း သတင်းစာများတွင် ဖေါ်ပြသည်။

မတ် ၃၀။ သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းခဲ့သည်။

ဧပြီ ၂။ တရုတ် ထိပ်တန်း နိုင်ငံရေးအကြံပေး မစ္စတာ ကျာချင်းလင်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ဖိတ်ကြားချက်ဖြင့် အစိုးရသစ်နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ယနေ့တွင် မန္တလေးသို့ ရောက်ရှိလာသည်။

ဧပြီ ၁၁။ သမ္မတ ဦးသိန်းစိန် အစိုးရသစ်က သင်္ကြန်ပွဲတော် ရက်များအတွင်း ရိုးရာအစဉ်အလာ တခုဖြစ်သော သံချပ်ထိုးခြင်း မပြုလုပ်ရန် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှတဆင့် တားမြစ်လိုက်သည်။

ဧပြီ ၂၆။ မြန်မာနိုင်ငံတော် သမ္မတအတွက် အကြံပေးအဖွဲ့ကို နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာဟူ၍ သုံးဖွဲ့ခွဲထားပြီး အဖွဲ့ဝင် ၉ ယောက်ဖြင့် ဖွဲ့စည်းခဲ့သည်။

မေ ၄။ မြန်မာအစိုးရသစ်က ယခင် စစ်အစိုးရ လက်ထက်၌ ပိတ်ပင်ခဲ့သည့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ စနေထောင့်ရှိ ကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင်အား ပြန်လည် ဖွင့်လှစ်လိုက်သည်။

မေ ၁၀။ ကျွမ်းကျင်ဝန်ထမ်း အစားထိုးရန် အခက်အခဲရှိ၍ လာဘ်ပေးလာဘ်ယူမှုများကို ချက်ချင်းကိုင်တွယ်ရန် မဖြစ်နိုင်သေးကြောင်း ရန်ကုန်တိုင်း အစိုးရသစ် ဝန်ကြီးဌာန ၆ ခု၏ ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ယနေ့ ပြုလုပ်သည့် ပထမဆုံးသော သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောကြားသွားသည်။

မေ ၁၆။ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားအားလုံးကို ရရှိထားပြီးသား လျှော့ရက်များအပြင် တနှစ် သက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတက အမိန့်စာ ထုတ်ပြန်လိုက်သည်။

မေ ၁၇။ သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ တဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၄,၆၀ဝ ကို လွှတ်ပေးလိုက်ကြောင်း အကျဉ်းဦးစီးဌာနက ပြောဆိုသည်။

မေ ၁၈။ ရန်ကုန်-မန္တလေး အဆန် ရထားပေါ်တွင် နေပြည်တော် အလွန် တပ်ကုန်းမြို့နယ်၊ ဆင်သေဘူတာ အရောက်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူနှစ်ဦး သေဆုံးပြီး ရ ဦး ဒါဏ်ရာ ရရှိသွားသည်။

မေ ၂၄။ မွန်ပြည်နယ်၊ ရေး – သံဖြူဇရပ် ကားလမ်းတွင် ယမန်နေ့က ခရီးသည်တင်ကား ၅ စီး ပစ်ခတ်ခံရသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

ဇွန် ၁၈။ ဇွန်လ ၉ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်မှ ကေအိုင်အေ တပ်များနှင့် အစိုးရတပ်များ၏ တိုက်ပွဲဖြစ်ပွားသည့် အကြောင်းကို ယနေ့ထုတ် အစိုးရသတင်းစာတွင် ပထမအကြိမ်အဖြစ် သတင်း ထုတ်ပြန်သည်။

ဇွန် ၂၁။ နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား အင်တာနက် တပ်ဆင် အသုံးပြုခွင့်ကို ယနေ့မှစတင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန် ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ဇွန် ၂၄။ မန္တလေးမြို့၊ ဈေးချိုဟိုတယ်ရှေ့တွင် မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပို်င်း အကြာ၌ နေပြည်တော်နှင့် ပြင်ဦးလွင်တို့၌ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ဇွန် ၃၀။ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေး ပင်စင် လစာများကို တိုးမြှင့် သတ်မှတ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးရုံး၏ အမိန့် ကြေငြာစာများဖြင့် ကြေငြာခဲ့သည်။

