မင်္ဂလာဈေးမီးလောင်မှုနှင့်နောက်ဆက်တွဲဖြစ် ပေါ်လာသည့်ဈေးကွက်အခြေအနေ

၂၄-၅-၂၀၁ဝ နံနက် ၈နာရီဝန်းကျင်အချိန်တွင်စတင်လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေးမီးသည် နောက်တစ်နေ့ ညနေပိုင်းရောက်မှသာမီးငြိမ်းသွားခဲ့ရပြီး ယင်းဈေးမီးလောင်ကျွမ်းခဲ့ရာ အဓိကအားဖြင့် ရန်ကုန်မြို့နှင့်အနီးပတ်ဝန်းကျင်ဒေသများ၏ဈေးကွက်ကိုထိခိုက်နိုင်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ပါ အားထားရသည့် ကုန်စည်များ ရောင်းဝယ်ဖြန့်ဖြူးရာ အချက်အချာကျသည့်နေရာလည်း ဖြစ်သည့်အတွက် ကုန်စည် စီးဆင်းမှုတွင် များစွာထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် ဆေးဝါးဈေးကွက်ကို ထိခိုက်မှုကြုံတွေနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ထိုသို့အားထားရသည့် ဈေးကြီးတစ်ခုမီးလောင်ကျွမ်းခဲ့သည်နှင့်ပတ်သက်၍ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အခြေအနေများနှင့် စပ်လျဉ်း၍ “မင်္ဂလာဈေးဆိုတာက အခြေခံလူတန်းစားတွေအတွက် အဓိကကုန်စည်ဖြန့်ဖြူးရာနေရာလို့ လည်းပြောလို့ရသလို လူတန်းစားပေါင်းစုံအတွက် လိုအပ်ချက်ရှိတဲ့ အဓိကကုန်စည်တွေကို ဖြန့်ဖြူးပေးရာနေရာတစ်ခုဖြစ်တယ်။ အဲဒီအတွက်နောက်ပိုင်းမှာဖြစ်လာမယ့်ပြဿနာတွေက အဲကုန်စည်တွေ ဈေးကွက်ပျောက်သွားသလိုဖြစ်ပြီး ကုန်ဈေးနှုန်းကလိုက်လာမှာစိုးရိမ်ရတယ်။ ချက်ချင်းလည်း အဲဒီဟာကွက်ကို ဘယ်လိုမှ ဖြည့်နိုင်မှာမဟုတ်ဘူး။ အမြန်ဆုံးစီစဉ်ရင်တောင်မှ တစ်လနှစ်လလောက်တော့အနည်းဆုံးကြာနိုင်တယ်။ အဲဒီအတွက် စိုးရိမ်တာက သူ့ဆီကဖြန့်ဖြူးနေရတဲ့ ကုန်စည်တွေ အထူးသဖြင့် အလှကုန်ပစ္စည်းနဲ့ ဆေးဝါးပေါ့။ အဲဒါတွေဈေးမြောက်သွားမှာ စိုးရိမ်ရတယ်။ အခြေအနေကတော့ တမျိုးပြောင်းလဲသွားလိမ့်မယ်´´ဟု ဈေးကွက်နှင့်ပတ်သက် ၍ လေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

မင်္ဂလာဈေးတွင် ဆိုင်ခန်းဖွင့်ရောင်းချနေသူများအပြင် ၎င်းတို့ကို မှီခိုလုပ်ကိုင်နေရသည့် လက်လုပ်လက်စားအလုပ်သမားများလည်း အများအပြားရှိရာ ယင်းကိစ္စနှင့်ပတ်သက်၍ “မင်္ဂလာဈေးဆိုတာက တကယ့်ကိုကုန်စည်ပစ္စည်းတွေ အများအပြားဖြန့်ဖြူးနေတဲ့ နေရာ၊ ဈေးဆိုတာထက် ကုန်တိုက်သဘောမျိုးကိုဖြစ်နေတာ။ အဲဒီမှာ နေ့စဉ်ကုန်စည်သယ်ယူပို့ဆောင်ဖို့အတွက် အလုပ်သမားအများအပြားကို ဆိုင်ပိုင်ရှင်တွေက လစာပေးပြီး ဝန်ထမ်းသဘောမျိုးထားတာရှိသလို အလွတ်တန်းအနေနဲ့ နေ့စဉ်လာရောက်ပြီး ကုန်စည်တွေကို ထမ်းပိုးပေးနေတဲ့ လက်လုပ်လက်စားအလုပ်သမားတွေလည်း အများအပြားရှိနေတယ်။ အခုလို အားထားရတဲ့ဈေးကြီးမီးလောင်သွားတယ်ဆိုတော့ ဘာပဲပြောပြောလတ်တလောမှာတော့ အဲဒီဈေးကို မှီခိုနေရသူတွေ အခက်အခဲနဲ့ကြုံကြရမှာပဲ။ သူတို့အတွက် နောက်တစ်နေ့ဆိုတာ သိပ်ပြီးမလွယ်ကူဘူး။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့သူကများတယ်လေ။ အဲဒါမျိုးတွေကို အရင်ဆုံးပြေလည်သွား အောင်ဖြေရှင်းပေးဖို့လိုတယ်´´ ဟု မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီးနောက်ဆက်တွဲဖြစ်ပေါ် လာမည့်အခြေအနေများကိုလည်း ၎င်းကထပ်မံသုံးသပ်ပြောကြားသည်။

