မနက် အပျော် ညနေ ပျောက်

ကထူးဆန္းJanuary 1, 20121min14415

၁-၁-၂၀၁၂ ။ နံနက် ၁ဝ နာရီ ၁၅ မိနစ်။

နှစ်သစ်ကူးနေ့ ၊၊
တနင်္ဂနွေနေ့ဖြစ်နေလို့ ပြည်လမ်းမမှာ ကား အတော်အတန်ရှင်းနေပါသည်။ မြန်မာ့ အသံကျော်ပြီး ဟံသာဝတီ အဝိုင်း အရောက်တွင်တော့ မျက်စိပြူးကျယ်သွားသည် ။ မထင်မှတ်သော မြင်ကွင်းတစ်ခု။ ကြော်ငြာဆိုင်းဘုတ်။ သာမန်ကြည့်လျှင်တော့ မထူးခြားသော ကြော်ငြာ ဆိုင်းဘုတ် တစ်ခုသာ ဖြစ်ကောင်းဖြစ်မည် ။
သို့သော် .. ရင်တွင်းသို့ နက်နက်ရှိုင်းရှိုင်းစီးဝင်သွားသည် ။

Freedom ဆိုသည့်စာလုံး အနီကြီး။ ဒေါ်အောင်ဆန်းစုကြည် ပုံနှင့် ။ ဟုတ်သည် ။
ဒေါ်အောင်ဆန်းစုကြည်၏ လက်ရေးဟု ယူဆမိသည့် စာသား ” Free Art , Free thought , Freedom ”
ကြော်ငြာထားသည်ကတော့ “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်”

ဤကဲ့သို့ ကြော်ငြာမျိုးသည် ကျော်လွန်ခဲ့သော နှစ်များတွင် မြင်တွေ့ရရန် ဆို သည် မှာ မဖြစ်နိုင်။ ဒီလောက်မြန်မြန်ဆန်ဆန်မြင်တွေ့ ရမည်ဟုလည်း မမျှော်လင့်ခဲ့။
ယခု မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။
ကြော်ငြာ ဆိုင်းဘုတ် တစ်ခု ဖြစ်ပင်ဖြစ်ညားသော်လည်း
မျှော်လင့်ချက်ရောင်ခြည်များ အပြည့်အဝ ထွန်းလင်းလာသလိုခံစားလိုက်ရသည်။
သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည ်တို့၏ နှစ်သစ်ကူးလက်ဆောင် အဖြစ် ရရှိ ခံစားမိလိုက်ပါသည်။
ဤဆိုင်းဘုတ်ကို ထောင်ခွင့် ပြုခဲ့သည့် လွတ်လွပ်မူ့ မှသည် …………..
၂၀၁၂ သည် ကောင်းသော လာခြင်းဖြစ်နေ ပြီဟု …………………

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဤအပျော် အား ရေးပြီး တင် ရန်ကြိုးစားသော်လည်း မည်ကဲ့သို့ ဖြစ်သည်မသိ။ ကွန်နက်ရှင် လွန်စွာနှေးနေသော ကြောင့် တင်မရ ပါ။ အနီး အနားမှ ဆိုင် သုံးဆိုင် သွားရျ် ကြိုးစား ကြည့်သေးသည် ။ မရ ။ နောက်ဆုံး နောက်နေ့ မှတင်တော့မည် ဆုံးဖြတ်ရျွ် ပြန်လာခဲ့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၁-၁-၂၀၁၂ ညနေ ၄ နာရီ ၄ဝ မိနစ်

ဟံသာဝတီ အဝိုင်းနားရောက်တော့ ဆိုင်းဘုတ် ကို ပြန် ကြည့်မိသည် ။ ထိတ်ကနဲ ဖြစ်သါွးသည်။ ဆိုင်းဘုတ်ရှေ့ မှာ ကရိန်းကား တစ်စီး ၊ အထက်ပါ ကြော်ငြာ အား ပြန်ဖြုတ် နေသည် ကို တွေ့လိုက်ရသည် ။ သေချာအောင် ရပ်ရျ်ကြည့်နေမိသည် ။ မကြာမီ ကရိန်းကားက ဖြုတ်ပြီးသွားရျ် ပြန်ထွက်သွားသည်။

ယာယီ ဆိုင်းဘုတ် ဖြစ်သောကြောင့် ဆိုင်းဘုတ် သစ်သားတိုင်များသည် အရိုးပြိုင်းပြိုင်းထ နေသည့် အလား ကျန်ခဲ့သည် ။ ကျွန်တော့ ရင်ထဲမှာ လည်း မနက် ကနှင့်ဆန့်ကျင်ဘက် ။