ဇူလိုင် ၅။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ချက် အသစ်အရ ပို့ကုန် လုပ်ငန်းရှင်များ ပေးဆောင်ရသော ပို့ကုန် အခွန်ကို သုံးရာခိုင်နှုန်း လျှော့ချလိုက်သဖြင့် ခုနှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၁။ တနင်္သာရီ ကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တူးဖော်နေသည့် မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစီး ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် အတွင်း ပျက်ကျသွားရာ လူ ၃ ဦး သေဆုံးသွားသည်။

ဇူလိုင် ၁၂။ ၂၀၁ဝ ရွေးကောက်ပွဲတွင် ၁ဝ နေရာနှင့် အထက် အနိုင်ရရှိခဲ့သည့် နိုင်ငံရေး ပါတီ ၆ ခုမှ အသက် ၃၅ နှစ်အောက် ပါတီဝင် လူငယ် ၂ဝ သည် ပထမဆုံး ပြည်ပ လေ့လာရေး ခရီးစဉ် အဖြစ် ဂျပန်နိုင်ငံသို့ ယနေ့ ထွက်ခွာသွားကြသည်။

ဇူလိုင် ၁၈။ ၁ဝ နှစ်ကျော်ကြာ တင်သွင်းခွင့် ပိတ်ပင်ထားသော အချိုမှုန့်၊ ပီကေ၊ အချိုရည်မျိုးစုံ၊ မုန့်မျိုးစုံ၊ စည်သွပ်ဗူးမျိုးစုံ၊ ခေါက်ဆွဲခြောက်၊ ယမကာမျိုးစုံ၊ စီးကရက်၊ ပလပ်စတစ်ပစ္စည်း စသည်တို့ အပါအဝင် ထိုင်းကုန်ပစ္စည်း ၁၅ မျိုးကို မြန်မာနိုင်ငံက တင်သွင်းခွင့်ပြုလိုက်သည်။

ဇူလိုင် ၁၉။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂၀၀ဝ ကျော်တို့  ယနေ့ နေ့လယ် ၁၂ နာရီ ခန့်က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုကြသည်။

ဇူလိုင် ၂၅။ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် တာဝန်ရှိပုဂ္ဂိုလ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်၊ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ၌ အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့သည်။

ဇူလိုင် ၂၈။ ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက် မြန်မာနှင့် အိုမန်အသင်းတို့ ယနေ့ညနေက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ရာ မြန်မာအသင်း ၂ ဂိုးရှုံးပြီးချိန်တွင် ပရိသတ်က ကွင်းအတွင်းသို့ ရေသန့်ဗူး၊ ပုလင်း၊ ခဲ စသည်တို့နှင့် ပစ်ပေါက်သည့် အတွက် ပွဲပျက်သွားသည်။

ဩဂုတ် ၅။ ကုန်တွင်းပိုင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေ၊ တူးဖော်ထုတ်လုပ်ရေး လုပ်ကွက်များတွင် နိုင်ငံခြားရေနံ ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်နိုင်မည့် မြန်မာတိုင်းရင်းသား ကုမ္ပဏီများအား ယနေ့ တရားဝင် ကြေညာချက်ထုတ်၍ ဖိတ်ခေါ်လိုက်သည်။

ဩဂုတ် ၇။ မြန်မာနိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် Sibutramine ဓာတုဗေဒဆေး ပါဝင်သည့် ပိန်ဆေး၊ အဆီကျဆေး ၁၂ မျိုးကို ဘေးအန္တရာယ် ကင်းရှင်းမှု မရှိသည့်အတွက် တင်သွင်းမှု ရပ်ဆိုင်းရန် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက အမိန့်ထုတ်ပြန်လိုက်သည်။

ဩဂုတ် ၁၀။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)နှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ သောင်းကျော် ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ဩဂုတ် ၁၁။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကြီး အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့်  ပူးပေါင်း ဖြေရှင်းရန် လိုအပ်ကြောင်း ပန်ကြားချက်တစောင်ကို ရေးသား ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၁၅။ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့နေသည့် အဓိက ပို့ကုန်များဖြစ်သော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန် နှင့် တိရိစ္ဆာန်ထွက်ကုန်များကို ယနေ့မှ စတင်ကာ ၆ လကြာ ပို့ကုန်ခွန် ကင်းလွတ်ခွင့် ပြုမည်ဟု ကုန်သည်များအား သက်ဆိုင်ရာက အကြောင်းကြားထားသည်။