ယင်းဈေးကြီးမီးလောင်ကျွမ်းခဲ့ရပြီးနောက် သုံးလေးရက်ခန့်အကြာတွင် ဈေးကွက်အနေအထား သည် ဗိုလ်ချုပ်အောင်ဆန်းဈေးဘက်သို့ ရွေ့လျားလာကြောင်း၊ ဗိုလ်ချုပ်ဈေးရှိ ဆေးဝါးဖြန့်ဖြူးရာနေရာများတွင် မင်္ဂလာဈေးမီးလောင်ကျွမ်းပြီးနောက်တစ်နေ့မှစတင်၍ ဆေးဝါးလက်ကားလာရောက်ဝယ်ယူသူများဖြင့် စည်ကားခဲ့ကြောင်း၊ အချို့ဆိုင်များမှာ ဆက်လက်ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်သိမ်းလိုက်ရသည့်အခြေအနေထိဖြစ်ခဲ့ကြောင်း၊ မြို့နယ်၊ ရပ်ကွက်အချို့ရှိဆေးဆိုင်များသည်ပင် ဈေးနှုန်းပြောင်းလဲမှုကို စောင့်ကြည့်သည့် အနေဖြင့် ဆိုင်များကို ဖွင့်လှစ်ခြင်းမပြုပဲ ပိတ်သိမ်းထားသည်များရှိကြောင်း၊ ၂၉ ရက်နေ့တွင်မူ ဗိုလ်ချုပ်ဈေးဆေးဝါးဈေးကွက်အနေအထားမှာ ပုံမှန်အခြေအနေ သို့ပြန်ရောက်သည့် အနေအထားရှိသော်လည်း ဈေးနှုန်းများအနည်း ငယ်မြင့်တက်မှုများရှိခဲ့ကြောင်း သိရသည်။

“အရင်တုန်းက မင်္ဂလာဈေးမှာပဲ ဝယ်နေကျပါ။ ခုလိုရုတ်တရက်ကြီးဖြစ်သွားတော့ ဆိုင်မှာကလည်း ပစ္စည်းက ပြတ်သလောက်ဖြစ်နေတာဆိုတော့ ဘယ်မှာရနိုင်မလဲဆိုပြီးစဉ်းစား တယ်။ အဖြစ်နိုင်ဆုံးကတော့ ဆေးဝါးပစ္စည်းကို မင်္ဂလာဈေးပြီးရင် အများဆုံးဖြန့်ဖြူးနေတာက ဗိုလ်ချုပ်ဈေးဆိုတော့ အဲကိုပဲသွားရတယ်။ မင်္ဂလာဈေးမီးလောင်ပြီးနောက်တစ်နေ့မှာပဲ ကျွန်တော်ရောက်ခဲ့တာ။ မင်္ဂလာဈေးမှာကတော့ ကိုယ့်ဖောက်သည်နဲ့ကိုယ်ရှိပြီးသား ခုလိုရုတ်တရက်ဖြစ်သွားတာဆိုတော့ အဆင်ပြေရာကိုပဲရွေးပြီးလုပ်ရတာပေါ့။ အဲနေ့ကဆိုတော်တော်ဒုက္ခရောက်တယ်။ ဘယ်လိုဝယ်လို့ဝယ်ရမှန်းကိုမသိတာ။ လူကလည်းအရမ်းများတယ်။ တချို့ဆိုင်တွေကဆိုရင် မရောင်းကြဘူး။ ဒီနေ့မှာတော့ ပုံမှန်အနေအထားလောက်ဖြစ်သွားပြီ။ ဒါပေမယ့် ဈေးနှုန်းကတော့ နည်းနည်း တက်သွားတယ်´´ ဟု ယခင်က မင်္ဂလာဈေးတွင် ပုံမှန်ဝယ်ယူ၍ မိမိ၏ မြို့နယ်တွင် ဆိုင်ခန်းဖွင့်ကာ ပြန်လည်ရောင်းချသူတစ်ဦးက သူကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် ဈေးကွက်အခြေအနေကို ပြောပြသည်။

မင်္ဂလာဈေး မီးလောင်ကျွမ်းခဲ့ရမှုကြောင့် ဗိုလ်ချုပ်ဈေးတွင် ဆေးဝါးဈေးကွက်ပြောင်းလဲသွား သည့်အခြေအနေအပြင် ဆိုင်ခန်းဈေးများလည်း ပြောင်းလဲသွားကြောင်းသိရသည်။ ယခင်က ဆိုင်ခန်းဈေးများထက် ယခုအခါတွင် ဗိုလ်ချုပ်ဈေးရှိဆိုင်ခန်းဈေးများမှာအနည်းဆုံးတစ်ဆမှ နှစ်ဆအထိ ဈေးနှုန်းပြောင်းလည်းမြင့်တက်သွားကြောင်းသိရသည်။ (သတင်းလူသား)