မနက်က အပျော်များသည် ဘယ်ဆီရောက်သွားမှန်းမသိ။ စိတ်မကောင်းကြီးစွာ ဖြစ်မိသည်။
အရိုးပြိုင်းပြိုင်း ကျန်ခဲ့သော ဆိုင်းဘုတ် ဒေါက်တိုင်များကိုတော့ ရိုက်ပြချင်စိတ်မရှိတော့။
ရင်မှာ မောကာ ကျန်ရစ်သည် ။

15 comments

  • comegyi

    January 1, 2012 at 7:55 pm

    မှတ်တမ်း ဓါတ်ပုံလေး
    ရိုက်လိုက်ရတာ
    တော်သေးတယ်ပြောရမလား
    ဒင်းတို့တွေက
    ခုတစ်မျိုး
    တော်ကြာတစ်မျိုး
    သိပ် ကဒီးကဒီး လုပ်တယ်နော်…..

  • windtalker

    January 1, 2012 at 8:00 pm

    တရားသဘော နဲ ့ဘဲ
    မှတ်လိုက်ပါ ကိုထူးဆန်းရေ
    ကိုယ့်အတွက် ကုသိုလ် ရအောင်

  • တောတွင်းပျော်

    January 1, 2012 at 8:06 pm

    ကျုပ်တို ့ရဲ ့ FREEDOM က ဓါတ်ပုံမှတ်တမ်းလေးအဖြစ်နဲ ့ပဲ
    ကျန်ရစ်ခဲ ့ပါပကော ကို htoosan ရဲ ့………..

  • aye.kk

    January 1, 2012 at 8:17 pm

    ဪ..မောင်လေးရေ..
    နှစ်သစ်ရက်မြတ်မင်္ဂလာမှာ..
    အာဃာတတရားတွေဘာလို့များ..
    မစွန့်လွတ်နိုင်သေးတာလဲမသိဘူးနော်..
    တော်တော်လေးကိုတရားကျစရာကောင်းလှပါတယ်လို့သာပြောလိုက်ချင်ပါတော့တယ်ကွယ်..။

  • memeseku

    January 1, 2012 at 8:22 pm

    မြန်မာနိုင်ငံမှာဥပဒေ၂မျိုးပဲရှိတယ်….
    အခုတမျိုး…….
    တော်ကြာတမျိုး……

  • water-melon

    January 1, 2012 at 8:27 pm

    ဒီမိုကရေစီလဲရပါပြီ
    သူတို့ ဘာကို မနာလိုနေတာလဲ
    ပြည်သူလူထူကိုလား ❓

  • Thel Nu Aye

    January 1, 2012 at 9:00 pm

    မှားနေပါတယ်။ လွတ်လပ်ခွင့်မရှိလို့ဖြုတ်တာမဟုတ်ပါဘူး။ ဒီနေ့ညနေ ၆ နာရီကကျင်းပပြီးစီးသွားတာ မို့ဖြစ်မှာပါ။ အဲဒီလွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်ကဒီနေ့ကျင်းပတာပါ။

  • Khin Latt

    January 1, 2012 at 9:14 pm

    ကိုထူးဆန်း ရေ ဓာတ်ပုံလေး အတွက် ကျေးဇူးပါ။
    အဲဒီ ပုံလေး က သမိုင်းဝင်ပေါ့။
    သဲနု ရေ update သတင်း အတွက် ကျေးဇူးပါ။ အဲဒါကြောင့်ဘဲ နေမှာပါ။
    နှစ်သစ်မှာ ရွှင်လန်းကြပါစေ။

  • ငပေါက်ဖော်

    January 1, 2012 at 10:25 pm

    ကဲ..ကဲ…
    အပျော်တွေမပျောက်နဲ ့တော့
    ဒေါ်သဲနုအေးပြောသလိုပါပဲခင်ည..

    နာပေါမယ် စိတ်မညစ်နဲ ့ခုထ.က ..အို ့.ရို ့..