ဩဂုတ် ၁၇။ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က ပြစ်မှုမကျူးလွန်သော ပြည်ပရောက် မြန်မာနိုင်ငံသားများကို ပြန်လာလျှင် ပြန်လည် လက်ခံမည် ဖြစ်ကြောင်းနှင့် တောတွင်း လက်နက်ကိုင်များ လက်နက်ချရန် ယနေ့ ကမ်းလှမ်း လိုက်သည်။

ဩဂုတ် ၁၈။ နိုင်ငံခြားဝင်ငွေ ရနေသည့် ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းများနှင့် ပြည်တွင်း ပြည်ပနိုင်ငံသားများ ပေးဆောင်နေကြသော ဝင်ငွေခွန်ကို သတ်မှတ်ထားသည့် ၆ လ ကာလ အတွင်း လျှော့ချ ပေးဆောင်ရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးရုံးက ယနေ့ထုတ်ပြန် ကြေညာသည်။

ဩဂုတ် ၁၉။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ယနေ့  နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က သမ္မတအိမ်တော်တွင် လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၁။ မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများကို ၅ ရက်ကြာ စုံစမ်းလေ့လာမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

ဩဂုတ် ၂၄။ မြန်မာပြည်တွင် ကျန်း​မာ​ရေး ​ပြုစု​စောင့်​ရှောက်မှုစနစ် အား​နည်း​​နေပြီး​ ​ကောင်း​မွန်ပြည့်​စုံ​စွာ လုပ်​ဆောင်ရန် အတွက် နှစ်စဉ် ကျပ်သန်း​ ၈,၀၀ဝ ​ခန့် လိုအပ်မည်ဖြစ်ကြောင်း ကျန်း​မာ​ရေး​ ဝန်ကြီး​ ​ဒေါက်တာ​ဖေသက်ခင်က အမျိုးသား​လွှတ်​တော် အစည်း​အ​ဝေး​တွင် ပြောကြား​သည်။

ဩဂုတ် ၃၀။ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်အတွင်းရှိ  လယ်သမားများက “နိုင်ငံတော်၏ စိုက်ပျိုးရေး အထူး အထွက်တိုးဇုံ”  စီမံချက်ကြောင့် ဆုံးရှုံးသွားသော လယ်မြေဧက တစ်သောင်းကျော် ပြန်လည်ရရှိရေး အတွက် နေပြည်တော်ရှိ လွှတ်တော်ဆိုင်ရာ ရုံးများနှင့် သမ္မတရုံးသို့ သွားရောက်ကာ တိုင်ကြားစာ ပေးပို့ခဲ့သည်။

စက်တင်ဘာ ၁။ မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ရွှေတူးဖော်ရေး စီမံကိန်းများကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကော ပျောက်ပျက်သွားမည့် အန္တရာယ်မှ ဝိုင်းဝန်း ကာကွယ်ကြရန် မြန်မာနိုင်ငံမှ ထင်ရှားသည့် စာပေ အနုပညာရှင်များ အပါအဝင် လူမှုရေး တက်ကြွလှုပ်ရှားသူများက ယနေ့ သမ္မတထံ လိပ်မူပြီး တောင်းဆိုစာများ ပေးပို့လိုက်ကြသည်။

စက်တင်ဘာ ၃။ ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့ပေါင်း ခုနှစ်ရာကျော်မှ ကိုယ်စားလှယ်ပေါင်း သုံးထောင်ခန့် တက်ရောက်သည့် ပရဟိတအသင်းပေါင်းစုံ နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ရွှေပြည်သာ မေတ္တာရှင် ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။

စက်တင်ဘာ ၄။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲ တစ်ရပ်ကို ရွှေတိဂုံစေတီ ရင်ပြင်တော်တွင် နိုင်ငံရေးအကျဉ်းသား  မိသားစုများ အကျိုးဆောင်ကွန်ယက်မှ  ဦးစီးကျင်းပခဲ့ရာ နိုင်ငံရေးအကျဉ်းသား မိသားစုများ၊ အကျိုးဆောင်ကွန်ယက် အဖွဲ့ဝင်များ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် စိတ်ပါဝင်စားသူများ နှစ်ရာကျော်ခန့် တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၆။ အစိုးရသစ်က “မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်” ကို အငြိမ်းစား အစိုးရအရာရှိကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး အဆိုပါ ကော်မရှင်ကို နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြသည်။

စက်တင်ဘာ ၉။ ယခုနှစ်မိုးကာလ မြန်မာနိုင်ငံနေရာအနှံအပြား မိုးကြီးရေလျှံ ဖြစ်မှုကြောင့် ပုဂ္ဂလိက ငါးမွေးကန် ဧက ၃၀၀ဝ ကျော် (ကာလတန်ဖိုး ကျပ်ငွေ သိန်းပေါင်း ၂ဝဝဝဝ) ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပြောကြားသည်။

စက်တင်ဘာ ၁၀။ မြန်မာနိုင်ငံတွင် ယာဉ်မှတ်ပုံတင် သက်တမ်း အနှစ် ၂ဝ ကျော်မှ အနှစ် ၄ဝ ကျော်အထိ ရှိနေသော ကားဟောင်းများကို ပယ်ဖျက်ကာ ကားဟောင်းအစား ကားသစ်များကို အစားထိုး တင်သွင်းခွင့်ပြုမည်ဟု ကြေညာချက် ထုတ်ပြန်သည်။

စက်တင်ဘာ ၁၄။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံသားများကို အမည်ခံစေကာ ဆောင်ရွက်
နေသည့် လုပ်ငန်းများကို တရားဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အဖြစ် ပြောင်းလဲ လုပ်ကိုင်ရန် လိုအပ်လာပြီ
ဖြစ်ကြောင်း မြန်မာအစိုးရက သတိပေး ပြောဆိုသည်။

စက်တင်ဘာ ၁၉။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး လိုငွေပြမှုသည် ငါးနှစ်ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပြီး ၂ဝ၁၁- ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံပေါင်း ၂,၃ဝဝ ကျော်ရှိသည်ဟု အထက်လွှတ်တော်၏ ငွေစာရင်းကော်မတီမှ ရှင်းလင်း ပြောကြားသွားကြောင်း အမတ်များအဆိုအရ သိရသည်။

စက်တင်ဘာ ၂၇။ နီကယ်နှင့် ခရိုမိုက် သတ္တုရိုင်းသိုက်များ ချင်းပြည်နယ်တွင် တွေ့ရှိရပြီး ယင်းတွေ့ရှိမှုအရ နီကယ်သတ္တုရိုင်း ၁၁ဝ ဒသမ ၅ရ သန်းနှင့် ခရိုမိုက် ၃၈,၁ဝဝ တန်ခန့် ထွက်ရှိနိုင်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၂၈။ ကျောက်ပန်းတောင်းမြို့မှ အငှားဆိုင်ကယ်ဖြင့် ညောင်ဦးမြို့သွားခဲ့သည့် ဂျပန်အမျိုးသမီး တဦးသည် ကျောက်ပန်းတောင်းမြို့နှင့် ညောင်ဦးအကြားရှိ ဝါးခင်းကြီးကျေးရွာ အနီးတွင် အသတ်ခံခဲ့ရကြောင်း သိရသည်။

စက်တင်ဘာ ၃၀။ ဧရာဝတီမြစ်ဆုံ တည်ဆောက်ရေး စီမံကိန်းအား လက်ရှိအစိုးရ သက်တမ်းတွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က  ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ယနေ့ သဝဏ်လွှာပေးပို့ ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များမှ နိုင်ငံခြားငွေလဲလှယ်သည့် ကောင်တာများကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းတွင် ယနေ့ စတင် ဖွင့်လှစ်လိုက်ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုငွေနှင့် စင်ကာပူဒေါ်လာများကို တရားဝင် လဲလှယ်ပေးနေကြောင်း သိရသည်။