  • htoosan

    January 1, 2012 at 11:33 pm

    လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၁ ရက်နေ့ညနေ ၃ နာရီတွင် တော်ဝင်စင်တာခုနစ်ထပ်၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်မှ ၃ရက်နေ့အထိ တော်ဝင် စင်တာရှိ ရုပ်ရှင်ရုံသုံးရုံတွင် ဇာတ်ကား ၅၃ကားအား ရွေးချယ်ပြသမည် ဖြစ်သည်။ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ ညနေ ၆နာရီတွင် ဆုပေးပွဲအခမ်းအနားအား ပြုလုပ်သွားမည်ဖြစ်ပြီး အကောင်းဆုံး short film ဆု၊ အကောင်းဆုံး documentary ဆု၊ ပရိသတ်အကြိုက်ဆုံးဆုနှင့် Young Talented ဆုတို့ကို ပေးအပ်ချီးမြှင့်သွားမည်ဟု သိရှိရသည်။
    source:
    http://www.11-media.com/index.php?option=com_content&view=article&id=11702:2011-12-28-09-46-15&catid=61:local&Itemid=133

  • ခုလိုမျိုး အဓိပ္ပာယ်ရှိတဲ့ပွဲကို ကြေညာထားတဲ့ အမေစုပုံပါနေတဲ့ ဘုတ်ကိုဖြုတ်တယ်ဆိုတော့….
    အင်းဗျာ ကောင်မလေးတွေသရုပ်ပျက်အဝတ်အစားတွေနဲ ့ဘုတ်တွေကျတော့ ခွေးမျိုးတွေက
    ဇိမ်ခံကြည့်ကောင်းနေတယ်ထင်တယ်။

  • htoosan

    January 2, 2012 at 12:14 am

    သဲနုအေးရေ . ကျေးဇူးတင်ပါတယ် ။ သဲနုအေး ပြော သလို ဖြစ်ပါစေ ဆုတောင်းချင်ပေမဲ့ ကြော်ငြာ
    အောက်မှာ . ၃၁ ဒီဇင်ဘာ ၂၀၁၁- ၄ ဇန်နဝါရီ ၂၀၁၂ ၊ တော်ဝင်စင်တာ ပါနေတော့ ????????????
    သဲနုအေးပြောသလို ၆နာရီက ကျင်းပပြီးစီးသွားတယ်ဆိုရင်လည်း ??????????

  • Thel Nu Aye

    January 2, 2012 at 6:55 am

    ဟုတ်ကဲ့ကိုထူးဆန်းရေ။ ကျွန်မ အင်ဖော်မေးရှင်းလိုသွားရင်လဲခွင့်လွှတ်ပါ။ သတင်းအတွက်ကျေးဇူးပါ။ ဒါပေမဲ့လဲဒီတခုထဲနဲ့တော့ အဆုံးထိဆုံးမဖြတ်စေချင်ပါဘူး။ အကြောင်းရှိမှာပါ။ ဒီလိုပြောတာသူတို့ကိုသိပ်ချစ် လို့တော့မဟုတ်ပါဘူး။ သူတို့ခွင့်မပြုချင်ဘူးဆိုရင်ဆိုင်းဘုတ်ဖြုတ်မှာမဟုတ်ပါဘူး။ ရုပ်ရှင်ပွဲတော်ကိုခွင့်မပြု မှာပါ။ ဒါပေမဲ့အဓိကရုပ်ရှင်ပွဲတော်တောင်ခွင့်ပြုထားတာပဲရှင်။ ဒါလေးတော့မသိချင်ယောင်ဆောင် လိုက်ရအောင်လား။

  • MaMa

    January 2, 2012 at 7:51 am

    ကိုထူးဆန်းရေ- ဝမ်းသာရမှာလား။ ဝမ်းနည်းရမှာလား လို့သာ ပြောလိုက်ချင်ပါတော့တယ်။
    အနည်းငယ်တော့ ပိုကောင်းလာတယ် ပြောနိုင်တာမို့ ကောင်းတဲ့ဖက်ကပဲ ဖြည့်တွေးလေး တွေးကြည့်ပြီး ၂၀၁၂ ကို ဝမ်းသာပျော်ရွှင်စွာပဲ ကြိုဆိုလိုက်ကြပါစို့။

  • htoosan

    January 2, 2012 at 1:17 pm

    သဘောထား တင်းမာသူမျုားနှင့် ပျော့ပြောင်းသူများ အကြားမြင်သာတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
    ဆိုင်းဘုတ်ထောင်ရန်အတွက် က စည်ပင်မှာ ပုံပြပြီး ခွင့်ပြုချက်ရမှ ထောင်ခွင့် ရှိတာပါ။
    စည်ပင် က ခွင့်ပြုခဲ့ ပြီး အုပ်ချုပ်ရေးဘက်က ခွင့်မပြုခဲ့တာလား ..
    ဘာဘဲပြောပြော မမ တို့ပြောသလို သတင်းစာတွေမှာ ပို လို ရေးသားခွင့် တွေတော့ ရှိလာတာမြင်တွေ့နေရပါတယ်။

Leave a Reply