အောက်တိုဘာ ၅။ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝါထရာ မြန်မာနိုင်ငံသို့ လာရောက်ပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အပါအဝင် ထိပ်တန်း ဝန်ကြီးများနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉။ ယခင် မြေအောက် နိုင်ငံရေး အဖွဲ့အစည်းအဖြစ် လှုပ်ရှားခဲ့သည့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave ဖွဲ့စည်းသည့် ၄ နှစ်မြောက်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်ပွဲကို ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ သီရိမင်္ဂလာရန်အောင် ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အောက်တိုဘာ ၁၂။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် တနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၃၅၉ ဦး လွတ်မြောက်ခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသား နှစ်ရာခန့် ပါဝင်ကြောင်း သိရသည်။

အောက်တိုဘာ ၁၆။ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော မဲခေါင်ဒေသတွင်း (၆) နိုင်ငံ အသက် (၂၁) နှစ်အောက် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက အနိုင်ရ ဗိုလ်စွဲခဲ့သည်။

အောက်တိုဘာ ၁၈။ ကျိုင်းတုံမြို့ အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ (၄၉) နှစ်ပြည့် မွေးနေ့ပွဲကို ရန်ကုန်၊ သမိုင်းလမ်းဆုံ အနီးရှိ မြို့မ ပရိယတ္တိ စာသင်တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

အောက်တိုဘာ ၁၉။ မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ပြင်ဆင်သတ်မှတ်ရေးနှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

အောက်တိုဘာ ၂၀။ မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေကြီးခဲ့ခြင်းကြောင့် မကွေးတိုင်း၊ ပခုက္ကူမြို့တွင် လူ ၁၀ဝ ခန့် ရေထဲမျောပါ ပျောက်ဆုံးခဲ့ပြီး ရွှေချောင်းတလျောက်မှ ရာနှင့်ချီသည့် နေအိမ်များလည်း ရေစီးနှင့် မျောပါသွားကြောင်း သိရသည်။

အောက်တိုဘာ ၂၇။ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာန အရှေ့တွင် လယ်သမား ၅ဝ ခန့်က သိမ်းဆည်းခံထားရသည့် ၎င်းတို့၏ လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့်ရရန် ဆန္ဒပြ တောင်းဆိုကြသည်။

အောက်တိုဘာ ၂၈။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa သည် နိုင်ငံရေးဖြစ်ထွန်းမှု အခြေအနေများကို လေ့လာရန်အတွက်  ၃ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။

အောက်တိုဘာ ၃၀။ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်တို့ ယနေ့ တွေ့ဆုံရာတွင် တိုင်းရင်းသား​ လက်နက်ကိုင်အဖွဲ့များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးကိစ္စနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း ပူးတွဲထုတ်ပြန်သည်။

နိုဝင်ဘာ ၂။ မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်ကို မူဝါဒများ ချမှတ်ရာ၌ ပူးပေါင်းဆောင်ရွက်မည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏  သီတင်းပတ် နှစ်ပတ်ခန့်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၄။ တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ)နှင့် အစိုး​ရတို့​ အပစ်အခတ် ရပ်စဲရေး​ သ​ဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၉။ ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့သို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံမှ အစ္စလမ်ဘာသာဝင် (၁၀၀၀) နီးပါးမှာ လေကြောင်းလိုင်း အခက်အခဲကြောင့်ရန်ကုန်လေဆိပ်တွင် တစ်ရက်တာ နေထိုင်ခဲ့ရပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

နိုဝင်ဘာ ၁၃။ ရန်ကုန် – မန္တလေး ၈ လမ်းသွား ကားလမ်းပေါ်တွင် ရန်ကုန်မှ  မန္တလေးသို့ သွားသည့် ခရီးသည်တင် ကားတစ်စီး တံတားဦးမြို့အဝင်တွင် တိမ်းမှောက်သွားသဖြင့် ခရီးသည် (၉) ဦးသေဆုံးပြီး (၂၅) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ နေထိုင်သည့်အိမ်တွင်  ဗုံးပေါက်ကွဲမှုကြောင့်  လူ (၁၀) ဦးသေဆုံးပြီး (၂၃) ဦး ဒဏ်ရာရရှိကာ နေအိမ် (၃) လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

နိုဝင်ဘာ ၁၅။ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးရှိ ဗုဒ္ဓဝင်ပြတိုက်တွင် သံဃာ (၅) ပါးက ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုကြသည်။

နိုဝင်ဘာ ၁၈။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်ပြီး နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၃၀။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာတ်ကမ်းဘဲနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ့စနာတို့ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာသည်။

ဒီဇင်ဘာ ၁။ သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်တို့ ယနေ့နံနက် ၁ဝ နာရီခန့်က သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာ ၂။ မြန်မာနိုင်ငံမှ ယနေ့ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားပြီဖြစ်သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်သည် နေ့လယ်ပိုင်းက နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် အမေရိကန် သံရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၃။ ၂၀၁၅ ဖေဖော်ဝါရီလတွင် နှစ် ၁၀ဝ ပြည့်အထိမ်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က နာမည်ကြီး ဒါရိုက်တာများ၊ သရုပ်ဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒီဇင်ဘာ ၅။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် မြန်မာသမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ (၃) ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိသည်။

ဒီဇင်ဘာ ၆။ မြန်မာနိုင်ငံ စာပေစိစစ်ရေး အနေဖြင့် ဆင်ဆာ ဖြေလျော့မှု ပြုလုပ်သည့် အနေဖြင့် မှုခင်းနှင့် စီးပွားရေးဆိုင်ရာ ဂျာနယ်၊မဂ္ဂဇင်း ၅ဝ ကျော်အား စာပေစိစစ်ရေး တင်ပြရန် မလိုတော့ဘဲ ထုတ်ဝေခွင့်ပြု လိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၁။ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ကျေးရွာပေါင်း (၁၉)ရွာ ပြောင်းရွှေ့ရမည်ဖြစ်ရာ မပြောင်းရွှေ့လိုကြောင်းနှင့် စီမံကိန်းကြောင့် ထိခိုက်ရသူများအား နစ်နာကြေး မပေးသည့်အတွက် ထိခိုက်နစ်နာသူများက ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၁၉။ မြန်မာနိုင်ငံ၏ မြို့တော်သစ် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယနေ့ ဖွင့်လှစ်ခဲ့သည်။

ဒီဇင်ဘာ ၂၀။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ကြသည်။

ဒီဇင်ဘာ ၂၃။ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပေးဆောင်နေရသည့် ဝင်ငွေခွန်များကို လာမည့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ကင်းလွတ်ခွင့်ပြုကြောင်း​ ​မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ဒီဇင်ဘာ ၂၄။ ပြည်တွင်း ပုဂ္ဂလိကဘဏ်လေးခုကို ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့မှ ပြည်တွင်းသို့ ငွေလွှဲလုပ်ကိုင်ခွင့်ကို ဗဟိုဘဏ်က ချထားပေးလိုက်ကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖော်ပြသည်။
ဒီဇင်ဘာ ၂၅။ အိမ်ခြေပေါင်း (၁၂၄) အိမ် လောင်ကျွမ်းပြီး ခန့်မှန်း ကာလတန်ဖိုး ကျပ် ၉၃ဝ သိန်းကျော် ဆုံးရှုံးကာ လူဦးရေ (၉၉၃) ဦး အိုးအိမ်မဲ့ရသည့် မီးလောင်မှုတစ်ခု မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် ဖြစ်ပွားခဲ့သည်။

 

ဒီဇင်ဘာ ၂၉။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်တွင် နံနက် ၂ နာရီ ဝန်းကျင်က မီးလောင်ပေါက်ကွဲမှုကြီး ဖြစ်ပွားရာ လူပေါင်း (၁၇) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၉၀) နီးပါးရှိကာ (၁၀၃၈) ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဒီဇင်ဘာ ၃၀။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဂီတဖျော်ဖြေပွဲကြီး တစ်ပွဲဖြစ်သည့် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေရေး ပွဲတော်ကို မရမ်းကုန်းမြို့နယ်၊ မြန်မာကွန်ဗင့်ရှင်းစင်တာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူး၍ ကျင်းပခဲ့ပါသည်။

10 comments

  • ဆူး

    January 1, 2012 at 2:17 pm

    ၁နှစ်တာ အတွင်း တော်တော် များတဲ့ ကိစ္စတွေ ဖြစ်ခဲ့တာပဲ။

  • Zaw Wonna

    January 1, 2012 at 2:27 pm

    ဒီနှစ်ကိုက မြန်မာပြည်မှာ ထူးခြားတဲ့ အပြောင်းအလဲတွေနဲ့ သမိုင်းတွင်မယ့် နှစ်တစ်နှစ်လို့ ပြောလို့ရမယ် ထင်တယ်။

  • kai

    January 1, 2012 at 5:47 pm

    လေ့လာကြည့်ရတာ.. ၂၀၁၁က အရှိန်ယူတာဆိုတဲ့.. သဘောပဲရှိသေးတယ်..။
    ၂၀၁၂ က.. လှုပ်လှုပ်ရှားရှား …. ပိုများမယ်ယူဆမိပါတယ်..။

    • Zaw Wonna

      January 1, 2012 at 10:39 pm

      ဟုတ်ပါတယ်ခင်ဗျာ။ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ စီးပွားရေးပိတ်ဆို့မှု၊ NLD ရွေးကောက်ပွဲ ရလာဒ်၊ လွှတ်တော်တွင်း အားပြိုင်မှု၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းနဲ့ တရားဝင်ကိုင်ဆောင်ခွင့်၊ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပုဂ္ဂလိကသတင်းစာ၊ ပြည်ပရောက် အတိုက်အခံ အင်အားစုများရဲ့ ရပ်တည်ချက် အပြောင်းအလဲ၊ အာဆီယံ နိုင်ငံများနဲ့ တရုတ်နိုင်ငံတို့ရဲ့ မြန်မာပြည်စားကျက်လုပွဲ၊ ရက်ဘတ်တလာလို စီးပွားရေးသမားများရဲ့ အသင်းအပြောင်းအရွှေ့၊ လာဘ်ပေးလာဘ်ယူကိစ္စ၊ ခြစားခြင်း၊ ဗျူရိုကရေစီ အရိုးစွဲ အရာရှိများနဲ့ ကြိုးနီစနစ်။
      အင်း … အမျိုးမျိုးအဖုံဖုံ စုံလင်စွာ တွေ့ရဦးမယ် ထင်ပါရဲ့ဗျာ …။ ဘာပဲဖြစ်ဖြစ် ကောင်းသောနှစ်သစ် ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

  • manawphyulay

    January 1, 2012 at 5:59 pm

    တစ်နှစ်လုံးကို အကောင်းနဲ့ အဆိုး ခွဲခြားလိုက်ရင် ဘယ်ဟာ ပိုများနေသလဲဆိုတာ စဉ်းစားမိတယ်…

  • nature

    January 1, 2012 at 6:12 pm

    တော်တော်လေးအပင်ပန်းခံပြီး ပြည့်စုံအောင်ရေးထားတဲ့အတွက် ချီးကြူးပါတယ်။ အားပေးနေပါတယ်။

  • မှော်ဆရာ

    January 1, 2012 at 6:43 pm

    သမိုင်းဝင်မယ့် ပိုစ့်တစ်ခုပါပဲ …
    ကျေးဇူူးပါ ..။

  • water-melon

    January 1, 2012 at 7:03 pm

    ဖတ်သွားတယ်နော့။ ဒါနဲ့ဂျာနယ် သတင်းထောက်လားဟင် 😀

  • Thel Nu Aye

    January 1, 2012 at 9:49 pm

    တော်တော်လေးစုံပါတယ်။ မှတ်တမ်းလေးအတွက်ကျေးဇူးပါ။ ကူးထားလိုက်ပါတယ်။ တခုတော့ကျန်ခဲ့တယ်။ နဲနဲဖြည့်လိုက်မယ်။ ဒီဇင်ဘာ 30 မှာ စိန်အောဂတ်စတင်းမီးလောက်ပါတယ်။ အဲဒါလေးကျန်ခဲ့လို့ပါ။

  • ငပေါက်ဖော်

    January 1, 2012 at 11:01 pm

    2011 မှာ အရှိန်ယူပြီး
    2012 မှာကောင်းကောင်းလေး ပြေးနိုင်မယ်လို ့မျှော်လင့်မိပါတယ်
    ကောင်းတဲ့အရှိန်တွေလို ့လဲ မြင်ပါတယ်ခင်ည

Leave a Reply